CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲပြီးနောက် တစ်လခန့်အကြာတွင် ဆေးဝါးနှင့် ကုန်ပစ္စည်းများ ပြန်လည် သယ်ယူခွင့် ရရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ အပစ် အခတ် ရပ်စဲပြီးနောက် ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းကို ပြန်လည် ဖွင့်ပေးခဲ့သော်လည်း အဓိက အရေးပါသည့် ဆေးဝါးများကို ပိတ်ပင်ထားခဲ့သည်။

သို့သော် အပစ်အခတ်ရပ်စဲပြီး တစ်လခန့်အကြာ လက်ရှိတွင် ဆေးဝါးတချို့ကို အကန့်အသတ်ဖြင့် ပြန်လည် တင်သွင်း သယ်ယူခွင့် ပြုလိုက်ပြီဖြစ်ကြောင်း၊ သို့သော်လည်း တင်သွင်းခွင့်ပါမစ် ယခင်ကကဲ့သို့ လျင်မြန်စွာ ရရှိမည် မဟုတ်သေးကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆေးဝါးတွေကတော့လေ လက်ရှိ အနေအထားကတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဆီကတော့ ခွင့်ပြုချက် က ရတော့ ရနေပြီ စပြီးတော့ ရနေတယ်လို့တော့ ပြောပါတယ်။ သူတို့ ခွင့်ပြုချက် စပေးတာကတော့ တစ်ပတ် လောက် ရှိပြီပေါ့လေ။ တစ်ပတ်လောက် ရှိပြီလို့တော့ ပြောပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်က အရင်လိုတော့ ချက်ချင်းတင်ပြီးတော့ ချက်ချင်း မရသေးဘူးပေါ့လေ။ လောလောဆယ်မှာ သူတို့ပြောတာကတော့ အရင်ရှေ့က တင်ထားတဲ့ အစောင်တွေကလည်း များတယ် အဲဒီအခြေအနေလေးတွေ ရှိတယ်။ နောက်တစ်ချက်ကတော့ အခုမှ စဖွင့်ပေးခါစဆိုတော့ လက်ရှိကတော့ ပါမစ်တင်လို့ရှိရင် ၄/၅ ရက်လောက်တော့ အနည်းဆုံး ကြာသေးတယ် ဆို ပြီးတော့ သူတို့ကတော့ ပြောပါတယ်။ ရခိုင်အစိုးရရဲ့ နယ်/လုံရဲ့ လက်မှတ်ပါမှ စစ်ဆေးရေးဂိတ်တွေက လွှတ်ပေး မယ်ပေါ့လေ။ အဲလိုပုံစံမျိုးနဲ့ လုပ်ထားတာပါ” ဟု ပြောသည်။

ဆေးဝါးများ ရောင်းချနေသော ဆိုင်တစ်ခုကိုတွေ့ရစဉ် 

ထိုသို့ ဆေးဝါးများကို သယ်ဆောင်ခွင့် ပြုလိုက်ပြီ ဖြစ်သည့်အတွက် လက်ရှိ ၂ ဆခန့် မြင့်တက်နေသည့် ဆေးဝါး ဈေးနှုန်းများသည် မကြာခင် ပြန်ကျလာနိုင်သည်ဟု ဒေသတွင်း လုပ်ငန်းရှင်များက ပြောကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ ဆေးဝါးဈေးနှုန်းများသည် ၂ ဆခန့် မြင့်တက်လျက်ရှိနေပြီး တချို့သော ဆေးဝါးများသည် ပြတ်လပ်နေမှုများ ဖြစ်ပေါ်နေကြောင်း၊ လူကြီးများသောက်သည့် ဆေးဝါးများထက် ကလေး ဆေးဝါးမျာသည် ပို၍ ဈေးနှုန်း ကြီးမြင့်နေသည်ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“လောလောဆယ် ကျနော်တို့ ရခိုင်ဘက်မှာ ဘာအခက်အခဲ ရှိလဲဆိုတော့ လူကြီးဆေးက ပြဿနာမရှိဘူး ထားပါ ကလေးဆေးက ပိုပြဿနာရှိတယ်။ ကလေးဆေးက အရည်ပုလင်းတွေ ဖြစ်တဲ့အတွက်ကြောင့် ကားနဲ့သယ်တဲ့ အပြင် သင်္ဘောနဲ့ သယ်တဲ့အကြောင်း ရှိမှာပေါ့။ အဲဒါကိုပါ ပိတ်ထားတော့ သယ်ရ တော်တော်လေး ခက်သွား တယ်။ ကလေးတွေအတွက် ဆေးကကျတော့ ပြည်မမှာ ၂၀၀၀ နဲ့ရတဲ့ဟာတစ်ခုက ဒီဘက်မှာ ၇၀၀၀ ပေးပြီး သောက်နေရတော့ အဲဒါတော့ မတရားဘူးပေါ့၊ အဲဒါတော့ ကျနော် ခံစားရပါတယ် ရှင်းရှင်းပြောရရင်” ဟု ပြော သည်။

ရခိုင်ပြည်နယ်တွင် ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ထားခြင်းကြောင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ် များသည် ကာကွယ်ဆေးများလည်း မထိုးနှံကြရကြောင်း၊ နာတာရှည်ရောဂါ ဝေဒနာရှင်များလည်း ဆေးများကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူနေကြရပြီး ဆေးရုံနှင့် ဆေးခန်းများ၌ ပိုးသတ်ဆေးနှင့် ဆေးဝါးတချို့ ပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟု ရခိုင်ဒေသခံများထံမှ သိရသည်။

လက်ရှိ ဆေးဝါးများကို ပြန်လည် ခွင့်ပြုရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေသည့်အတွက် တချို့သော ဆေးဝါးများ သည် သက်တမ်းကုန်ဆုံးရက်များ ရှိနေခြင်းကြောင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ဆေးကုန်သည်၊ ဆေးကုမ္ပဏီများနှင့် ဒေသခံများက လိုလားနေကြသည်။