CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

ထိုင်းသို့ လုပ်သားစေလွှတ်နေသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ ဝန်ဆောင်ခကို မြန်မာကျပ်ငွေအစား ဘတ်ငွေဖြင့်  ပြောင်းလဲသတ်မှတ်ရန် မြန်မာပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များအသင်း (MOEAF) တာဝန်ရှိ သူများနှင့် ထိုင်းလုပ်ငန်းကော်မတီ ခေါင်းဆောင်များမှ တင်ပြထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အခြား နိုင်ငံများသို့ စေလွှတ်သည့် အေဂျင်စီများ၏ ဝန်ဆောင်ခနှုန်းထားမှာ သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေး (သို့မဟုတ်) ဒေါ်လာဖြင့် သတ်မှတ်ထားသဖြင့် ထိုင်းသို့ စေလွှတ်သည့် အေဂျင်စီများ၏ ဝန်ဆောင်ခကိုလည်း ဘတ်ငွေဖြင့် သတ်မှတ်ရန် တင်ပြထားခြင်းဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘာလို့ဆို ဘတ်ဈေး မတည်ငြိမ်မှုအပေါ်မှာ ဝန်ဆောင်ခတွေ ခဏခဏ အပြောင်းအလဲတွေ ဖြစ်နေတယ်။ အဲဒီတော့ တက်လိုက် ကျလိုက်တွေ ဖြစ်နေတဲ့အခါကြတော့ မလေးရှားလိုပဲပေါ့ မလေးရှားကလည်း ဒေါ်လာနဲ့ သတ်မှတ်တယ်။ ထိုင်းကိုလည်း ဘတ်ငွေနဲ့ သတ်မှတ်ပေးဖို့ MOEAF အဖွဲ့ချုပ်က တင်ပြတာပေါ့။ တရားဝင် စာထွက်မှ ဒီနှုန်းထားက အတည်ဖြစ်မှာပါ။ ဂျပန်ဆိုလည်း ဒေါ်လာနဲ့ပဲ သတ်မှတ်ထားတာ။ တော်တော်များများက သက်ဆိုင်ရာနိုင်ငံ ပိုက်ဆံတွေ၊ ဒေါ်လာတွေနဲ့ သတ်မှတ်တဲ့အတွက် ထိုင်းကိုလည်း ဘတ်ငွေနဲ့ သတ်မှတ်ပေးဖို့ သွားရောက်ပြီးတော့ မေတ္တာရပ်ခံထားတာပေါ့။ ဟိုအရင်တုန်းကတော့ ဘတ်ငွေ တည်ငြိမ်တဲ့အတွက် အဆင်ပြေ တယ်။ ဘတ်ဈေးတည်ငြိမ်တယ်။ ‌ဒေါ်လာဈေး တည်ငြိမ်တဲ့အတွက် တော်တော်များများ ပြဿနာမရှိဘူး အဆင် ပြေတယ်။ အခုနောက်ပိုင်းမှာ ငွေဈေး မတည်ငြိမ်မှုတွေ ဖြစ်လာတော့ ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့။ ဆုံးရှုံး တာတွေ ဖြစ်လာကြတယ်။ အဲဒါကြောင့် ဘတ်နဲ့ သတ်မှတ်ပေးဖို့ request လုပ်ကြတာ” ဟု ပြောသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကို တွေ့ရစဉ်

ထိုင်းပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ ဝန်ဆောင်ခအား ယခင်က ကျပ်ငွေ ၁ သိန်းခွဲ သတ်မှတ်ထားသော် လည်း ၎င်းနှုန်းထားမှာ အဆင်မပြေသည့်အတွက် ဝန်ဆောင်ခတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြရာ လက်ရှိတွင် ကျပ်ငွေ ၃ သိန်းသို့ တိုးမြှင့်ပေးထားခြင်းဖြစ်သည်။

မြန်မာကျပ်ငွေအစား ဘတ်ငွေဖြင့်  ပြောင်းလဲသတ်မှတ်ရန် တင်ပြထားရာ၌ ဝန်ဆောင်ခ နှုန်းထားအား ဘတ်ငွေ ၁ သောင်းခန့် တောင်းဆိုထားကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။
သို့သော် ထိုနှုန်းထားနှင့်ပတ်သက်၍ တင်ပြထားဆဲသာဖြစ်ပြီး ဝန်ကြီးဌာနမှဘက်မှ တစ်စုံတစ်ရာ အတည်ပြုစာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပွင့်ဖူးအောင်ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘာလို့ဆိုတော့ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းကပဲ ဗမာငွေနဲ့ အသုံးပြုနေတယ်။ အခု ဘတ် ၁ သောင်း တောင်းထားတယ်၊ ၁၂၀၀၀ တောင်းထားတယ်ပေါ့။ ၁ သောင်းကတော့ တောင်းရတာပေါ့။ ၁ သောင်း လောက် တောင်းမှ ၈၀၀၀ လောက်  ချရင် ချပေးမှာလေ။ 

 မြန်မာအလုပ်သမားတွေကိုတွေ့ရစဉ်

အဲဒါတောင်မှ တို့က ၂ ပိုင်းခွဲရဦးမှာ။ ဟိုဘက်က U-turn သမားကို ၁ သောင်း သွားတောင်းရင် U-turn သမားက မလာတော့ဘူးလေ။ U-turn သမားက ဟိုဘက်မှာ ဘာမှ အလုပ်ရှုပ်တာမဟုတ်ဘူး။ ပြန်တဲ့ ဘာ process မှရှိတာမဟုတ်ဘူး။ လက်မှတ်သွားထိုးပေးပြီးတော့ ကလေး တွေကို ပြန်ပို့လိုက်ရုံပဲလေ” ဟု ပြောသည်။

ထိုင်းနိုင်ငံသို့ MOU လုပ်သား စေလွှတ်ရာတွင် ရန်ကုန်-မြဝတီ-မဲဆောက်လမ်းကြောင်းသည် လမ်းခရီး အခြေအနေရ အဆင်မပြေသေးသဖြင့် ကော့သောင်း-ရနောင်း လမ်းကြောင်းအပြင် ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးဖြင့် စေလွှတ်ရန် အလုပ်သမားဝန်ကြီးဌာနမှ သဘောတူညီခဲ့သည်။

သို့သော် လက်ရှိတွင် ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးဖြင့် စေလွှတ်ရန် တင်ပြသည့်အခါတွင် ခေတ္တခဏ စောင့်ဆိုင်းပေးရန် အကြောင်းပြန်သဖြင့် ကော့သောင်း-ရနောင်း လမ်းကြောင်းကိုသာ အဓိကထား စေလွှတ် နေရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စေလွှတ်ရာတွင် ကော့သောင်းလေယာဉ်သည် လူ ၅၀ ခန့်သာ ခုံရရှိသဖြင့် ခရီးသည်များလည်း ပါဝင်သည့် အတွက် လူ ၅၀ ခေါ်ယူထားသည့် အလုပ်ခေါ်စာ တစ်စောင်အား  ၂ ရက်ခွဲပို့ရကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ များထံက သိရသည်။