CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈

ဩစတြေးလျအစိုးရဟာ ရှမ်းယူနိုက်တက်အသင်းက ကစားသမားတွေကို ဗီဇာခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက် မက်အာသာနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ AFC Cup ပွဲစဉ်ကို ကြားကွင်းဖြစ်တဲ့ ဘန်ကောက်မှာ ကျင်းပသွားမယ်လို့ သြစတြေးလျဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“အခုလိုကြားကွင်းမှာပြောင်းရွှေ့ပြီးကျင်းပမှာက သြစတြေးလျအစိုးရဟာ ရှမ်းယူနိုက်တက်အသင်းရဲ့ ကစားသမားတွေနဲ့ တာဝန်ရှိသူတွေကို သြစတြေးလျ ဗီဇာ ထုတ်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့်ပါ။ အဲ့ဒါကြောင့် ဒီပွဲကို သြစတြေးလျမြေမှာ ကစားဖို့ အလားအလာမရှိဘူး”လို့ သြစတြေးလျဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

သြစတြေးလျကလပ် မက်အာသာအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန်မှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲကစားခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့ရဲ့ ဝေဖန်မှုခံခဲ့ရပါတယ်။ 

ရှမ်းယူနိုက်တက်အသင်းအား တွေ့ရစဉ်

မက်အာသာနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို ကြားကွင်းဖြစ်တဲ့ ဘန်ကောက်ရှိ BG Stadium မှာ ကျင်းပသွားမှာပါ။ 

သြစတြေးလျအစိုးရဟာ လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲကို ခရီးသွားခွင့်တားမြစ်ဖို့ အကြံပြုထားတာဖြစ်ပါတယ်။

မက်အာသာအသင်းဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲကို ပြန်ပြီးမစီစဉ်နိုင်ရင် AFC Cup ပြိုင်ပွဲမှာ သူတို့ရဲ့နေရာကို ဆုံးရှုံးရမှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာ ကျင်းပနိုင်ဖို့ စီစဉ်ခဲ့ရတာပါ။ 

AFC Cup အုပ်စု F ရဲ့ ပွဲစဉ် ၄ ပွဲကစားအပြီးမှာ မက်အာသာအသင်းဟာ ရမှတ် ၉ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မက်အာသာနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ AFC Cup ပွဲစဉ်ကို နိုဝင်ဘာ ၃၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။