ကမ္ဘာ့တိုက်ကွမ်ဒိုပြိုင်ပွဲမှာ ရုရှားနဲ့ဘယ်လာရုစ် ယှဉ်ပြိုင်ခွင့်ရရှိ

CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၄

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ ကြားနေအလံအောက်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ခွင့်ပြုချက် ရပြီးနောက် လာမယ့်လမှာ ကျင်းပမယ့် ကမ္ဘာ့တိုက်ကွမ်ဒို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အတူ ကမ္ဘာ့တိုက်ကွမ်ဒို အဖွဲ့ချုပ်က ဒီဆုံးဖြတ်ချက်ကို ချခဲ့တာ ပါ။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ရုရှားက ယူကရိန်းကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ပြီးနောက် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ မေလ ၂၉ ရက်က စတင် ကျင်းပတော့မှာပါ။

ကမ္ဘာ့တိုက်ကွမ်ဒို အဖွဲ့ချုပ်ဟာ ယူကရိန်းစစ်ပွဲကို တက်ကြွစွာ ထောက်ခံအားပေးသူ ဒါမှမဟုတ် စစ်တပ်နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ အားကစားသမားတွေကိုတော့ တားမြစ်ပိတ်ပင်ကာ နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ အကြံပေးမှု အတိုင်း လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

ကမ္ဘာ့တိုက်ကွမ်ဒိုပြိုင်ပွဲကိုတွေ့ရစဉ်


“ကမ္ဘာ့တိုက်ကွမ်ဒိုဟာ ယူကရိန်း အားကစားသမားတွေ တိုက်ကွမ်ဒို ပြိုင်ပွဲတွေမှာ ဆက်လက် ပါဝင်နိုင်စေဖို့ အတွက် ပံ့ပိုးပေးမှုတွေ ပြုလုပ်သွားမှာပါ။ ယူကရိန်းရှိ အိုလံပစ် အသိုက်အဝန်းနဲ့အတူ ငြိမ်းချမ်းရေး၊ စည်းလုံး ညီညွတ်ရေးတို့အတွက် ကောင်စီက တောင်းဆိုချက်တွေကို ထပ်ပြီး အတည်ပြုပါတယ်”လို့ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာပါ။

စားပွဲတင် တင်းနစ်၊ ဂျူဒို အပါအဝင် အခြား အားကစားနည်းတွေကလည်း ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား တွေကို ကြားနေအလံအောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။

လာမယ့်နှစ်မှာ ကျင်းပမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲနဲ့ ၂၀၂၆ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲတွေမှာတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ပေးဖို့နဲ့ ပတ်သက်ပြီး နိုင်ငံတကာအိုလံပစ်ကော်မတီက ဆုံးဖြတ်ချက် မချရသေးတာ ဖြစ်ပါတယ်။

ယူကရိန်းကတော့ လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပေးရင် ဒီပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Source: BBC