CNI News

၂၀၂၂ခုနှစ်၊ မတ်လ ၁၇

နိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းစနစ်ကို ပုံမှန်တန်းစီ စောင့်ဆိုင်းခြင်းအစား Online Booking စနစ်ဖြင့်သာ ထုတ်ပေးမည့် စနစ်ဖြင့် ပြောင်းလဲကျင့်သုံးမည်ဟု စီစဉ်နေခြင်းကြောင့် လိမ်လည်မှုများ ပိုများလာနိုင်သည်ဟု ပြည်ပအလုပ်အကိုင် ရှာဖွေ ရေးလုပ်ပေးနေသူများက ပြောသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရုံး(ပတ်စပို့စ်ရုံး)တွင် မတ်လ ၂၁ ရက်မှ စတင်ကာ Online Booking စနစ်ဖြင့် ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက် လျှောက်ထားနိုင်သော စနစ်အား ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခင် ပုံမှန်တန်းစီ စောင့်ဆိုင်းကြရသောအခါတွင် ပွဲစားများ၊ လူလိမ်များ ရှိကြသည့်အတွက် ယခုကဲ့သို့ Online Booking စနစ်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ သို့သော် ယခုလို Online Booking စနစ်ဖြင့် ပြုလုပ်ခြင်းက လိမ်လည်မှု ပိုများလာနိုင် ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ကိုင်နေသည့် ကိုတင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုတင်က “system တစ်ခုကို တကယ်စေတနာပါပါနဲ့ ချမှတ်ထားမယ်ဆိုရင်တော့ ကောင်းတယ်လို့ ဦးတည်ချက်နဲ့ ပြောလို့ရ တာပေါ့။ အခုဟာက လတ်တလော ဖြေရှင်းတဲ့နည်းဆိုတော့ အဲ့ဒါကြီးကပိုပြီးတော့ လုပ်စားတဲ့ ပွဲစားတွေအတွက်ကို ပိုပြီး တော့ ရောက်သွားတယ်။ တချို့တွေက လိုင်းသုံးတတ်တယ်။ တချို့နယ်သူ နယ်သားတွေက Facebook လောက်ပဲ သိသေး တယ်။ YouTube လောက်ပဲ ကြည့်တတ်တယ်။ Tik Tok လောက်ပဲ သုံးနိုင်တဲ့အချိန်မှာ website ဆိုတာနဲ့ အွန်လိုင်း လျှောက် ရမယ်။ လျှောက်ရတဲ့ အခါမှာလည်း သူတို့မလျှောက်တတ်ဘူး။ မလျှောက်တတ်ရင် ဘာလုပ်မလဲဆိုတော့ ပွဲစားက ၅၀၀၀ ပေး ငါလျှောက်ပေးမယ်တို့ ဒါမျိုးတွေပိုပြီးတော့ ကုန်ကျငွေက များလာနိုင်တယ်။ ရက်အတိအကျ ချိန်းမှာဆိုတော့ ကလေး တွေက တက်လာမယ်။ နောက်ထပ် ပိုတောင်းရင်လည်း ပေးရမယ်။ ပွဲစားတွေလို့ ပြောတာထက်တောင် ကျနော်က လူလိမ် တွေ ပိုများလာမယ်လို့ သုံးသပ်မိတယ်”ဟု ပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ရန်နဲ့လုပ်ရန် စောင့်နေကြသူများ

ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူ အများစုသည် နယ်သူ/နယ်သားများ ဖြစ်သည့်အတွက် အမြန်သွားချင်စိတ်ဖြင့် ပိုက်ဆံပေးပြီး လုပ်ကြသည့်အခါတွင် လိမ်လည်သူများ လိမ်၍ကောင်းသကဲ့သို့ ပွဲစားများမှာလည်း ပိုက်ဆံတောင်းရ ပိုကောင်း ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်မီး ပုံမှန်မရရှိသည့် ပြဿနာဖြင့် ရင်ဆိုင်နေရသကဲ့သို့ တချို့နေရာများ၌ အင်တာနက်လိုင်း မကောင်းမှု၊ ပြတ်တောက်မှုများ ရှိသည့်အတွက် နယ်မြို့များမှ နိုင်ငံကူးလက်မှတ် လျှောက်ရန်မှာ မလွယ်ကူလှကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “တစ်ဖက်က သူတို့ရဲ့ အကြောင်းပြချက်ကတော့ ကိုဗစ်ကူးစက်ရောဂါကြောင့် လူစုလူဝေးဘာညာ သာရကာ ပေါ့။ ဒါတွေက ပြီးခဲ့ပြီ။ အရမ်းဆိုးတဲ့ ကာလတောင် ကျော်ဖြတ်ခဲ့ပြီးပြီ။ အခုလိုအချိန်မှာမှ လျှပ်စစ်မီးကမမြဲ၊ အင်တာနက်က လိုင်းမကောင်းတဲ့အချိန်မှာ နိုင်ငံကူးလက်မှတ်ကို အွန်လိုင်းဘိုကင်စနစ်နဲ့ လျှောက်ပါလို့ ပြောတာကတော့ ကျနော့်အနေနဲ့ ရယ်စရာတစ်ခုလို ဖြစ်နေတယ်။ ပြည်သူတွေကို ပိုပြီးတော့မှ အခက်အခဲ တွေ့စေတယ်။ အွန်လိုင်းဘိုကင်စနစ်နဲ့ လျှောက်ရင် ရော အွန်လိုင်းကနေ ပတ်စပို့လျှောက်နိုင်တဲ့ လူ ၁၀၀ မှာ ၇၀ လောက် လျှောက်နိုင်ရင်တောင် နောက် ၃၀ လောက်အတွက် အခက်အခဲရှိမယ်။ မလျှောက်တတ်ကြဘူး။ ဒီတိုင်းစာရွက်လေး A4 ပေးပြီးတော့ ဖောင်ဖြည့်ခိုင်းတာတောင် မဖြည့်တတ်တဲ့ သူတွေ အများကြီး”ဟု ပြောသည်။

ပတ်စပို့စ်ရုံး(နိုင်ငံကူးလက်မှတ် ထုတ်ပေးရုံး)မှ တာဝန်ရှိသူများအနေဖြင့် တစ်ရက်လျှင် လူဦးရေ မည်မျှသာ နိုင်ငံကူး လက်မှတ် ထုတ်ပေးမည်ဟု သတ်မှတ်ကာ ထုတ်ပေးသင့်ကြောင်း၊ ထိုအကြောင်းအား website တစ်ခုထောင်၍ ကြေညာ ပေးသင့်ကြောင်း ကိုသားကြီးက ပြောသည်။

ထိုသို့ ကြေညာခြင်းအားဖြင့် တစ်ရက်စာ သတ်မှတ်လူဦးရေ ပြည့်သွားပါက အခြားသူများမှ လာရောက် လျှောက်ထားမှု မရှိတော့သည့်အတွက် လူစုလူဝေးဖြစ်ခြင်းနှင့် ကုန်ကျစရိတ်များ လျော့နည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ အနေဖြင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းနှင့် ကိုဗစ်ရောဂါ ကူးစက်မှု လျော့နည်းစေရန်အတွက်ဟုဆိုကာ မတ်လ ၂၁ ရက်မှစတင်၍ Online Booking စနစ်ဖြင့် ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက် လျှောက်ထားနိုင်သည့်စနစ်အား ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။