CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၃၀

တရုတ်နိုင်ငံတွင်းမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အသစ်များကြောင့် နိုင်ငံပေါင်းများစွာက တရုတ်မှလာသော ခရီးသည်များကို ကိုဗစ်စစ်ဆေးမှုများ လုပ်ဆောင်မည်ဟု ကြေညာထားသည်။

ယင်းက တရုတ်ပြည်ရှိ အခြေအနေများအရ ဗိုင်းရပ်စ်မျိုးကွဲ အသစ်များ ပေါ်ပေါက်လာမည်နှင့် တရုတ်အစိုးရဘက် မှ အခြေအနေအမှန်များအား အချိန်မှီ ထုတ်ပြန်ခြင်း မလုပ်မည်ကို တစ်ကမ္ဘာလုံးက စိုးရိမ်နေကြောင်း ထင်ဟပ် နေသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

လက်ရှိ အချိန်အထိ ဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ထွက်လာသည်ဆိုသည့် သတင်းမျိုး မရှိသေးပေ။ သို့သော် ၂၀၁၉ ခုနှစ် နှောင်းပိုင်း ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်စဉ်ကတည်းက တရုတ်အစိုးရသည် ၎င်းတို့၏ အခြေအနေများကို ထိန်ချန်ထားသည်ဟု စွပ်စွဲခြင်း ခံခဲ့ရသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများက နောက်ထပ် ရောဂါဖြစ်ပွားမှု အသစ် ဖြစ်နိုင်သည့် အခြေအနေ များနှင့် ပတ်သက်၍ ဘာမှမသိရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

တရုတ် ခရီးသွားများကိုတွေ့ရစဉ်(AP)

တရုတ်မှလာသော ခရီးသည်များသည် ဆေးစစ်မှုများ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဟု အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အီတလီတို့က ကြေညာထားသည်။ ရောဂါကူးစက်မှုများ ထပ်မံပေါ်ပေါက် လာမည် နှင့် သတင်းအချက်အလက်ပိုင်း အားနည်းခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု အမေရိကန်က ပြောသည်။
ဂျပန်နှင့်ထိုင်ဝမ်တို့မှ အာဏာပိုင်များကလည်း ထိုသို့ စိုးရိမ်မှုများ ရှိနေသည်ဟု ထုတ်ဖော်ထားကြသည်။

လက်ရှိ တရုတ်နိုင်ငံတွင်းမှ ရောဂါကူးစက်မှု အခြေအနေများက ထင်သာမြင်သာ ရှိမနေကြောင်း၊ ယင်း၏ သတင်း အချက်အလက်များကို အကန့်အသတ်ဖြင့်သာ ရရှိကြောင်း၊ ၎င်းက ရာနှုန်းပြည့် မှန်ကန်မှု မရှိနိုင်ကြောင်း ထိုင်ဝမ် ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာ ခေါင်းဆောင် ဝမ်ပီရှန်း(Wang Pi-Sheng)က ပြောသည်။

လာမည့်လ နှစ်ကူး အားလပ်ရက်အဖြစ် ထိုင်ဝမ်သား ၃၀၀၀၀ ခန့် ပြည်တော်ပြန်လာမည်ဟု ခန့်မှန်းထားကာ တရုတ်မှလာသော ခရီးသည်တိုင်းကို ဇန်နဝါရီ ၁ ရက်မှစတင်၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်လည်း ဖြစ်သည်။

တရုတ် ခရီးသွားများကိုတွေ့ရစဉ်(AP)

ထို့အပြင် တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မက္ကာအိုတို့မှလာသော ခရီးသည်များကို သောကြာနေ့မှ စတင်၍ သတ်မှတ်ထားသော လေဆိပ်များတွင်သာ ဆင်းသက်စေမည့် ဂျပန်အစိုးရ၏ အစီစဉ်ကြောင့်လည်း အားလပ်ရက် ခရီးစဉ် အများစုကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ အများစုတွင် တရုတ်မှ ခရီးသည်များနှင့် ပတ်သက်၍ မူဝါဒပြောင်းလဲမှုများ မရှိသေးကြောင်း၊ မူဝဒါ ပြောင်းလဲမှုတွင် မည်သည့်နိုင်ငံမှ ခရီးသည်ကိုမဆို တပြေးညီ ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ကူးစက်မှု လှိုင်းအသစ်တိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး လက်ရှိ တရုတ်နိုင်ငံ၌ ကူးစက်မှု လှိုင်းအသစ် ပေါ်ပေါက်လျက်ရှိသည်။

ထို့ကြောင့် သိပ္ပံပညာရှင်များ အနေဖြင့် ယခုလှိုင်းအသစ်တွင် သန္ဓေပြောင် ဗိုင်းရပ်စ် အသစ်တစ်မျိုး ပေါ်ပေါက်လာ မည်လား မပြောနိုင်သော်လည်း ထိုသို့ ဖြစ်လာနိုင်သည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

Source: AP