CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅

MOU အလုပ်သမားများအား စေလွှတ်နေသည့် မြဝတီလမ်းကြောင်းတွင် ပေါက်ကွဲမှုများနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် လေကြောင်းဖြင့်ပါ စေလွှတ်နိုင်ရေး ထိုင်းသံအမတ်နှင့် ဆွေးနွေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ထိုင်းသို့ MOU အလုပ်သမားများအား စေလွှတ်ရာတွင် မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း စသည့် လမ်းကြောင်းနှစ်ခုဖြင့်သာ စေလွှတ်နေခြင်းဖြစ်ပြီး မြဝတီ-မဲဆောက် လမ်းကြောင်းမှ အဓိက အများဆုံး စေလွှတ်နေခြင်း ဖြစ်သည်။

 ရန်ကုန်အပြည်ပြည်ဆိုင် လေဆိပ်ကိုတွေ့ရစဉ်

ထိုသို့ အဓိကထား စေလွှတ်နေသည့် မြဝတီလမ်းကြောင်းတွင် တစ်ခါတစ်ရံ ပြဿနာများ ဖြစ်ပွားတတ်သည့် အတွက် ယခုကဲ့သို့ လေကြောင်းလိုင်းဖြင့်ပါ စေလွှတ်နိုင်ရေး ဆွေးနွေးနေခြင်းဖြစ်ပြီး ထိုင်းဘက်မှ မူအားဖြင့် သဘောတူကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အဓိကကတော့ ကျနော်တို့က ကုန်းလမ်းက တစ်ခါတစ်လေ မြဝတီဘက်က ပြဿနာရှိတာပေါ့။ သို့သော် လည်းပဲ ဘယ်လေကြောင်းလိုင်းတွေကို သုံးမလဲ။ နောက်တစ်ခါ အပြန်ခရီးသည် ရရှိရေးပေါ့။ အဓိကကတော့ ကျနော်တို့က ညှိတာကတော့ သုဝဏ္ဏဘူမိကို မဆင်းဘဲနဲ့ အရင်လေဆိပ်ဟောင်းပေါ့ ဒုံမောင်းကို ကျနော်တို့က တစ်ခါတည်းဆင်းပြီး အဲဒီကနေ MOU လွှတ်ချင်တာပေါ့နော်။ အဲဒီကြရင် အပြန်ကြတော့ နည်းနည်းခက်တဲ့ အခါ ကျတော့ တကယ်လို့ အဲဒီ ဒုံမောင်းနဲ့ သုံးမယ်ဟေ့ဆိုတဲ့အခါ တစ်ကြောင်းသွားသော်လည်း အပြန်မှာ နှစ်ကြောင်း စာပေးရမယ့် အနေအထားမျိုးတွေရှိတော့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့တော့ ကျနော်တို့ ဈေးနှုန်း ကိစ္စ တွေ အသေးစိတ် ပြန်ညှိရဦးမှာ ဖြစ်ပါတယ်။ ဖြစ်မှရယ် မဟုတ်ဘူး။ အဲဒီကို သုံးလို့ရှိရင်လည်း အချိန်တိုအတွင်း မှာ စရိတ်က သိပ်မကွာဘူးဆိုရင် အဲဒီနည်းလမ်းကို အလုပ်ရှင်တွေကတော့ ရန်ကုန်-ဘန်ကောက်ဆိုတော့ လေယာဉ်စီး ၁ နာရီပဲလေ။ ဂွက်ဆို ရောက်သွားတာပေါ့။ အချိန်တိုအတွင်း ရောက်ပြီးတော့ သက်ဆိုင်ရာ အလုပ် ခွင်ထဲလည်း မြန်မြန်ဝင်နိုင်တော့ အဲဒီဥစ္စာကိုလည်းသုံးဖို့ သူတို့ဘက်ကတော့ လိုလားတယ်ပေါ့။ သို့သော်လည်းပဲ ခုနကပြောတဲ့ ပြည်ဝင်၊ ပြည်ထွက်ကိစ္စတွေ၊ အသွား အပြန် လေယာဉ်လက်မှတ် တန်ဖိုးတွေပေါ့၊ လေယာဉ် လက်မှတ်ခ ပေးရမယ့်ဟာတွေ ဒါတွေက နည်းနည်းပြောကြဆိုကြ ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
MOU အလုပ်သမားများအား လေကြောင်းလိုင်းဖြင့် စေလွှတ်ရေး သဘောတူညီမှုရပါက မြဝတီလမ်းကြောင်း တွင် ပေါက်ကွဲမှုများ၊ တိုက်ပွဲများ ဖြစ်ပေါ်သည့်အချိန်မှသာ စေလွှတ်ခြင်းမျိုးမဟုတ်ဘဲ အချိန်မရွေးသွားနိုင်မည် ဖြစ်သည်။

မြ၀တီ-မဲဆောက် လမ်းကြောင်းပေါ်မှာ ဂတ်စ်ဘောက်ဆာကား ပစ်ခံရစဉ်

ထို့ကြောင့် မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း စသည့် လမ်းကြောင်းများ အပါအဝင် ထိုင်းသို့ လမ်းကြောင်း ၃ ခုလုံးဖြင့် စေလွှတ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းလိုင်းဖြင့် စေလွှတ်ရန် လုပ်ဆောင်ခြင်းသည် MOU အလုပ်သမားများ၏ လုံခြုံရေးကြောင့် ဖြစ်နိုင် သော်လည်း လေကြောင်းလိုင်းဖြင့် စေလွှတ်မည်ဆိုပါက အလုပ်သမားများအတွက် ဝန်ဆောင်ခ ကုန်ကျစရိတ် မှာ ယခုထက် ပိုကုန်ကျမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်း ဌာနသို့ ပြောသည်။

ထို့ကြောင့် လေကြောင်းလိုင်းဖြင့် စေလွှတ်ခြင်းအစား လက်ရှိ စေလွှတ်နေသည့် လမ်းကြောင်း ၂ ခုထဲမှ လုံခြုံမှု ရှိသည့် ကော့သောင်း-ရနောင်း လမ်းကြောင်းဘက်ကနေ MOU အလုပ်သမားများအား ပို၍ စေလွှတ် သင့် ကြောင်း ၎င်းက ပြောသည်။

ဦးမင်းဦးက “လူပို့တဲ့အခါကျတော့ လေကြောင်းနဲ့ကြတော့ သူက အကန့်အသတ် ရှိတာပေါ့။ ပြီးရင် ကျန်တဲ့ အပိုင်းတွေပါ လုပ်ရဦးမယ်။ ကျန်တဲ့အပိုင်းတွေဆိုတာက ဥပမာ အထောက်အထားနဲ့ ပတ်သက်တဲ့ ဟာတွေက ဒီအလုပ်အကိုင်နဲ့ ပတ်သက်တာ တစ်ခုတည်း မဟုတ်ဘူး။ ကျန်တဲ့ဟာတွေပါပေါ့။ အခုဆိုရင် ကိုဗစ် ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းမှာ အမျိုးမျိုး ပေါ်လစီတွေက နိုင်ငံခြားသားတွေ လာတဲ့အခါဆိုရင် ဘယ်နိုင်ငံတွေ ဘယ်နိုင်ငံ တွေဆို ဘယ်လို၊ ဆေးထိုးပြီးသားက ဘယ်လို၊ အာမခံဝယ်ရမှာ ဘယ်လို၊ အဲဒီဟာတွေကလည်း ရိုက်ခတ်မှု ရှိလာမှာပဲ။ အဲဒီအခါကြတော့ ဝန်ဆောင်ခက ဈေးပိုပြီးတော့ တက်လာမယ်လို့ ဒါကတော့ ကျိန်းသေတယ်။ နောက်ပြီးရင် နယ်စပ်ကပို့တာ မဟုတ်တဲ့ အတွက်ကြောင့် လူဦးရေ များများပို့ဖို့က မဖြစ်နိုင်ဘူး။ အဲဒီတော့ ဒီဘက်မှာ လိုအပ်နေတဲ့ လုပ်သားအင်အားကို ရအောင် ပို့ဖို့ဆိုတာက မလွယ်ဘူး။ ရနောင်းနဲ့ ကော့သောင်းဘက် အဲဒီဘက်ဆိုရင် တော်တော်များများ ပို့နိုင်တယ်။ မြဝတီလောက် မများဘူးဆိုပေမယ့်လေ။ ကော့သောင်းဘက်ကို ရအောင်လာ အဲဒီကနေမှတဆင့် ရနောင်းဝင်ပြီး ကျန်တဲ့နေရာကို သွားပေါ့နော်။ အဲဒီလို နည်းလမ်းနဲ့လည်း လာ နေ ကြတာတွေ တွေ့ရတယ်။ ဆိုတော့ အဲဒီလမ်းကြောင်းဘက်ကို ပိုပြီးတော့ ယူပေါ့နော်။ အဲဒီလမ်းကြောင်း ဘက် ပိုယူတဲ့အခါကြရင်လည်း လေကြောင်းလိုင်းကတော့ ပြည်တွင်း လေကြောင်းလိုင်းတော့ စီးရမှာပဲ။ ဆို တော့ အကြိမ်ရေ ပိုပြီးတော့ လွှတ်ရမှာပေါ့နော်” ဟု ပြောသည်။

 မြ၀တီမြို့ပေါက်ကွဲမှုကို မြင်တွေ့ရစဉ်

ထိုင်းနိုင်ငံသို့ MOU အလုပ်သမားများ စေလွှတ်ခြင်းကို ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရာမှာ ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ကာ ပြန်လည် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် MOU အလုပ်သမားများအား အဓိက အများဆုံး စေလွှတ်နေသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမ ကြီးတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ထိုသို့ တိုက်ပွဲဖြစ်ပွားချိန်များတွင် MOU အလုပ်သမားများ အား စေလွှတ်ခြင်းကို ခေတ္တရပ်နားထားရခြင်းများလည်း ကြုံခဲ့ရသည်။