CNI International News

ဘန်ကောက်၊ ဧပြီ ၁၁

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လေထုညစ်ညမ်းနေသော်လည်း ခရီးသွားလာရောက်မှု လျော့ကျခြင်းမရှိကြောင်း ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ ချင်းမိုင်ရုံးမှ ညွှန်ကြားရေးမှူး ပက်ဆင်ဆာဝီထရတ် (Patsin Sawetrat)က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

တောမီးလောင်မှုများမှ မီးခိုးများသည် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှု ရှိကောင်းရှိနိုင်ကြောင်း ၎င်းက ဝန်ခံ ပြောကြားခဲ့သော်လည်း ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသော ဆွန်ကရမ် ရေကစားပွဲတော်အတွင်း ဟိုတယ် လာရောက်တည်းခိုသူ မြင့်တက်လာလိမ့်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ချင်းမိုင်မြို့တွင် ဆွန်ကရမ် ရေကစားပွဲတော်ကာလအတွင်း ခရီးသွားကဏ္ဍမှ မျှော်မှန်းဝင်ငွေသည် ခန့်မှန်းခြေ ဘတ် ၁.၂ ဘီလျံခန့်ရှိသည်ဟု ပက်ဆင်ဆာဝီထရတ်က ပြောကြားခဲ့သည်။

မိမိတို့ရုံးက ဒေသခံများနှင့် ဧည့်သည်များအတွက် ဘုန်းကြီးကျောင်း ၉ ကျောင်းတွင် အထွတ်အမြတ် ရေစင်ပွဲကို ပြုလုပ်သွားမည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

 ချင်းမိုင်မြို့တွင် ခရီးသွားများကိုတွေ့ရစဉ် 

အထွတ်အမြတ်ရေစင်ကို ပုလင်း ၁၇,၇၂၈ ဘူးတွင် ဖြည့်သွားမည်ဖြစ်ကာ မြို့သူမြို့သားများအား မင်္ဂလာရှိသော ပစ္စည်းတစ်ခုအဖြစ် မျှဝေလှူဒါန်း သွားမည်ဖြစ်သည်။ 

ချင်းမိုင်မြို့တွင် အလားတူပွဲများကို ကျင်းပလာခဲ့သည်မှာ လေးနှစ် ဆက်တိုက်ရှိပြီ ဖြစ်သည်။

သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပက်ချာရာဝက်ဝေါင်ဆူဝန်(Patcharawat Wongsuwan)က ပုံမှန်ပြုလုပ်နေကြ အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရန် အဆင့်မြင့်ကော်မတီ အစည်းအဝေးတစ်ရပ်ကို အရေးပေါ် ခေါ်ယူခဲ့သည်။

ချင်းမိုင်တွင် အုပ်ချုပ်ရေးမှူး နီရတ်ပွန်းဆစ်သီသာဗွန်(Nirat Pongsitthithavorn)က ဒေသခံအုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် အဖွဲ့အစည်းတစ်ခုစီအတွင်း လေသန့်စင်သော အခန်း ၃ ခန်းထက်မနည်း ထားရှိရန် ညွှန်ကြားခဲ့သည်။ 

အလားတူ အခန်းများကိုလည်း ဆေးရုံများ အားလုံးတွင် ထားရှိသွားမည်ဖြစ်သည်။

ဝန်ကြီး ပက်ချာရာဝက်ဝေါင်ဆူဝန်ကို တွေ့ရစဉ်

ခုခံအားနည်းသော သို့မဟုတ် လေထုညစ်ညမ်းမှု အကျိုးဆက်ကို ကြုံတွေ့နိုင်ခြေ အမြင့်ဆုံးဟု ယူဆထားသူ ၄ သိန်းကျော်ကို အထူးဂရုစိုက်ရန်လည်း ကျန်းမာရေးတာဝန်ရှိသူများကို မှာကြားခဲ့သည်။

၎င်းတို့ထဲတွင် အသက် ၅ နှစ်အောက်အရွယ် ကလေး ၁ သိန်းကျော်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃၀၀၀ ကျော်၊ နာတာရှည်ရောဂါ ဝေဒနာရှင် ၆၀၀၀ ကျော်၊ ပန်းနာရင်ကြပ် ရောဂါဝေဒနာရှင် ၄၀၀၀ ကျော်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို ၂၅၀,၀၀၀ ခန့်နှင့် နှလုံးရောဂါဝေဒနာရှင် ၁၆၀၀ ခန့် ပါဝင်သည်။

လူအများအနေဖြင့် ဧပြီ ၁၁ ရက်နေ့အထိ နေအိမ်အတွင်းတွင် နေထိုင်ကြရန်နှင့် အပြင်ထွက်သည့် အခါတွင်လည်း နှာခေါင်းစည်း တပ်ဆင်ကြရန် အကြံပြုထားသည်။

Source: Thai PBS World