CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃

မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်း၍ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုသည် ပြည်တွင်းရှိ ခရီးသွား လုပ်ငန်းအား မှီခိုလုပ်ကိုင် နေရသူများအတွက် လုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ကာ အလုပ်အကိုင်များလည်း တိုးလာနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက သိရသည်။

ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် ခရီးသွားလုပ်ငန်းမှာ ဆုံးရှုံးမှုများ ရှိနေကြောင်း၊ ခရီးသွားကား လုပ်ငန်း များ၊ လက်မှု လုပ်ငန်းများလည်း ထိခိုက်နေကြကြောင်း၊ လက်ရှိတွင် လေယာဉ် လက်မှတ်ရောင်းချသည့် အေးဂျင့် အချို့သာ အလုပ်ပြန်လည် လုပ်ကိုင်လာနေရကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဧည့်သည်တွေ ပြန်ရောက်လာပြီဆိုရင်တော့ လက်မှုလုပ်ငန်းတွေလည်း ပြန်ပြီးတော့ အလုပ်တွေ ပြန်လည် လာနိုင်တယ်။ လုပ်သားတွေ ပြန်ခေါ်လာနိုင်တယ်။ အလုပ်အကိုင်တွေ အများကြီး ပြန်ရလာနိုင်တယ်။ ဒါကတော့ တစ်ဖက်မှာတင် မကပါဘူး။ ကျန်တဲ့ ဟိုတယ်တွေ စားသောက်ဆိုင်တွေမှာပါ ပြန်ရလာမှာပေါ့။ ပြည်တွင်းမှာရှိတဲ့ ခရီးသွားတွေကလည်း ဈေးကြီးတဲ့ ဟိုတယ်တွေမှာ တည်းခိုနိုင်ဖို့အတွက် သူတို့မှာ အဆင်မပြေ ဘူး။ လက်ရှိ စီးပွားရေး အခြေအနေတွေကလည်း ပြည်တွင်း အခြေအနေတွေကလည်း အရမ်းကြီး မကောင်းတဲ့ အတွက် ပြည်တွင်း ခရီးသွားက သုံးစွဲနိုင်တဲ့ အခြေအနေမရှိတော့ ပြည်ပခရီးသွား သုံးစွဲမှုကိုပဲ အားကိုးရမယ့် အခြေအနေ ဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ အလုပ်အကိုင်တွေကတော့ အများကြီး ပြန်ပွင့်လန်းလာမယ်။ အသိ အသာ ဆုံးကတော့ ဧည့်လမ်းညွှန်တွေ ဖြစ်ပါလိမ့်မယ်။ ဧည့်လမ်းညွှန်တွေက Tour လုံးဝမရှိဘဲ ရပ်နေရတာ နှစ်နှစ်ကျော် ဖြစ်သွားပြီပေါ့။ ဒါကြောင့်မို့လို့လည်း ရုရှား သင်တန်းလို ဟာမျိုးတွေ ဖွင့်ပေးလိုက်တဲ့အတွက် တချို့ ဝန်ထမ်းတွေ ဧည့်လမ်းညွှန်တွေအနေနဲ့ သူတို့ ဘာသာစကား တစ်ခုအပိုပေါ့၊ ထပ်မံတတ်မြောက်ပြီး သူတို့ ဝန်ဆောင်မှု ပေးတဲ့အခါ ပိုပြီး ထိရောက်နိုင်ပါတယ်”ဟု ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့လ် မြန်မာနိုင်ငံကို ရောက်လာစဉ်

မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာစေရန် အတွက် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ရုရှား နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပြီး လက်ခံကြိုဆိုရေး နှင့် ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ဟိုတယ်ခရီးသွား ဝန်ထမ်းများသည် ရုရှားဘာသာစကား သင်ကြားလျက် ရှိသည်။

ရုရှားနိုင်ငံသားများသည် ကမ်းခြေဒေသကို ကြိုက်နှစ်သက်ကြသည့်အတွက် ၎င်းတို့အား ဆွဲဆောင်နိုင်ရန် ကမ်းခြေဒေသအား လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟိုတယ်လုပ်ငန်းဆိုတာက ဧည့်သည်ရှိမှ စည်ပင်ဝဖြိုးတာကိုး။ ဧည့်သည် မျှော်တာပေါ့။ လာမယ်လို့ လည်း ထင်ပါတယ်။ အခု ရုရှားဘာသာစကား သင်တန်းတွေ ဖွင့်နေတယ်လေ။ ဒီအတွက်ကို ရည်ရွယ်ပြီး လုပ်နေ တာပေါ့။ အခုလောလောဆယ် အခြေအနေကတော့ လက်ရှိ အနေအထားတိုင်းတော့ ဘယ်သွားမလဲ။ ဒီထက် သာသာယာယာ သပ်သပ်ရပ်ရပ် ဖြစ်အောင်တော့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ဝိုင်းလုပ်ကြမှာပေါ့။ လောလောဆယ်တော့ ဈေးရောင်းတဲ့ ကလေးတွေ၊ တုတ်တုတ်မောင်းတဲ့ ကလေးတွေ ဒီအဖွဲ့တွေကို ခရီးသွား လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဆောင်ရန်ရှောင်ရန် ကိစ္စတွေပေါ့။ ဟောပြောပွဲ လုပ်ထားတယ်။ အခု ဟိုတယ် လုပ်ငန်းတွေကလည်း မိုးရာသီအတွင်းမှာ decoration ပိုင်း ပြင်တာတို့ဘာတို့ လုပ်နေကြတာပေါ့” ဟု ပြောသည်။

ရုရှားခရီးသွားများကို ရှင်းပြနေသော မြန်မာဧည့်လမ်းညွန်

ပြီးခဲ့သည့် ဧပြီလလောက်ကတည်းက မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်း လိုင်း တိုက်ရိုက်ပြေးဆွဲရေး၊ ခရီးသွား ကိုယ်စားလှယ်များ အပြန်အလှန် လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေးတို့ကို ဆွေးနွေးထားခဲ့ ကြခြင်း ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံသို့ ရုရှားခရီးသွား လာရောက်မှုသည် အနည်းငယ်သာ ရှိခဲ့ပြီး တစ်နှစ်မှ ၅၀၀၀ ဝန်းကျင်ခဲ့ သာ လာရောက် လည်ပတ်ခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ယူကရိန်းနှင့် စစ်ဖြစ်နေခြင်းကြောင့် အနောက်နိုင်ငံများနှင့်ဉရောပနိုင်ငံများ၏ ပိတ်ပင်မှုကို ခံယူ နေရသဖြင့် မြန်မာ အပါအဝင် အခြား မိတ်ဆွေ နိုင်ငံများသို့သာ လည်ပတ်စရာရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ သည်လည်း ခရီးသွားလာရန် မသင့်သည့် နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့်အတွက် ပြည်တွင်းသို့ ဝင်ရောက် မည့် နိုင်ငံခြားသား ခရီးသွားများမှာ ထိုင်း၊ တရုတ် နှင့် ရုရှားတို့သာ အဓိကရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် အခြားနိုင်ငံများတွင် ခရီးသွားလုပ်ငန်းကို ပြသဆွဲဆောင်မည့်အစား ၎င်းနိုင်ငံသားများအား ခရီးသွားလုပ်ငန်းအတွက် ပိုမိုဆွဲဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

မြန်မာနိုင်ငံအတွင်းတွေ့ရသည့် ရုရှားခရီးသွားများ

၎င်းက “ဆိုတော့ မြန်မာနိုင်ငံအနေနဲ့ကလည်း အခြားနိုင်ငံတွေကို မျှော်လင့်ရမယ့်အစား အခု အမြန်ဆုံး လာ ရောက်နိုင်တဲ့ နိုင်ငံတွေက အဲဒီနိုင်ငံတွေပဲ ဖြစ်နေတယ်။ အနောက်တိုင်းမှာ ဆိုရင်တော့ ရုရှားနိုင်ငံဖြစ်ပြီးတော့ အာဆီယံဒေသတွင်းမှာ ဆိုရင်တော့ ထိုင်းနိုင်ငံပေါ့၊ အရှေ့အာရှဘက်မှာ ဆိုရင်တော့ တရုတ်၊ ကိုရီးယား၊ ဂျပန်လို့ ပြောတဲ့အခါမှာ ကိုရီးယားရယ်၊ ဂျပန်ရယ်က ဒီနှစ်တွေအတွင်းမှာ မြန်မာနိုင်ငံတွင်းကို လာရောက်ဖို့အတွက် အစီအစဉ် မရှိကြဘူး။ ခရီးစဉ်တွေ ရောင်းချတာမရှိဘူး။ တရုတ်နိုင်ငံ အနေနဲ့ ကျတော့လည်း စိတ်ဝင်စားတယ်” ဟု ပြောသည်။

လာမည့် ဆောင်းရာသီတွင် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုသည် ယခုကာလတို့ထက် ဝင်ရောက်မှု အနည်း ငယ်များ လာနိုင်သော်လည်း ၂၀၂၃ ခုနှစ်၊ နှစ်ဆန်း သုံးလတာတွင် ပို၍ အများအပြား ဝင်ရောက်လာမည်ဖြစ် ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။