CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉

ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ် လို့ ပေါ်တိုအသင်း ကြယ်ပွင့်ကစားသမားဟောင်း ကားလို့စ်အယ်လ်ဘာတိုက ပြောလိုက်ပါတယ်။

ကားလို့စ်အယ်လ်ဘာတိုက “မော်ရင်ဟိုက ဘရာဇီးလ်အသင်းရဲ့ နည်းပြ ဖြစ်လာနိုင်တဲ့သူပါ။ သတင်း အချက် အလက်တွေက ဘယ်ကနေ လာတယ်ဆိုတာ အရေးမကြီးပါဘူး။ ခင်ဗျားတို့ကို ကျနော် သတင်း အချက်အလက် တွေ ပေးနေတာပါ။

ဘာကြောင့်လဲဆိုရင် သူက ကျနော့်ကို သူ့ရဲ့ လက်ထောက်အဖြစ် လုပ်ဖို့ ဖိတ်ခေါ်ထားလို့ပါ။ ကျနော့် အမြင်မှာတော့ သူဟာ ခေါင်းဆောင်ဖြစ်ပြီး မာနနဲ့ဘဝင် မြင့်တာတွေ မရှိပါဘူး။ လူတွေက သူပုံတွေ ကြည့်ပြီး မာနကြီးတယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် သူက အဲ့လို လူမျိုးမဟုတ်ဘူး”လို့ Mundo GV podcast နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ် ကနေ ထွက်ခွာရပြီးနောက် နည်းပြဖြစ်သူ တိုင်ထီဟာ ရာထူးကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်

အခုဆိုရင် ဘရာဇီးလ်အသင်းဟာ နည်းပြသစ်ရှာဖွေနေပြီး မော်ရင်ဟိုဟာ နည်းပြလောင်း စာရင်းထဲမှာ ပါဝင်နေ တာပါ။ မော်ရင်ဟို ပေါ်တိုအသင်းကို ကိုင်တွယ်ချိန် ၂၀၀၃-၀၄ ရာသီက ချန်ပီယံလိဂ် ရခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့တဲ့ အယ်လ်ဘာတိုက သူ့ရဲ့ နည်းပြဟောင်းနဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက မော်ရင်ဟိုဟာ ပေါ်တူဂီအသင်းနည်းပြ ရာထူး အပါအဝင် လက်ရွေးစင်အသင်း နည်းပြရာထူးတွေနဲ့ ချိတ်ဆက် ခံခဲ့ရတာပါ။

ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ် ထွက်ခွာသွားပြီးနောက် ဒီရာထူးကို ရယူဖို့ ရေပန်းစားခဲ့ပေမယ့် ဘယ်လ်ဂျီယံ နည်းပြဟောင်း မာတီးနတ်စ်ကို ခန့်အပ်ဖို့ နှုတ်နဲ့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ စီးရီးအေကလပ် ရိုးမားအသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး လက်ရွေးစင်နည်းပြ ရာထူးတွေနဲ့ ပတ်သက်ပြီး တုန့်ပြန်မှု မရှိသေးပါဘူး။

ရိုးမားအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရ အဆင့် ၄ နေရာမှာရှိနေတဲ့ အင်တာမီလန်အသင်းနဲ့ ၃ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

Source: Goal