CNI International News

နယူးဒေလီ၊ဒီဇင်ဘာ ၃၀

အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက် ဆေးရည်တစ်မျိုးကို သောက်ပြီးနောက် ဥဇဘတ်ကစ္စတန်တွင် ကလေး ၁၈ ဦး သေဆုံးမှုနှင့်ပတ်သက်၍ အိန္ဒိယဘက်က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ ဆေးဝါးထိန်းချုပ်မှုဗဟိုအဖွဲ့ (CDSCO) သည် ဥဇဘတ်နိုင်ငံမှ တာဝန်ရှိ သူများနှင့် ဆက်သွယ် ဆောင်ရွက်နေသည်ဟု အိန္ဒိယကျန်းမာရေးဌာနက ကြာသပတေးနေ့တွင် ပြောခဲ့သည်။

ကလေးများသည် အိန္ဒိယဆေးဝါးလုပ်ငန်း Marion Biotech Pvt Ltd ထုတ် ချောင်းဆိုးပျောက်ဆေး တစ်မျိုးဖြစ် သော Dok-1 Max ဆေးကို သောက်အပြီး သေဆုံးသွားခဲ့သည်ဟု ဥဇဘတ် ကျန်းမာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဆေးချက်များအရ ထိုဆေးတွင် ethylene glycol ပါဝင် နေသည်ကို တွေ့ရသည်။

 အိန္ဒိယဆေးဝါးလုပ်ငန်း ထုတ်လုပ်တဲ့ နေရာကို ရဲများစစ်ဆေးစဉ် (GETTY IMAGES)

ethylene glycol သည် အဆိပ်ဖြစ်စေသော အရာတစ်ခုဖြစ်ကာ ယခင်ကလည်း ကလေးများ သေဆုံးမှုနှင့် ဆက်စပ်မှု ရှိခဲ့သည်။

သတင်းရရခြင်းပင် Marion Biotech ၏စက်ရုံကို ဥတာပရာဒတ်ရှ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့် CDSCO အဖွဲ့တို့ က ပူးတွဲစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ကနဦး စစ်ဆေးမှု ရလဒ်များအပေါ် အခြေခံကာ နောက်ထပ် ဆောင်ရွက်ချက်များ ထပ်မံဆောင်ရွက် သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောသည်။

စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် ဆေးဝါးနမူနာကိုပါ ယူဆောင်ခဲ့သည်ဟုလည်း သိရသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဥဇဘတ်မှ ကျန်းမာရေးအရာရှိများနှင့် ဆက်သွယ်ထားကြောင်း၊ နောက်ထပ် စုံစမ်း စစ်ဆေးမှုများတွင် ပါဝင်ကူညီရန် အဆင်သင့် ရှိနေသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောသည်။

အဆိုပါ ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်ဟုလည်း ကုမ္ပဏီ၏ ရှေ့နေပြောစကားအား ကိုးကားပြီး အိန္ဒိယ သတင်းများတွင် ဖော်ပြထားသည်။

Dok-1 Max ဆေးရည်ဘူးကိုတွေ့ရစဉ် (GETTY IMAGES)

ယခုဖြစ်ရပ်သည် နယူးဒေလီအခြေစိုက် Maiden ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်လုပ်သော ချောင်းဆိုး ပျောက်ဆေးများနှင့် ဆက်စပ်၍ ဂမ်ဘီယာနိုင်ငံတွင် ကလေး ၇၀ ဦး သေဆုံးပြီးနောက် လအနည်းငယ် အကြာ တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဂမ်ဘီယာဖြစ်ရပ်တွင် ကုမ္ပဏီနှင့်အိန္ဒိယအစိုးရတို့က ဆေး အရည်အသွေးတွင် မည်သည့် ပြဿနာမှ မရှိဟု ငြင်းဆိုထားသည်။ Maiden ထုတ် ဆေးဝါးများကို ဗီယက်နမ်နိုင်ငံက ၂၀၁၄ ခုနှစ်ကတည်းက ပိတ်ပင်ထား ဖြစ်သည်။

ဝင်ငွေအနိမ့်နှင့်အလယ်အလတ် တန်းစား နိုင်ငံများတွင် အိန္ဒိယမှတင်ပို့သော ဆေးဝါးများကိုသာ မှီခိုနေရသည်။ အိန္ဒိယသည် အာဖရိကသို့ ရောက်ရှိလာသော ဆေးဝါးများ၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယင်း၏ ဆေးဝါး တင်ပို့မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း နှစ်ဆကျော် မြင့်တက်လာခဲ့သည်။

Source: အယ်ဂျာဇီးယား