CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

ပြည်တွင်းဆန်ဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း တဖြည်းဖြည်း မြင့်တက်လာနေပြီး ဆန်တစ်ပြည်လျှင် ၄၀၀ ကျပ်မှ ၆၀၀ ကျပ်အထိ မြင့်တက်လျက်ရှိနေသည်ဟု ဆန်ဈေးကွက်အတွင်းမှ ကြားသိရသည်။ 

ပြည်ပတင်ပို့မည့်သူများက ဆန်ကို ဈေးနှုန်းတိုးမြှင့်၍ ဝယ်ယူလာကြသည့်အတွက် ပြည်တွင်းဆန် ဈေးနှုန်း  မြင့်တက်လာရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဝယ်က exporter တွေကလည်း ပြည်ပပို့ဖို့ လိုအပ်ချက်ရှိတယ်။ ပြည်တွင်းကတော့ ပုံမှန် စားသုံးမှု ရှိတာပေါ့။ နောက် ဈေးသိပ်မြင့်ရင်လည်း လှောင်တဲ့သူတွေက ပြန်ထုတ်မှာပါ။ အခု နည်းနည်း လေး ပြန်ထွက်လာတယ် ဆန်က။ အဲဒါကလည်း သူ့ရဲ့ မူဝါဒအပေါ် မူတည်သေးတယ်။ ပြီးခဲ့တဲ့ ဆန်ဈေး တက်တာလည်း ပို့ကုန်ဝင်ငွေကို မြှင့်ပေးလိုက်တာပေါ့။ မြှင့်ပေးလိုက်တော့ exporter တွေ ဈေးကြိုက် တော့ သူတို့က ဈေးတိုးဝယ်ကြတယ်။ မူဝါဒပေါ် မူတည်ပါတယ် အဲဒီဟာတွေကတော့။ နောက် export အဖွင့်အပိတ်တို့။ ပြည်တွင်းစားဆန်ကတော့၊ ပြည်တွင်းစားသုံးမှုကတော့ ပုံမှန်ရှိတယ်။ ပြည်ပပို့တဲ့ မူဝါဒ တွေက အပြောင်းအလဲရှိတယ်၊ ငွေကြေးဆိုင်ရာ အပြောင်းအလဲရှိတဲ့အပေါ် မူတည်ပြီးတော့ ဆန်ဈေးက အနိမ့်အမြင့် ဖြစ်သွားတာ” ဟု ပြောသည်။

ဆန်ချောအမျိုးအစားဖြစ်သည့် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၂၀၀၀၀(တစ်သိန်းနှစ်သောင်းကျပ်)ရှိရာမှ လက်ရှိတွင် ၁၂၅၀၀၀(တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်)နှင့် ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဧည့်မထဆန်တစ်အိတ်လျှင် ၈၀၀၀၀(ရှစ်သောင်းကျပ်) ရှိရာမှ ၈၄၀၀၀(ရှစ်သောင်းလေးထောင်ကျပ်)သို့ ယခုလအတွင်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် စပါးဝယ်ယူမှု မြင့်တက်လာပြီး စပါးဈေးနှုန်းသည်လည်း တင်း ၁၀၀ လျှင် ၈၀၀၀၀ ကျပ်ခန့် မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဆန်ဈေးနှုန်းသည်လည်း လိုက်ပါမြင့်တက်လာခြင်း ဖြစ်သည်ဟု တောင်သူများက ပြောသည်။

သို့သော်လည်း နွေစပါးလှိုင်လှိုင်ပေါ်ချိန်တွင် ဆန်ဈေးနှုန်းသည် ပြန်လည်တည်ငြိမ်လာမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“ဒီမှာလည်း စပါးဈေးက စပါး ၁၀၀ ပေါ်မှာ အဝယ်လေး နည်းနည်းလိုက်လာတော့ ၄/၅/၈ သောင်း လောက် တက်သွားတော့ ဆန်တစ်ပြည်ပေါ်မှာ အဲဒီလောက် တက်သွားတာပေါ့။ ဒီအချိန်ကတော့ နည်းနည်းတော့ တက်မှာပဲ။ နွေစပါးလှိုင်လှိုင်မပေါ်သေးတာရယ်ကြောင့်မို့လို့လေ။ လှောင်ထားတဲ့သူ တွေကလည်း စပါးအလျော့အတွက်ရယ်၊ ငွေဈေးတက်တာရယ်ကြောင့် ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုတော့ စပါးပေါက်တဲ့ဈေးနဲ့ လက်ရှိ မြန်မာငွေဈေးတန်ဖိုးနဲ့ဆိုတော့ ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုတော့ တက်မှာပဲ။ ဒါပေမယ့် အလွန်အကြူးတော့ မတက်လောက်ဘူးလို့ အောက်မေ့ပါတယ်လို့” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများသည် စပါးဈေးနှုန်း ကောင်းမွန်ခြင်းကြောင့် ယခုနှစ်တွင် မိုးစပါး၊ ဆောင်းစပါးနှင့် နွေစပါးများကို တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် ပြည်တွင်းစားသုံးရန် ဆန်သည် လုံလောက်မှုရှိကြောင်း သိရသည်။

သို့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တချို့သော မြို့နယ်များသည် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် စိုက်ပျိုးရန်နှင့် ရိတ်သိမ်းရန် မလွယ်ကူခြင်းကြောင့် စပါးထွက်ရှိမှု လျော့နည်းကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မှုသည် လျော့နည်းလျက် ရှိနေ သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။