CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၅

ချယ်လ်ဆီးအသင်း နည်းပြသစ် ဖြစ်လာမယ့် ပိုချက်တီနိုဟာ ၃ နှစ် စာချုပ်ချုပ်ဆိုဖို့နဲ့ လာမယ့်ရာသီ အပြောင်း အရွှေ့ အစီအစဉ်ကို စတင်နိုင်ဖို့အတွက် အခုရက်သတ္တပတ်ထဲ လန်ဒန်ကို လာရောက်မယ်လို့ သိရပါတယ်။

အာဂျင်တီးနား လူမျိုးနည်းပြဟာ စပါးအသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ပထမဆုံး အဖြစ် လန်ဒန်ကို လာရောက်မှာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ မကြာသေးခင်က ချယ်လ်ဆီးအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ အပြည့်အဝ သဘော တူညီမှု ရရှိခဲ့တာဖြစ်ပြီး အခုရက်သတ္တပတ်ထဲ ဘာစီလိုနာမြို့ကနေ ထွက်ခွာကာ အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင် ကြေညာခြင်းခံရမှာ ဖြစ်တယ်လို့ The Times က ဖော်ပြထားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ကနဦး ၃ နှစ် စာချုပ်ချုပ်ဆိုမယ့် ပိုချက်တီနိုဟာ လန်ဒန်ကလပ် အသင်းထံ သူ့ရဲ့ နည်းပြ အဖွဲ့ဝင် ၄ ဦး ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ အသင်းနဲ့ ပတ်သက်ပြီး ယာယီနည်းပြ ဖရန့်လမ်းပတ်နဲ့ ဆွေးနွေးမှုတွေ မပြုလုပ်ရသေးပေမယ့် နောက်ပိုင်းမှာ အာဂျင်တီးနားလူမျိုးက ချဉ်းကပ်မယ်ဆိုရင် ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် အပြောင်းအရွှေ့မှာ အသင်းလူစာရင်းကို လျှော့ဖို့အတွက် ကစားသမားတချို့ကို ရောင်းချသွားဖို့ ရှိနေပါတယ်။

ပိုချက်တီနိုကို တွေ့ရစဉ်

နည်းပြသစ် ဖြစ်လာမယ့် ပိုချက်တီနိုဟာ ဂိုးသမားတစ်ဦး အပါအဝင် ခေါ်ယူမယ့် ကစားသမားတွေကို အခု ကတည်းက စာရင်းပြုစုထားပြီး အသင်းတာဝန်ရှိတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ လာမယ့် နွေရာသီမှာ အင်တာမီလန်ကနေ ပြန်ရောက်လာမယ့် တိုက်စစ်မှူး လူကာကူနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို အသင်းမှာထားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ၂ ဂိုးစီ သရေကျပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal