CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၁၅ 

ထိုင်းအစိုးရသည် ပါဝါအပျော့ သို့မဟုတ် အာဏာအပျော့ (soft power) ဟု လူသိများသည့် နိုင်ငံရေးမူဝါဒ တစ်ခု ကို ပိုမိုချဲ့ထွင်သည့်အနေဖြင့် ဟန်ဂေရီနိုင်ငံအား ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ကြားခဲ့သည် ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုင်းတွင် soft power ကို ချဲ့ထွင်ရန် အခွင့်အလမ်းများနှင့်ပတ်သက်ပြီး မကြာသေးမီက ထိုင်းနိုင်ငံဆိုင်ရာ ဟန်ဂေရီသံအမတ် ဆန်ဒါ ဆစ်ပို့စ် (Sandor Sipos) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်သည် ထိုင်းနှင့် ဟန်ဂေရီအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့်် နှစ်ပေါင်း ၅၀ ပြည့််နှစ်ဖြစ်ပြီး မစ္စတာဆစ်ပို့စ်သည် မစ္စတာဖွမ်သမ်ကို နှစ်ပတ်လည် အထိန်းအမှတ် ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ခဲ့သည်။

၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုများအပြီးတွင် မစ္စတာဖွမ်သမ်က နှစ်နိုင်ငံအကြား ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းများ၊ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား လုပ်ဆောင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဈေးကွက်တန်ဖိုး ဒေါ်လာ သန်း ၇၉၁ ဒသမ ၂၀ ရှိမှုနှင့်အတူ ဟန်ဂေရီသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ထိုင်း၏ ထိပ်သီးစီးပွားရေး မိတ်ဖက်နိုင်ငံစာရင်းတွင် နံပါတ် ၁၁ နေရာတွင် ရှိခဲ့သည်။

 ဟန်ဂေရီသံအမတ် ဆန်ဒါဆစ်ပို့စ်နဲ့ ဖွမ်သမ် ဝီချာယာချိုင်းကို တွေ့ရစဉ်

ထိုင်းနိုင်ငံသည် ဟန်ဂေရီနိုင်ငံသို့ ကားများ၊ ကားနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာများ၊ ရေဒီယိုလှိုင်း လက်ခံပစ္စည်းများ၊ ရုပ်မြင်သံကြားများ၊ ရေပိုက်ခေါင်းများနှင့် ဆားကစ်ပြားများ တင်ပို့ရောင်းချခဲ့ပြီး ဟန်ဂေရီ နိုင်ငံထံမှ အီလက်ထရောနစ် ယန္တရားများ၊ ကားအစိတ်အပိုင်းများ၊ သိပ္ပံပစ္စည်းကိရိယာများနှင့် ဆေးဝါးပစ္စည်း ကိရိယာများကို တင်သွင်းဝယ်ယူခဲ့သည်။ 

ထို့ပြင် ထိုင်းနှင့် ဟန်ဂေရီ နှစ်နိုင်ငံစလုံးသည် ပါဝါအပျော့မူဝါဒ ဈေးကွက်ချဲ့ထွင်ရေးကို ဆွေးနွေးခဲ့ကြသည်။ 

ဟန်ဂေရီသည် ထိုင်း၏ စားသောက်ဖွယ်ရာများနှင့် ဝတ်စားဆင်ယင်မှုများကို မြှင့်တင်ရန် စီစဉ်နေသည်ဟုလည်း ဖွမ်သမ်က ပြောကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေး ကုန်ပစ္စည်းများ၊ ရာဘာထွက်ကုန်များ၊ ဆေးဝါးများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း များ အပါအဝင် ထိုင်းနိုင်ငံလုပ် ထုတ်ကုန်များကို ဟန်ဂေရီသို့ တင်ပို့ရောင်းချရန်လည်း အဆိုပြုခဲ့သည်ဟု ဖွမ်သမ် က ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းများ၊ အထူးသဖြင့် အရှေ့တိုင်း စီးပွားရေး စင်္ကြံတွင် ဆက်ဆံ ရေးများကို မြှင့်တင်ရန်လည်း ဟန်ဂေရီနိုင်ငံကို ဖိတ်ကြားခဲ့သည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကုန်သွယ် ရေးဝန်ကြီးလည်းဖြစ်သူ ဖွမ်သမ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်