CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၉

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ၁ ပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံထားရပေမယ့် ကွင်းဘေးစည်းမှာ ခံစားချက်ပြသတာကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အာတီတာက “ဒါကို ဘယ်လိုရပ်တန့် ရမလဲဆိုတာကို ကျနော်မသိပါဘူး။ အားလုံး ခုန်ပေါက်ပျော်ရွှင်နေကြပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်မှာ ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အခုတော့ အသင်းကို မကြီးကြပ်နိုင်တဲ့အတွက် ကံမကောင်းပေမယ့် တင်းကြပ်တဲ့စည်းမျဉ်းကြောင့် ဒါတွေက ဖြစ်လာတာပါ”လို့ ပြောခဲ့ ပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းက လူတန်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒီကလန်ရိုက်စ် အနိုင် ဂိုးသွင်းယူပြီးနောက် အကြီးအကျယ် အောင်ပွဲခံမှုကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့ အဝါကတ် ပြသတာခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အာတီတာဟာ ဒီရာသီ အဝါကတ် ၃ ကြိမ် ပြသခံရပြီးဖြစ်လို့ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ၁ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာ ဖြစ်တဲ့အတွက် အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ အာဆင်နယ်အသင်းကြီး ကြီးကြပ်နိုင်မှာ မဟုတ်ပါဘူး။

အာဆင်နယ်အသင်းဟာ လူတန်အသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့တာပါ။ အာတီတာဟာ ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ပေမယ့် အောင်ပွဲခံဖို့ အခွင့်အရေးရလာရင်တော့ ထပ်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ဟာ လိုချင်တဲ့အရာကို ရရှိဖို့အတွက် ကစားသမားတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်ချင် ပါတယ်။ ဒါက ပွဲတွေကို အနိုင်ရယူဖို့ အတွက်ဖြစ်ပြီး ဒီလိုအခိုက်အတန့်တွေကို လုပ်ဆောင်ရမှာပါ။ အဝေးကွင်းမှာ လေးစားမှု ရှိရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အခွင့်အရေး ရလာရင်တော့ ကျနော် ခုန်ပေါက်နေဦးမှာ”လို့ ပြော ခဲ့ပါတယ်။

အာတီတာဟာ နိုဝင်ဘာလက နယူးကာဆယ်အသင်းကို အာဆင်နယ်အသင်း အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒိုင်လူကြီး အဖွဲ့ကို ဝေဖန်တဲ့မှတ်ချက်ကြောင့် FA ရဲ့ စွဲချက်တင်ခံထားရပြီး ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Source: BBC