CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ချယ်လ်ဆီးအသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကြောင့် သူနဲ့သူ့မိသားစုဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ခံနေရတယ်လို့ နည်းပြဖြစ်သူ ဂရေဟမ်ပေါ်တာက ပြောလိုက်ပါတယ်။

ဂရေဟမ်ပေါ်တာက “ကျနော့် အီးမေးလ်ထဲကို သေစေချင်နေတယ်ဆိုတဲ့ စာတွေရောက်ရှိလာခဲ့ပြီး ကောင်းမွန်တဲ့ အရာတွေ မရောက်လာခဲ့ပါဘူး။ဒါတွေကို လက်ခံရတာ အဆင်မပြေပါဘူး၊။အခု ကျနော့်မိသားစုတွေ ဘယ်လို နေထိုင်နေရလဲဆိုတာကို မေးကြည့်လိုက်ပါ။ဒါက လုံးဝ သာယာမနေပါဘူး။ခင်ဗျားအလုပ်သွားတဲ့အချိန်မှာ တစ်စုံ တစ်ယောက်က ဆဲဆိုပြီး စော်ကားနေရင် အဆင်ပြေမှာမဟုတ်ပါဘူး။ဒါကို ဂရုမစိုက်ဘူးလို့ ပြောနိုင်ပေမယ့် ကျနော်လိမ်နေတယ်ဆိုတာ ခင်ဗျားသိပါတယ်” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆောက်သမ်တန်အသင်းနဲ့ ကြားရက်က ချန်ပီယံလိဂ်ပွဲမှာ ဒေါ့မွန်အသင်းတို့ကို အရေးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ၁၄ ပွဲမှာ ၂ ပွဲသာ အနိုင် ရထားတဲ့အထိ ရလဒ်တွေ ဆိုးနေခဲ့တာဖြစ်ပါတယ်။ဂရေဟမ်ပေါ်တာဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ပြီးတဲ့ ၂၅ ပွဲမှာ ၉ ပွဲသာ အနိုင်ရခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖိအားတွေအောက် ကျရောက်နေခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ဂရေဟမ်ပေါ်တာနဲ့ သူ့ရဲ့မိသားစု လိုအပ်တဲ့အရာအားလုံးကို ပံ့ပိုးပေးသွားမှာ ဖြစ်ပေမယ့် ဒါက ကိုယ်ရေးကိုယ်တာကိစ္စလို့ ပြောခဲ့တာဖြစ်ပါတယ်။လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အများအပြားဖြည့်တင်းပေးခဲ့ပေမယ့် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရနေရာနဲ့ ၁၁ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာက “ရလဒ်တွေနဲ့ ပတ်သက်ပြီးဝေဖန်တာကို လက်ခံပါတယ်။ဒါက လွယ်ကူတယ်လို့ ဆိုလိုတာ တော့မဟုတ်ပါဘူး။ခင်ဗျားရဲ့မိသားစုဘ၀ ဒုက္ခရောက်နေတယ်၊ခင်ဗျားစိတ်ပိုင်းဆိုင်ရာခံစားနေရတယ်၊ ခင်ဗျားရဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေ ဒါတွေက ခက်ပါတယ်။ပရိသတ်တွေ ဒေါသထွက်တာကို လက်ခံပါတယ်။ဒါပေမယ့် ဒီလိုမျိုးလုပ်ဆောင်တာတွေနဲ့ အပြီးသတ်နိုင်မှာမဟုတ်ပါဘူး”လို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ် တနင်္ဂနွေနေ့ စပါးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC