CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

ရခိုင်ပြည်နယ်တွင် လက်ရှိ နယ်မြေ မငြိမ်မသက်မှုများကြောင့် ဒေသခံ ကုန်သည်များ၏ ကုန်သွယ်မှုမှာ ကျဆင်းနေကြောင်း သိရသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုသည် ယခုရက်ပိုင်းအတွင်း ပုံမှန်ထက် တစ်ဝက်ခန့် ကျဆင်းသွားကြောင်း၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး၌ ကုန်တင်ကုန်ချ မရှိသလောက် ဖြစ်သွားကြောင်း ဒေသခံကုန်သည်များထံက သိရသည်။

မောင်တော ကုန်သည် ကိုသန်းနိုင်က “အရင်ထက်စာရင်တော့ နည်းပါတယ်။ တစ်ဝက်လောက် ကျသွားတာပေါ့။ ကုန်သည် တွေက အလုပ်မဖြစ်ဘူးပေါ့။
လာတာက ငါးမြစ်ချင်း တစ်ခုလောက်ပဲ ရှိတယ်။ ပြည်ပက ဝယ်လိုအား နည်းတယ်။ အဲဒီဘက် နိုင်ငံမှာ ပွဲတော်လာပြီဆိုတော့ နည်းနည်း ဝယ်လိုအား နည်းသွားတဲ့သဘော။ ပြီးရင် အဲဒီဘက်နိုင်ငံမှာ အခွန်ခတွေ ဈေးတင် လိုက်တာကို။ ‌ဈေးတင်လိုက်တော့ ဟိုဘက်ကို ပို့ရတဲ့ဟာနဲ့ မကိုက်တော့ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဒေသခံ ကုန်သည်များသည် ကုန်သွယ်ရေး အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ယခင်က ပစ္စည်း ၁၀ မျိုး ဝယ်သည့် ကုန်သည်သည် လက်ရှိမှာတော့ ၃ မျိုးခန့်သာ ဝယ်တော့ကြောင်း၊ ပြည်ပနိုင်ငံနှင့် ဒေသခံပြည်သူများမှ ဝယ်လိုအား များ ကျဆင်းနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြော သည်။

ရခိုင်ပြည်နယ် ဒေသခံများကိုတွေ့ရစဉ်

ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “သူ့လက်ထဲမှာတော့ ပြောရမယ်ဆိုရင် ကုန်သည် လက်ထဲမှာတော့ အရမ်း သိပ်မထားတော့ဘူး။ ရောင်းအား၊ ဝယ်အားလည်း အဲဒီလိုမျိုးပဲ ကျဆင်းသွားတယ်ဆိုတဲ့ အနေအထားကတော့ အဲဒီအပေါ်မှာလည်း သက်ရောက်မှု တွေ ရှိပါတယ်။ ကုန်သွယ်မှု ပမာဏ လျော့နည်းလာတယ် ဆိုတာလည်း ခုနကပြောသလို ဒေသ မတည်ငြိမ်မှု ဆိုရင်တော့ ဒါ ကုန်သွယ်မှု ပမာဏကတော့ ကျဆင်းလာမှာပါပဲ။ ဘာလို့ဆို ကုန်သည်တွေမှာလည်း ပြောရမယ်ဆိုရင် ရန်ကုန် ကနေပြီးတော့ ဝယ်ရတဲ့ ပမာဏကို လျှော့ပြီး ဝယ်ရတယ်။ ဘာလို့ဆို ဒီဘက်မှာ တဆင့် ပြန်ရောင်းတဲ့ အချိန်မှာလည်း ကျန်တဲ့ come user ဆီ ရောက်ဖို့ဟာလည်း ခါတိုင်းဝယ်နေကျထက် လျှော့ပေါ့ပြီး ဝယ်လာကြတယ်။ ဆိုတော့ ရောင်းရေး ဝယ်ရေး တွေကတော့ နည်းနည်းလေး အေးပြီးတော့ ခက်ခဲလာနေတယ်ဆိုတဲ့ အနေအထားတော့ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား နှစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုများ ရှိနေသဖြင့် ကုန်သည် အပါအဝင် ‌ဒေသခံပြည်သူများသည် သွားရေးလာရေး စိုးရိမ်မှုများ ရှိနေကြကြောင်း၊ ထိုသို့ စိုးရိမ်မှုများကြောင့် အပြင်မထွက် ရဲကြတော့ပဲ ဖြစ်ကာ ကုန်သွယ်မှု ကျဆင်းလာနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်အောင်က “ဒီရက်ပိုင်း အတွင်းမှာတော့ သွားရေးလာရေးက ကြပ်တည်းတဲ့ အခါကျတော့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးတာတွေ ဖြစ်ကုန်တာပေါ့။ ပြီးတော့ ဈေးလည်း သိပ်မကိုက်ဘူး။ ရောင်းကုန်တွေက ဈေးတော့ ရှိတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေက များလာတာပေါ့။ သွားရေးလာရေးတွေက ရေကြောင်းပိုင်း ကနေပြီးတော့ သွားလာလို့ မရဘူး။ Passenger တွေကို ကန့်သတ်ထားတာပေါ့။ ကုန်းလမ်းကတော့ သွားလို့ရပါတယ်။ ဒါပေမယ့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေပြီးတော့။ ရေရှည်ဆိုရင်တော့ ကျနော်တို့ ရခိုင်ဘက်က မှီခိုနေရတာပေါ့။ မြန်မာဘက်က ပစ္စည်းတွေမလာရင် ကုန်ဈေး နှုန်း တက်တာတွေ ဖြစ်လာမှာပေါ့။ အဓိကက ဒီဘက်က ကုန်စည်ထဲမှာဖြစ်တာက ဆန်စပါးက သားငါးပဲ ဖြစ်တာလေ။ ကျန် တဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကအစ နိုင်ငံခြားက တင်ပို့တဲ့ import ပစ္စည်းတွေလည်း အပါပေါ့။ အဲဒီလိုမျိုး ကုန်းလမ်းခရီးမှာ စစ်ဆေးမှုတွေ များမယ်ဆိုရင်တော့ မကောင်းဘူးပေါ့နော်။ ဒီဘက်မှာ ကုန်ဈေးနှုန်း တက်တာတို့ ဘာတို့ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလတွင် ရခိုင်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပမာဏသည် ဧပြီလကထက် တိုးတက်လာသော်လည်း ယခု ဇွန်လမှာတော့ ကုန်သွယ်မှုပမာဏ နည်းနိုင်ကြောင်း ကုန်သည်များက ပြောသည်။