CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း အန်ဒါဆန်က သူဟာ ရော်နယ်ဒိုကြောင့် အချိန်တိုင်း အံ့အားသင့် ခဲ့ရတဲ့ အကြောင်းရင်းကို ပြောသွားခဲ့ပါတယ်။

အန်ဒါဆန်က “ရော်နယ်ဒိုကြောင့် အချိန်တိုင်းကို အံ့အားသင့်နေရတာပါ။ သူဟာ ဘောလုံးအကြောင်းကို ၁၀၀ ရာခိုင်နှုန်း တွေးတယ်။ ပွဲပြီးတာနဲ့ အိမ်ပြန်ပြီး ပြန်လည် ကောင်းမွန်လာမယ့် လုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ သူဟာ အလွန်ကြီးကျယ်တဲ့ ပရော်ဖက်ရှင်နယ်နဲ့ သူငယ်ချင်းကောင်းပါ။ လူတွေကို အများကြီး ကူညီပေးတယ်ဆိုတာကို လူတော်တော်များများက မသိပါဘူး။ သူ့မှာ အလွန်ကောင်းမွန်တဲ့ စိတ်နှလုံးသား ရှိပါတယ်။ ကျနော်တို့ကို လေ့ကျင့်ပေးတယ်၊ ဂရုလည်း စိုက်တယ်။ အင်္ဂလန်မှာ သူက ကျနော့်အတွက် အလွန်အရေးကြီးပါတယ်”လို့ ပြောပါတယ်။

ရော်နယ်ဒိုနဲ့ အန်ဒါဆန်တို့ဟာ ၂၀၀၇ ကနေ ၂၀၀၉ အထိ အတူတွဲ ကစားခဲ့ကြပြီး ပေါ်တူဂီကစားသမားဟာ နောက်ပိုင်းမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အန်ဒါဆန်ဟာ ရော်နယ်ဒိုနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုနဲ့အတူ ယူနိုက်တက်မှာ ကစားစဉ်က အန်ဒါဆန် ဆုဖလားများ ရယူခဲ့စဉ်

အန်ဒါဆန်က သူ့ဆီမှာ ရော်နယ်ဒိုရဲ့ စိတ်ဓါတ် ၅ ရာခိုင်နှုန်းသာရှိခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

အန်ဒါဆန်က “တကယ်လို့ ကျနော့်ဆီမှာသာ ရော်နယ်ဒိုရဲ့ စိတ်ဓါတ် ၅ ရာခိုင်နှုန်းသာရှိခဲ့ရင် ကျနော်ဟာကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်နိုင်တယ်ဆိုတာ ကျနော်သိပါတယ်။ သူ့မှာ အရည်အသွေးရော၊ အရည်အချင်းရော ရှိပါတယ်။ ကျနော်ဟာ အရာများစွာကို ရယူနိုင်ခဲ့လို့ ကောင်းမွန်တဲ့ ကစားသမားဘဝကို ရရှိ ခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ရော်နယ်ဒိုရဲ့ ၅ ရာခိုင်နှုန်းနဲ့သာဆိုရင် ကျနော်အခုထိ ထိပ်တန်းအဆင့် မှာ လွယ်ကူစွာ ကစားနိုင်ပါသေးတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ က Golden Boy ဆုကို ရရှိခဲ့တဲ့ အန်ဒါဆန်ဟာ လက်ရှိအချိန်မှာ ဘောလုံးကစားသမား ဘဝကနေ အနား ယူထားပြီ တူရကီကလပ် အဒမ်နာဒီမာစပေါ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

Source: Goal