တောင်ကိုရီးယားသမ္မတသစ် ရွေးချယ်စရာအနည်းငယ်ဖြင့် မြောက်ကိုရီးယားအရေး ရင်ဆိုင်နေရ

CNI International News

ဆိုးလ်၊ မတ်လ ၁၅

ရွေးကောက်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရခဲ့သော တောင်ကိုရီးယား ကွန်ဆာဗေးတစ်ပါတီမှ ယွန်ဆော့ရွဲ သည် မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရာ၌ ရွေးချယ်စရာ အနည်းငယ်သာရှိကြောင်း အေပီ သတင်း ဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် ၉ လကမှ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒ အတွေ့အကြုံမရှိသူ အစိုးရရှေ့နေ ဟောင်း ယွန်ဆော့ရွဲသည် ကမ္ဘာလုံးဆိုင်ရာ တုန်လှုပ်ခြောက်ခြားစရာ အဖြစ်အပျက်များနှင့် ဆယ်စုနှစ်များစွာ ထိပ်တိုက် တွေ့လာခဲ့သော မြောက်ကိုရီးယားတို့ကို ရင်ဆိုင်နေရပြီဖြစ်သည်။

မကြာမီ နုတ်ထွက်တော့မည့် သမ္မတမွန်းဂျေအင်း၏ မူဝါဒအောက်တွင် တောင်ကိုရီးယားသည် ကမ္ဘာ့အရေး၌ ဩဇာကျဆင်း သွားကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက ရှုမြင်ထားကြသည်။

ယွန်ဆော့ရွဲသည် လာမည့်မေလ၌ သမ္မတရာထူး စတင် မထမ်းဆောင်မီ အဆောတလျင် အစမ်းသပ် ခံရမည်ပုံ ရနေသည်။ မြောက်ကိုရီးယားသည် ဝါရှင်တန် (သို့မဟုတ်) ဆိုးလ်အပေါ် လက်နက်အင်အား ထုတ်ပြန်မှုများဖြင့် အစိုးရသစ်များကို မကြာခဏ နှိုးဆွရန် ကြိုးပမ်းလေ့ရှိရာ ယခုနှစ်တွင် တာဝေးပစ်ဒုံးကျည် စမ်းသပ်မှု ပြန်လည်စတင်ဖို့ အရိပ်အယောင် ပြသ နေသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း(AP)

ပြီးခဲ့သည့် သီတင်းပတ် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ လစ်ဘရယ်ပါတီမှ ပြိုင်ဘက်ကို ပွတ်ကာသီကာဖြင့် အနိုင်ရခဲ့ သော ယွန်ဆော့ရွဲသည် ယခုနှစ်အတွင်း မြောက်ကိုရီးယားဘက်မှ လက်နက်စမ်းသပ်မှု အရှိန်မြှင့်ခြင်းဖြင့် ဖိအားပေးသည့် ဗျူဟာ ပြသလာ၍ ဆွေးနွေးမှုလမ်းကြောင်းကို ပယ်ချ၍ ပြုံယမ်းနှင့် ပိုမိုတင်းမာ လာစရာရှိနေကြောင်း ၎င်းက ပြောကြားခဲ့ သည်။

ယခင်အစိုးရနှင့် ခြားနားစွာ လုပ်ဆောင်လိုသော ယွန်ဆော့ရွဲ အစိုးရသစ်သည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး၌ ငွေကျည်ဆန်မူဝါဒ (Silver Bullet policy) မရှိကြောင်း ဆိုးလ်မြို့ Ewha Womans တက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး ပါမောက္ခ လိဖ်အဲရစ်အက်စ်လေးက သုံးသပ်ပြောကြားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရေးသည် သံတမန်ရေးရာ ထိတွေ့ဆက်ဆံရန်နှင့် နျူကလီးယား ကင်းစင်ရေး ခြေလှမ်းများအတွက် စေ့စပ်ညှိနှိုင်းရန်တို့မှာ ကင်ဂျုံအန်း၏ သဘောဆန္ဒအပေါ် များစွာမူတည်နေကြောင်း ၎င်း က ဆက်လက် ပြောကြားခဲ့သည်။
“ကိုရိုနာဗိုင်းရပ်စ် လျော့နည်းသွားပြီး ပြည်တွင်းစီးပွားရေး တိုးတက်လာသည်အထိ အဆိုပါ လိုလားချက်မှာ အကောင် အထည် ပေါ်လာဖို့ မဖြစ်နိုင်သေးကြောင်း” ၎င်းက ရှင်းပြခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စမ်းသပ်စဉ်(AP)

ယခုနှစ်ဆန်းပိုင်းကတည်းက မြောက်ကိုရီးယားသည် ဒုံးကျည် ၉ ကြိမ် ပစ်လွှတ်ခဲ့ပြီး ထပ်မံပစ်လွှတ်မည့် အရိပ်လက္ခဏာ လည်း ပြသနေသည်။
ကင်ဂျုံအန်းသည် ဒုံးပျံမျိုးစုံကိုလည်း အာကာသထဲသို့ ပစ်လွှတ်နိုင်ရေး ဂြိုဟ်တုလွှတ်တင်ရေး အခြေစိုက် အဆောက်အအုံကို တိုးချဲ့ဖို့ မြောက်ကိုရီးယားအရာရှိများကို ညွှန်ကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက မတ်လ ၁၁ ရက် က သတင်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်တွင် နောက်ဆုံး လုပ်ဆောင်ခဲ့သော နျူကလီးယား စမ်းသပ်မှုနယ်ပယ်၌ ယခင်က သုံးစွဲခဲ့ ဖူးသည့် ဥမင်လိုဏ်ခေါင်းများကို ပြန်လည် တည်ဆောက်လာမည့် အလားအလာ ရှိနေကြောင်း တောင်ကိုရီးယားစစ်တပ်က ထောက်လှမ်းသိရှိခဲ့သည်။

Source: AP