CNI International Article
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄
တောင်အာရှဒေသသည် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံနီးပါး နေထိုင်သည့် အရပ်ဒေသ ဖြစ်သော်လည်း နယ်စပ် ဖြတ်ကျော် သွားလာလှုပ်ရှားမှု အပိုင်းတွင် ကမ္ဘာပေါ်၌ အပြန်အလှန် ချိတ်ဆက်မှု အားနည်းဆုံးသော ဒေသများထဲ မှာ ပါဝင်နေသည်။
ရာစုနှစ်ပေါင်းများစွာ တူညီသော သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများ ရှိနေကြသော်လည်း ထိုအချက်များက အိမ်နီးချင်းနိုင်ငံများကြား လွယ်ကူချောမွေ့သော ခရီးသွားလာမှုများကို အထောက်အကူ မဖြစ်ခဲ့ပေ။
ထို့ပြင် ဗီဇာကန့်သတ်ချက်များ၊ နိုင်ငံရေး တင်းမာမှုများနှင့် သံတမန်ရေးရာ မရေရာမှုများကသာ နယ်စပ် ဖြတ်ကျော် သွားလာမှုများအပေါ် လွှမ်းမိုးထားသည်။
လူသားများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး သို့မဟုတ် မိသားစုများကို သွားရောက်တွေ့ဆုံရေး အစရှိသည့် အကြောင်းကိစ္စများဖြင့် ခရီးသွားလေ့ရှိသည်။
သို့သော် တောင်အာရှဒေသတွင်မူ နယ်စပ်မျဉ်းများသည် မြေပုံပေါ်တွင် ရေးဆွဲထားသည့် သာမန်မျဉ်းကြောင်းများ မဟုတ်ဘဲ ကျော်ဖြတ်ရခက်သည့် တံတိုင်းကြီးများသဖွယ် ဖြစ်နေသည်။
ထိုအချက်က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ အပေါ် အမှီပြုပြီး ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် တောင်အာရှဒေသကို ထိခိုက် နစ်နာစေသည်။
ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံကဲ့သို့ ကမ္ဘာ့အခြားသော ဒေသများ၌ နိုင်ငံအချင်းချင်း ပိုမိုနီးကပ်စွာ ချိတ်ဆက် နိုင်ရန် ကြိုးပမ်းနေကြသော်လည်း တောင်အာရှဒေသမှာမူ အခြေခံကျသော အဆင့်တစ်ခုမှာတင် တစ်ဆို့နေဆဲ ဖြစ်သည်။

ပါကစ္စတန်နဲ့အိန္ဒိယ နယ်စပ်မျဉ်းကို တွေ့ရစဉ်
တောင်အာရှတွင် အိမ်နီးချင်းနိုင်ငံ တစ်ခုသို့ သွားရောက်ရန်မှာ ကမ္ဘာ့တစ်ဖက်ခြမ်းသို့ လေယာဉ်စီးသွားရသည် ထက်ပင် ပိုမိုခက်ခဲနေတတ်သည်။
တောင်အာရှတွင် ခရီးသွားလာရေးသည် နိုင်ငံများကြား သံတမန်ရေးရာ ဆက်ဆံရေး အခြေအနေပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။
ကျောင်းသားများ၊ သုတေသီများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ လူနာများနှင့် စီးပွားရေးသမားများသည် ၎င်းတို့ ကိုယ်တိုင် ပြောပိုင်ခွင့်မရှိသည့် နိုင်ငံရေး ဆုံးဖြတ်ချက်များကြားတွင် ဓားစာခံဖြစ်နေရသည်။
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ ဖြစ်စဉ်သည် နယ်စပ် အခြေအနေများ မည်မျှအထိ လျင်မြန်စွာ ပြောင်းလဲ သွားနိုင်သည်ဆိုခြင်းကို ပြသနေသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆူပူအုံကြွမှုများနှင့် အစိုးရ အပြောင်းအလဲ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် ခရီးသွားဗီဇာ ထုတ်ပေးမှုကို ပိတ်ပင်ခဲ့ပြီး ဆေးကုသမှု ခံယူမည့် လူနာများအတွက်သာ ဗီဇာများ ထုတ်ပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် တစ်ချိန်က လွယ်လွယ်ကူကူ အဝင်၊ အထွက် ပြုလုပ်နိုင်သည့် အိန္ဒိယခရီးစဉ် တစ်ခုသည် ခက်ခဲသော ခရီးတစ်ခု ဖြစ်လာခဲ့သည်။
ထို့နောက် ၂ နှစ်နီးပါး အကြာတွင်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် ခရီးသွားဗီဇာများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ပြန်လည်စတင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း အိန္ဒိယက ကြေညာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံကြား ခရီးသွားလာမှုများသည်လည်း အလားတူပင် ခက်ခဲနေဆဲဖြစ်သည်။
အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) သည် အနောက်ပါကစ္စတန် (ယခု ပါကစ္စတန်) ထံမှ လွတ်လပ်ရေး ရရှိရန် စ-စ်ပွဲဆင်နွှဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ်အဖြစ် ပေါ်ထွန်းလာခဲ့သည့် ၁၉၇၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့သည့်တိုင်အောင် အတိတ်က ဒဏ်ရာဟောင်းများသည် နှစ်နိုင်ငံဆက်ဆံရေးကို လွှမ်းမိုးထားဆဲ ဖြစ် သည်။
ဗီဇာဝန်ဆောင်မှုများကို လုံးဝဥဿုံ ပိတ်ပစ်လိုက်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးသော်လည်း သွားလာလှုပ်ရှားခွင့်မှာမူ ဆယ်စုနှစ်များစွာကြာအောင် ကန့်သတ်ခံထားရဆဲ ဖြစ်သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့၏ အခြေအနေမှာမူ အဆိုးရွားဆုံး သာဓကတစ်ခု ဖြစ်သည်။

အိန္ဒိယ၏ ပါဟာဂမ် (Pahalgam) ကျေးရွာ အလှကို တွေ့ရစဉ်
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန် ကွဲပြားသွားခဲ့ပြီးကတည်းက ပြတ်တောင်း ပြတ်တောင်း ဖြစ်ပွားခဲ့သော စ-စ်ပွဲများနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကြောင့် နယ်စပ်ဖြတ်ကျော် သွားလာမှုကို နည်းပါးစေခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဖြစ်ပွားခဲ့သည့် အိန္ဒိယ၏ ပါဟာဂမ် (Pahalgam) ကျေးရွာ တိုက်ခိုက်မှုအပြီး၌ အခြေ အနေများမှာ ပိုမို ဆိုးရွားသွားခဲ့ပြီး အိန္ဒိယနိုင်ငံသည် ပါကစ္စတန် နိုင်ငံသားများအတွက် ဗီဇာ ဝန်ဆောင်မှုများကို ဆိုင်းငံ့လိုက်သည့်အပြင် ထုတ်ပေးပြီးသားဗီဇာ အများအပြားကိုပါ ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထိုအချိန်မှစပြီး ယနေ့အထိ နှစ်နိုင်ငံကြား သွားလာလှုပ်ရှားမှုများမှာ လုံးဝနီးပါး ရပ်တန့်နေခဲ့သည်။
အိန္ဒိယနှင့် အာဖဂန်နစ္စတန် နိုင်ငံကြားတွင်လည်း အလားတူပင် ပိတ်ဆို့ထားသည့် နယ်စပ်များ ရှိနေသည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် တာလီဘန်တို့ အာဏာရယူခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် အာဖဂန်နိုင်ငံသားများ အတွက် ပုံမှန်ဗီဇာ လျှောက်ထားခွင့်ကို ဆိုင်းငံ့ခဲ့သည်။
၂၀၂၅ ခုနှစ်သို့ ရောက်ရှိချိန်မှသာ အိန္ဒိယက အာဖဂန်အတွက် စီးပွားရေး၊ ဆေးကုသမှုနှင့် ကျောင်းသား စသည့် သတ်မှတ်ထားသော ကဏ္ဍအချို့အတွက် အီလက်ထရွန်နစ်ဗီဇာ (e-visas) များ စတင်မိတ်ဆက်ပေးခဲ့သဖြင့် အနည်းငယ် ပြန်လည်ပွင့်လင်းလာခဲ့သည်။
အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်သည်လည်း ဒေသတွင်းရှိ အခြားနယ်စပ်များကဲ့သို့ပင် လုံးဝပိတ်ဆို့နေသည်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် သံတမန်ရေးရာ တင်းမာမှုများသည် အာဖဂန် နိုင်ငံသားများအတွက် ကြီးမားသော အဟန့်အတားများကို ဖြစ်ပေါ်စေခဲ့ပြီး၊ တာလီဘန်တို့ အာဏာရရှိပြီးနောက် ပိုင်း ခိုလှုံခွင့် ရှာဖွေနေကြသည့် မိသားစုများအပေါ် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာခြင်းနှင့် အုပ်စုလိုက် နေရပ် ပြန်ပို့ခံရခြင်းတို့ ရှိခဲ့သည်။
အခြားသော နေရာများတွင်လည်း တားမြစ် ကန့်သတ်မှုပုံစံချင်း မတူညီကြသော်လည်း ရလဒ်များမှာမူ အတူတူပင်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်းက ဗီဇာစိစစ်ခြင်း လုပ်ငန်းစဉ်ကို ပြင်ပကုမ္ပဏီသို့ လွှဲပြောင်းလုပ်ကိုင်ရန် ကြိုးပမ်းခဲ့သဖြင့် ကုန်ကျစရိတ်များကို မြင့်တက်စေခဲ့ပြီး ခရီးသွားများကို ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်းများ ကြားတွင် ပိတ်မိစေခဲ့သည်။

အိန္ဒိယရဲ့ e-visas ကို တွေ့ရစဉ်
နောက်ပိုင်းတွင် တရားလွှတ်တော်ချုပ်က ထိုကြိုးပမ်းမှုကို ဆိုင်းငံ့လိုက်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ကို လက်ရှိအချိန်အထိ လိုက်လံဖြေရှင်းနေရဆဲ ဖြစ်သည်။
ဘူတန်နိုင်ငံကမူ ခရီးသွားကဏ္ဍတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု အခကြေးငွေဟုခေါ်သော ငွေကြေး ကောက်ခံသည့်စနစ်ဖြင့် ကွဲပြားသည့် ချဉ်းကပ်ပုံကို အသုံးပြုထားသည်။
ထိုစနစ်သည် ဗီဇာကန့်သတ်ချက် မဟုတ်သော်လည်း ခရီးသွားလာမှုနှင့် ငွေကြေးသုံးစွဲမှုကို တိုက်ရိုက် သက် ရောက် စေခဲ့သည်။ ဘူတန်တွင် ကြိုက်သည့် နေရာကို သွား၊ ကျသလောက်ရှင်း ဆိုသည့် ပုံစံမျိုး ဖြစ်နေသည်။
သဘောမှာ ငွေများများ သုံးလေလေ၊ နေရာဒေသ အများအပြားကို ရောက်လေလေ ဖြစ်သည်။
နီပေါနှင့် မော်လ်ဒိုက်နိုင်ငံတို့မှာမူ အိမ်နီးချင်း အများစုထက် ပိုမိုဖြေလျှော့ထားသော အစီအစဉ်များ ရှိနေကြသဖြင့် ချွင်းချက်အဖြစ် ရှိနေဆဲဖြစ်သည်။
သို့သော် ထိုကဲ့သို့ ခရီးသွားကဏ္ဍ ဖြေလျှော့ချက်များသည် ဒေသတွင်း ဘုံသဘောတူညီချက် မူဘောင်တစ်ခုအပေါ် အခြေခံထားခြင်းမျိုး မဟုတ်ဘဲ နိုင်ငံအချင်းချင်း သီးခြားစီ ပြုလုပ်ထားသည့် နှစ်နိုင်ငံသဘောတူညီချက်များ အပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက ပကတိ အခြေအနေသည် ပြောင်းလဲသွားခြင်း မရှိသေးပေ။
တောင်အာရှဒေသတွင် နေထိုင်သူ အများစုသည် အိမ်နီးချင်းနိုင်ငံများဆီ သွားရောက် လည်ပတ်ခြင်းထက် ဥရောပ၊ အမေရိက၊ အာဖရိက အစရှိသည့် အလှမ်းဝေးကွာသော နိုင်ငံများဆီသို့ လေယာဉ် စီးသွားရသည်က ပိုမို လွယ်ကူသည်ဟု ယူဆနေကြရဆဲ ဖြစ်သည်။
ထိုအချက်သည် ဒေသတွင်း ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများနှင့် စီးပွားရေး အခွင့်အလမ်းများကိုပါ ဆုတ်ယုတ်ပျက်စီးစေသည်။
တစ်ချိန်တည်းမှာပင် အစိုးရများအနေဖြင့် ထိုအကျိုးဆက်၏ ဂယက်ရိုက်ခတ်မှုကို တိုက်ရိုက်ခံစားရလေ့ မရှိကြပေ။
ထိုအကျိုးဆက်၏ ရိုက်ခတ်မှုကို တိုက်ရိုက် ခံစားနေရသူများမှာ ပညာရှာဖွေနေကြသည့် ကျောင်းသားများ၊ အရေး ပေါ် ဆေးကုသမှု လိုအပ်နေသည့် လူနာများ၊ နယ်စပ်မျဉ်းကြောင့် ကွဲကွာနေရသည့် မိသားစုများနှင့် ဈေးကွက် ချဲ့ထွင်ရန် ကြိုးပမ်းနေကြသည့် စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်သည်။
သေချာသည်မှာ ပိုမို အချိတ်အဆက်မိသော ဒေသတစ်ခုကို တည်ဆောက်ခြင်းသည် နယ်စပ်တံတိုင်းများကို ဖြိုဖျက်ပစ်ရန် သို့မဟုတ် အမှန်တကယ်ရှိနေသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုပစ်ရန် ဆိုလိုခြင်း မဟုတ်ပေ။
သို့သော် ကျောင်းသားများ၊ သုတေသီများနှင့် စီးပွားရေးသမားများအတွက် အကျိုးရှိမည့် ရည်ရွယ်ချက်များဖြင့် နယ်စပ်ဖြတ်ကျော် သွားလာခြင်းကို မလိုအပ်ဘဲ ပိတ်ဆို့တားဆီးထားသည့် တံတိုင်းကြီးများသည် မည်သူ့အတွက် မျှ အကျိုးမရှိနိုင်ပေ။
တောင်အာရှဒေသ အနေဖြင့် ရေတို အမြော်အမြင်သာရှိသည့် နယ်စပ် မူဝါဒများကြောင့် မိမိတို့၏ အိမ်နီးချင်း နိုင်ငံသား အချင်းချင်းကြား ရေရှည် စိမ်းကားနေကြမည့် အခြေအနေမျိုးကို မည်သည့်အချိန်အထိ ဖြစ်ခွင့်ပြုထား မည်နည်းဆိုသည့်မေးခွန်းကို ရှင်းလင်းစွာ ဖြေဆိုရမည်ဖြစ်ပေသည်။
