CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ၅ ကြိမ်မြောက်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၃ ခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တာမှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ရှမ်းယူနိုက်တက်အသင်းဟာ အခုနှစ်မတိုင်ခင် ၂၀၁၇၊၂၀၁၉၊၂၀၂၀နဲ့ ၂၀၂၂ ခုနှစ်တွေမှာလည်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် အခုတစ်ကြိမ်ဟာ သူတို့အတွက် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ၅ ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုကို ၄ ကြိမ်ဆက်တိုက်ရရှိတဲ့ ပထမဆုံး အသင်းအဖြစ်လည်း စံချိန်မှတ်တမ်းတင်နိုင်ခဲ့တာပါ။ ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိချန်ပီယံဆုကို ၂၀၁၉ နဲ့ ၂၀၂၂ ပြိုင်ပွဲတွေမှာလည်း ရယူနိုင်ခဲ့တာကြောင့် အခုတစ်ကြိမ်ဟာ သူတို့အတွက် ၃ ကြိမ်မြောက် ရှုံးပွဲမရှိချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်းတိုက်စစ်မှူး ဘယ်လိုက ၁၃ ဂိုးနဲ့ ရရှိခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးဟန်ဝင်းအောင်ကတော့ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ဒီနေရာကနေ ကျေးဇူးတင်တယ်လို့ပြောချင်ပြီး လာမယ့်နှစ်မှာတော့ ပြိုင်ပွဲ ၃ ပွဲကစားရမှာဖြစ်လို့ သေချာပြင်ဆင်ဖို့ လိုတယ်လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းနောက်ခံလူ နန္ဒကျော်က ဘယ်အသင်းမှ မရယူဖူးတဲ့ ၄ နှစ် ဆက်တိုက်ချန်ပီယံဆုကိုရခဲ့တဲ့အတွက် အလွန်ထူးခြားပါတယ်လို့ ပြောခဲ့တာပါ။

၂၀၂၃ ခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်းက ဒုတိယ၊ ဟံသာဝတီယူနိုက်တက် က တတိယ၊ ISPE က စတုတ္တနဲ့ ဒဂုံစတားက ပဉ္စမနေရာမှာ ရပ်တည်ခဲ့ပြီး အောက်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့ GFA နဲ့ ကချင်ယူနိုက်တက်အသင်းတို့ဟာ လာမယ့်နှစ် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲကို တန်းဆင်းပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။