CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ကုန်ပစ္စည်း ခုနှစ်မျိုးကို မတ်လ ၁၅ ရက်မှ စ၍ တင်သွင်းခြင်းကို ယာယီရပ်နားထားကြောင်း တရုတ်နိုင်ငံမှ မြန်မာအာဏာပိုင်များထံသို့ အသိပေးအကြောင်းကြားထားသည်ဟု မူဆယ်ကုန်သည်များထံမှ သိရသည်။

အဆိုပါ ကုန်ပစ္စည်းများမှာ ဆန်၊ ဆန်ကွဲ၊ ငရုတ်သီးစိမ်း၊ အအေးခန်းစနစ်သုံး သယ်ယူကုန်စည်၊ အေးခဲလတ်ဆတ်/ အေးခဲကုန်စည်၊ ရေထွက်ကုန်စည်၊ နေ့စဉ်သုံးကုန်ပစ္စည်းနှင့် ထုပ်ပိုးလွယ်ကူသော စားသောက်ကုန်တို့ဖြစ်သည်။

ယင်းပစ္စည်း (၇) မျိုးကို တင်သွင်းခွင့် ယာယီရပ်နားလိုက်ခြင်းနှင့်ပတ်သက်၍ တရုတ်သို့ တင်ပို့ရန် မူဆယ်သို့ ရောက်ရှိနေသည့် ဆန်နှင့်ဆန်ကွဲကားများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း မူဆယ်ဆန်စပါး ကုန် စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“အချိန်ကန့်သတ်ချက်မပါဘူး။ သူက ယာယီပဲ ပါတယ်။ တရုတ်ယာယီကတော့ ကြောက်ဖို့ကောင်းတယ်။ ဘယ် လောက်လဲဆို လနဲ့ချီကြာတယ် တရုတ်ယာယီက။ ပိတ်ရင်လည်း သူတို့က ဒီနေ့ပိတ်ရင် ဒီနေ့မှ စာထုတ်တာ။ ဒီ အတိုင်းကျတော့ ငါတို့ဘက်မှာ ဘာတွေနစ်နာလဲဆိုတော့ ကုန်သည်တွေက ကားတွေ ငှားထားပြီးပြီ ဈေးကြီး ပေးပြီးတော့။ ကားပေါ် တင်ထားပြီးပြီ။ ဂျူတီဆောင်ထားပြီးပြီ နိုင်ငံတော်ကို။ တရုတ်ပြည်ကို မသွားရဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ ဒီအတိုင်းနေမလား အဲလိုမျိုးတွေ ကြုံတွေ့နေရတယ် လောလောဆယ်ကတော့” ဟု ပြော သည်။

ဆန်၊ ဆန်ကွဲစသည့် စားသောက်ကုန်ပစ္စည်း (၇) မျိုးကို တင်သွင်းခွင့်ကန့်သတ်လိုက်သော်လည်း ဖရဲသီး၊ သခွားမွှေးနှင့် ရော်ဘာ စသည့် ကုန်ပစ္စည်းများကိုမူ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

ယခု တင်သွင်းခွင့်ယာယီ ကန့်သတ်ထားခြင်းသည် ပြန်လည်ခွင့်ပြုမည့် အချိန်ကာလအပိုင်းအခြားကို ထည့်သွင်း ဖော်ပြပေးထားခြင်း မရှိခြင်းကြောင့် တရုတ်နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းမည့် ကုန်သည်များအနေဖြင့် အခက် တွေ့နေကြောင်း ကုန်သည်များက ပြောသည်။

ယင်းသို့ တင်သွင်းခွင့် ပြန်လည်ခွင့်ပြုမည့်အချိန်ကို တိတိကျကျ မသိရှိရခြင်းကြောင့် ဆန်ကုန်တင် တွဲကား အစီးရေ ၁၀၀ ကျော်ခန့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ ပြန်လည်သယ်ဆောင်မှုများ ပြုလုပ်နေပြီဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆက်ပြောသည်။

“မူဆယ်မှာရှိနေတဲ့ တချို့ ဆန်တွေ၊ ဆန်ကွဲတွေက လွန်ခဲ့တဲ့ ၆ လ၊ ၇ လ၊ ၈ လလောက်ကတည်းက ပိတ်မိနေတဲ့ ဆန်တွေ ဆန်ကွဲတွေက ဒီစာထွက်လိုက်တဲ့အတွက် မူဆယ်မြို့ကနေပြီးတော့ အောက်မြန်မာပြည် မန္တလေးတို့၊ ရန်ကုန်တို့ကို ကားငှားပြီးတော့ ပြန်သွားနေတယ် တော်တော်လေး များနေပြီ။ အဲတော့ ကုန်သည်တွေက အများကြီး ဆုံးရှုံးနစ်နာတာပေါ့။ သူတို့ဖွင့်လိုက်မယ့်အချိန်ဆို ဆန်တို့ ဆန်ကွဲတို့က ရှိချင်မှ ရှိတော့မှာ။ ဘာဖြစ် လို့လဲဆိုတော့ သူတို့က ယာယီပိတ်လိုက်တာဆိုတော့။ တရုတ်ယာယီက တအားကြာတာ။ အကြာမခံနိုင်တော့ဘူး လေ။ ရတဲ့ဈေးနဲ့ ပြန်ရောင်းတယ်။ ကြာသွားလို့ရှိရင် ပစ္စည်းတွေ ပျက်စီးသွားမှာလည်း ကြောက်တယ်။ ဂိုဒေါင်မှာ တစ်နှစ်ကျော်ရင် မလွယ်တော့ဘူး။ အဲတော့ အချိန်မီအောက်ကို ပြန်ကြတဲ့သူများနေပြီ။ အစီးရေ အနည်းဆုံး အိတ် ၆၄၀ လောက်ဆံ့တဲ့တွဲကား ဘာပဲပြောပြော အစီးရေ ၁၀၀ ကျော်လောက်တော့ ရှိမယ် ပြန်ဆင်းတဲ့ကား တွေက” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များဖြစ်သည့် ကျင်စန်းကျော့ဂိတ်၊ ကန်ပိုက်တီ ဂိတ်တို့ကို ဖွင့်လှစ်ထားပြီး လွယ်ဂျယ် နယ်စပ်ဂိတ်ရှိ တရုတ်နိုင်ငံဘက်တွင် ပိတ်မိနေသည့် မြန်မာကုန်ကားများ ကို ပြန်လည်ထွက်ခွင့်ပြုနေပြီး မြန်မာဘက်မှကုန်ကားများကိုမူ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မရရှိသေးကြောင်း သိရသည်။