CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၁

ထိုင်းတွင် ခရိုင်နယ်စပ် ဖြတ်ကျော်ခွင့် ကန့်သတ်ထားခြင်းကြောင့် နေရပ်မပြန်နိုင်ဘဲ ဖြစ်နေသည့် တရားဝင် မြန်မာအလုပ် သမားများ နေရပ်ပြန်နိုင်ရေး NUG မှ တာဝန်ရှိသူများ ကူညီပေးသင့်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့် ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအစိုးရမှ ကိုဗစ်ကြောင့်ဆိုပြီး လက်ရှိအချိန်ထိ တရားဝင် မြန်မာ အလုပ်သမားများအား ခရိုင်နယ်စပ် ဖြတ်ကျော်ခွင့် ကန့်သတ်ထား၍ နေရပ် မပြန်နိုင်ဘဲ ပိတ်မိနေသည့် မြန်မာအလုပ်သမား တစ်သန်းခွဲ ဝန်းကျင်ရှိကြောင်း သိရသည်။

ကိုသားကြီးက “ဒီအချိန်မှာ သူတို့က ကိုဗစ်ကိုိုလာပြီး အကြောင်းပြလို့ မရတော့ဘူးလေ။ ဘာကြောင့်ဆို Tourist နဲ့ အလည် လာမယ့် သူတွေကိုတောင် လက်ခံသေးတာပဲ ဖွင့်ပေးသေးတာပဲ။ ဒါသူ့နိုင်ငံရဲ့ အကျိုးမြတ်ကို မျှော်ကိုးတယ်လို့ ပိုပြီး အလေး ထားပြောချင်တယ်။ NUG အစိုးရသာလျှင် ကျနော်တို့ ရွေးကောက်ထားတဲ့ တင်မြှောက်ထားတဲ့ တရားဝင် အစိုးရဖြစ်တယ်။ ကျနော်တို့ အစိုးရသည် NUG အစိုးရ ဖြစ်တယ်။ နောက်တစ်ခုက NUG က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ထိုင်းနိုင်ငံမှာ အလုပ် သမားအရေး တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အလုပ်သမားဝန်ကြီးဌာနက ဒီပြည်တော်ပြန်မယ့် မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သန်းခွဲ လောက်ရှိတာပေါ့။ အပြင်မှာရော လက်ရှိ ထောင်ပေါင်းများစွာမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုရော၊ မိမိတို့အစိုးရကနေပြီးတော့မှ ထိုင်းအစိုးရကို တောင်းဆိုတာမျိုးတွေပေါ့။ မြန်မာနိုင်ငံသားတွေ ပြန်ဖို့အတွက် တောင်း ဆိုတာမျိုးတွေ၊ အလွယ်တကူ မိခင်နိုင်ငံကို ပြန်လို့ရတဲ့ အခွင့်ရေးတွေ ဖြစ်ပေါ်လာဖို့အတွက် အစိုးရအချင်းချင်း ဆွေးနွေးပေးပါလို့ ကျနော့်အနေနဲ့ ပြောကြားလိုတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက တရားမဝင် အထောက်အထားမဲ့ ဖမ်းဆီးထားသည့် အလုပ်သမားများကိုသာ နေရပ် ပြန်ပို့ပေးခြင်းကို လုပ်ဆောင်နေကြောင်း၊ ထိုသို့ နေရပ် ပြန်ပို့ပေးရာတွင်လည်း ထိုင်းဘတ်ငွေ ပေးသူများကိုသာ ဦးစားပေး ပြန်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမားများကို တွေ့ရစဉ်

ထို့ကြောင့် တရားဝင် အလုပ်သမားများသည်လည်း နေရပ်ပြန်ချင်ပါက တစ်စုံတစ်ခု ပြုလုပ်ပြီး အဖမ်းဆီးခံကာ နေရပ်ပြန်ရန် လုပ်ဆောင်ကြရကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားများထံက သိရသည်။

စက်ရုံအလုပ်သမား ကိုမိုးလေးက “မြန်မာပြည် ပြန်တာကတော့ အခုလက်ရှိက ပြန်လို့မရသေးဘူး။ ပြန်တဲ့အချိန်က အခု လက်ရှိ တော်တော်လေး အခက်အခဲရှိတယ်။ မြန်မာပြည်ပြန်တာ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေဘဝက ထောင်ကျ ခံပြီးတော့ကို ပြန်နေရတာ။ အဓိကကတော့ ထိုင်း လ.ဝ.က ရုံးမှာပေါ့၊ နားလည်မှုနဲ့ ပိုက်ဆံပေးပြီးတော့ ဖမ်းခံရတဲ့ ပုံလိုမျိုးနဲ့ လ.ဝ.က ကားနဲ့ ပြန်တာ။ သူတို့က ကန့်သတ်ပေးထားတယ်၊ တစ်မြို့နယ်မှာ ဘယ်နှယောက်ပဲ ပို့လို့ရတယ်။ ဥပမာ အယောက် ၂၀၀ သူတို့ ကန့်သတ်ထားတယ်။ ဒါဆိုရင် ပြန်ချင်တဲ့သူက ပိုက်ဆံ ပိုကုန်ပြီးတော့ ပြန်ရတယ်။ ၇၀၀၀(ဘတ်)၊ ၈၀၀၀(ဘတ်) တချို့လည်း သောင်းကဏန်းအထိ ရှိတယ်။ ဒါတောင်မှ ထောင်သမားလိုမျိုး ပြန်ရတာပေါ့။ ကိုဗစ်ကြောင့်လို့ ပြောတာပဲ။ ခုချိန်မှာတော့ ကိုဗစ်ကလည်း မရှိတော့ဘူးဆိုတော့ အဓိကကတော့ ငွေပေါ့။ ဟိုတုန်းကဆိုရင် ရွှေ့ပြောင်း အလုပ်သမားတွေ ပြန်မယ်ဆိုရင် လ.ဝ.က ရုံးမှာ တုံးထုလိုက် တုံးထုပြီးရင် ဒီနေ့ ထပြန်မယ်ဆိုလည်း ပြန်လို့ရတယ်။ ခုချိန်မှာ ဒီနေ့ ထပြန်ချင် ပြန်လို့မရဘူး။ တချို့တွေဆို လနဲ့ချီပြီး စောင့်ရတာ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ တရားဝင် မြန်မာအလုပ်သမားများ နေရပ်ပြန်ချင်သော်လည်း ပြန်ခွင့် မရခြင်းသည် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ မဖွင့် သေးသည့် အတွက်လည်း ဖြစ်ကြောင်း၊ နေရပ် ပြန်နိုင်ရေးအတွက် ကုန်ကျစရိတ်မှာ ယခင်ကထက် များပြားကြောင်း သိရသည်။

ထိုင်းကို အလုပ်သွားလုပ်မည့် မြန်မာများ

ကိုဗစ် စတင် ဖြစ်ပွားချိန်မှ စတင်၍ ယခုကဲ့သို့ ခရိုင်နယ်စပ် ဖြတ်ကျော်ခွင့် ကန့်သတ်ထားခြင်းဖြစ်ကြောင်း၊ NLD အစိုးရ လက်ထက်က နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်း၍ နေရပ် ပြန်ချင်သူများအား နေရပ် ပြန်ပို့ပေးခြင်း လုပ်ငန်းစဉ်အား လုပ်ဆောင် ခဲ့ကြကြောင်း သိရသည်။

နစကနှင့် NUG တို့အကြား အစိုးရဖြစ်ရေး အားပြိုင်နေမှုများသာရှိပြီး အလုပ်သမားအ‌ရေးနှင့်ပတ်သက်၍ တာဝန်ခံမှု တာဝန် ယူမှု တစ်စုံတစ်ရာ မလုပ်ပေးနိုင်သေးကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

ကိုသားကြီးက “မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ လူ့အခွင့်ရေးကို ချိုးဖောက်တာ၊ လွတ်လွတ်လပ်လပ် သွားလာ လို့ ရမယ့်ကိစ္စကို နိုင်ငံကူး လက်မှတ် ရှိပါလျက်နဲ့ လွတ်လွတ်လပ်လပ် သွားလာလို့ မရတာတွေပေါ့။ အစိုးရရဲ့ အားနည်းချက် တွေလည်း အများကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကလည်း ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတဲ့ အခြေအနေမျိုး ရောက်နေတော့ မြန်မာပြည်သူတွေဟာ ထိုင်းကနေ မိခင်နိုင်ငံကို ပြန်ချင်တာတောင် ပြန်လို့ မရဘူး။ အခက်ခဲတွေ အများကြီးရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းဖြစ်နေပြီး အလုပ်ကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများ များပြားလာနေကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် MOU အလုပ်သမားများအား မေလ ၁၀ ရက်နေ့မှ စတင်ကာ စေလွှတ်လျက်ရှိကြောင်း သိရသည်။