CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

၂ နှစ်နီးပါးကြာ ပိတ်ထားရသော မြဝတီမြို့နှင့် မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် ထိုင်း - မြန်မာနယ်စပ်ရှိ မြဝတီ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် လက်ရှိတွင် ဖွင့်လှစ်ရန် မသေချာသေးကြောင်း သိရသည်။

အဆိုပါ မြဝတီ - မဲဆောက် အမှတ် (၁) တံတားအား ကိုဗစ်ကာလ ပထမလှိုင်း စတင်ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ်၊ မတ်လ အစော ပိုင်းကတည်းက ပိတ်ထားခဲ့ရာ ထိုင်းနိုင်ငံတွင်း ကိုဗစ်-၁၉ ကူးဆက်မှုများ ယနေ့အချိန်ထိ ဖြစ်ပွားနေခြင်းနှင့် မြန်မာနိုင်ငံအတွင်း အခြေအနေများကြောင့် ဖွင့်လှစ်ရန် အလှမ်းဝေးနေသေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၁)ဖွင့်ဖို့က အရမ်းလည်း အလှမ်းဝေးအုံးမယ်။ ထိုင်းနိုင်ငံထဲမှာ ကူးစက်ရောဂါ အိုမိုက်ခရွန်က ပြန်ပြီးတော့မှ ဖြစ်နေတယ်။ ၇၀၀ ကျော်ကနေ အခု ထောင်ကဏန်း ဖြစ်လာတော့ ဒီ မဲဆောက်က ဒီတာ့ခ်ခရိုင်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ နဲ့ ၂ ရှိတဲ့ နယ်မြေမှာ အခုချိန်ထိ သူက အနီရောင် နယ်မြေအဖြစ် သတ်မှတ်ထားဆဲပဲ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးတော့ သူ့အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက။ ဒါကြောင့် မို့လို့ နှစ်နိုင်ငံ ကူးသန်းသွားလာတဲ့နေရာမှာ နှစ်နိုင်ငံ ချစ်ကြည် ရေးတံတား အမှတ်(၁) ပြန်လည်ဖွင့်ဖို့ဆိုတာက တော်တော် လေးကို ဝေးပါသေးတယ်”ဟု  CNI သို့ ပြောသည်။

နှစ်နိုင်ငံ သဘောတူစာချုပ် (MOU)စနစ်ဖြင့် လုပ်သားပို့ဆောင်ရေး ဆောင်ရွက်ရန်နှင့် နယ်စပ်ခရီးသွားလာမှုအတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ချစ်ကြည်ရေးတံတား အမှတ် (၁)ကို ပြည်လည်ဖွင့်လှစ်ရန် ထိုင်းဘက်ခြမ်းက ကြိုတင် ပြင်ဆင် မှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့်ကျန်းမာရေး အခြေအနေများကြောင့် ဖွင့်လှစ် နိုင်ခြင်း မရှိသေးပေ။

ပုံ- မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကိုတွေ့ရစဉ်။

အဆိုပါ တံတားမဖွင့်လှစ်နိုင်သေးခြင်းကြောင့် မြဝတီဒေသအတွင်း ကုန်သွယ်ရေးအခက်အခဲ တချို့ရှိနေပြီး ကုန်ဈေးနှုန်းများ မြင့်မားနေကြောင်း ထိုင်း-မြန်မာ ကုန်စည်နှင့်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းမှ ကိုရဲရင့်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းဘက် ဖွင့်မယ်လို့ စီစဉ်ခဲ့ကြတာပေါ့။ ထိုင်းဘက်က သူတို့ထားမယ့်နေရာ ကွာရတင်းနေရာ အကုန်လုံး ရှိတယ် လေ။ မြန်မာဘက်ကတော့ ပြင်ဆင်မှုနေရာတွေ ဘာမှ မရှိတဲ့အခါကျတော့ အဲလိုမျိုးပေါ့နော်၊ သူတို့ကလည်း အဆင်မပြေဘူး လေ။ ဖွင့်လိုက်ပြီဆိုရင်တော့ အကုန်လုံးအတွက် ကောင်းတာပေါ့။ ထိုင်းရောက် မြန်မာတွေ အလုပ်သွား လုပ်ရတာလည်း အဆင်ပြေမယ်။ နယ်စပ်ကလူတွေလည်း စားဝတ်နေရေးက အကုန်လုံး အဆင်ပြေသွားမှာပေါ့။ အခုက တံတားပိတ်ထား တော့ ကုန်ဈေးနှုန်းတွေ ကလည်းကြီး ဂတ်စ်ဈေးတွေလည်း တက်တဲ့အခါကျတော့ အဆင်မပြေကြဘူးလေ ဘယ်သူမှ” ဟု ပြောသည်။

လက်ရှိတွင် COVID-19 ဖြစ်ပွားနေမှု အခြေအနေများကြောင့် မြဝတီချစ်ကြည်ရေးတံတားအမှတ်(၁)ကို ပိတ်ထားဆဲဖြစ်သော် လည်း မြဝတီချစ်ကြည်ရေးတံတား အမှတ်(၂)မှ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားသည်။

ထို့နောက် နေရပ်ပြန်လိုသော မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုလည်း အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး အစီအမံများဖြင့် အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည် လက်ခံနေသည်။