CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၁၆

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)က အလုပ်အကိုင် အခွင့်အလမ်းများနှင့် အရည်အချင်း ရှိသူများကို ဆွဲဆောင်းနိုင်စေရန် ပြည်တွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်း(semiconductor)များ ထုတ်လုပ်သည့် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ဆိုင်းငံ့ခွင့်ကို သက်တမ်းတိုးသွားမည်ဟု ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ကမ္ဘာ့ထိပ်သီး မန်မိုရီချစ်ပြားများ ထုတ်လုပ်သည့် Samsung Electronics ကုမ္ပဏီကြီး တည်ရှိသည့် တောင် ကိုရီးယားသည် ချစ်ပြားများ၊ display များနှင့် ဘက္ကထရီများ ထုပ်လုပ်မှု အပါအဝင် အဆင့်မြင့် နည်းပညာကဏ္ဍ တွင် ပြိုင်ဆိုင်မှုများကို မြင့်တက်စေရန် ထောက်ပံ့ပေးပြီး အခွန်းဆိုင်းငံ့ခွင့်ကာလကို ထပ်မံတိုးချဲ့ပေးရန် ရည်ရွယ် ခဲ့ခြင်းဖြစ်သည်။

"နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ စကားပြောရမယ်ဆိုရင် တောင်ကိုရီးယားနှင့် ပတ်သက်ပြီး ကျနော် အများဆုံး ပြောတာကတော့ BTS ( K-pop အမျိုးသား အဆိုတော်အဖွဲ့)နဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ အကြောင်း ပဲ ဖြစ်ပါတယ်" ဟု ယွန်းက ချစ်ပြားထုတ်လုပ်မှုနယ်ပယ်မှ အရာရှိများ၊ ကျောင်းသားများနှင့် အစည်းအဝေး ပြုလုပ်ချိန်တွင် ပြောကြားခဲ့သည်။

ချစ်ပြားထုတ်လုပ်မှုကို တွေ့ရစဉ်

တောင်ကိုရီးယားသည် ဆိုးလ်မြို့တော် တောင်ဘက် ယွန်ဂျင်း (Yongin) မြို့တွင် ချစ်ပြားထုတ်လုပ်သည့် အကြီး စားစက်ရုံ တစ်ရုံကိုလည်း တည်ဆောက်လျက်ရှိသည်။

ထိုစက်ရုံသည် ကမ္ဘာ့အကြီးဆုံး နည်းပညာမြင့် ချစ်ပြားများ ထုတ်လုပ်သည့် စက်ရုံကြီးဖြစ်လာနိုင်ကြောင်း အမွှမ်းတင် ဖော်ပြခဲ့သည်။

အဆိုပါ စက်ရုံ တည်ဆောက်ပြီးစီး သွားပြီဆိုပါက လာမည့် နှစ်ပေါင်း ၂၀ အတွင်း အလုပ်အကိုင်ပေါင်း ၃ သန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ကနဦး ရင်းနှီးမြှုပ်နှံမှုသည် ဝမ် ၆၂၂ ထရီလျံ (ဒေါ်လာ ၄၇၀ ဒသမ ၈၂ ဘီလျံ) ရှိလာလိမ့်မည်ဟု မျှော်မှန်းထား ကြောင်း ယွန်းက ပြောကြားခဲ့သည်။

ဆမ်ဆောင်းရုံးကို တွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တောင်ကိုရီးယားအစိုးရသည် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုရှိသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း များ ထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် အခွန်ဆိုင်းငံ့ခွင့်ပေးသည့် အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ သည်။ 

ထိုအစီအစဉ်သည် ယခုနှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

"တစ်ပိုင်းလျှပ်ကူးပစ္စည်းနယ်ပယ်မှာ အခွန်ဆိုင်းငံ့ခွင့် ပေးထားတဲ့ အစီအစဉ်ဟာ ဒီနှစ်ကုန်မှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် အဲဒီအစီအစဉ်ကို သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်" ဟု ယွန်းက ပြောကြားခဲ့သည်။ 

တောင်ကိုရီးယား၏ ထိပ်သီး နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Samsung Electronics ကလည်း တောင်ကိုရီးယား ၏ ချစ်ပြားထုတ်လုပ်မှု ပမာဏကို မြှင့်တင်ရန်အတွက် ၂၀၄၂ ခုနှစ်အထိ ဒေါ်လာ ၂၃၀ ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ် ထားကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ