CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉

လတ်တလောဖြစ်ပွားနေသော အစ္စရေးနှင့် ဟားမာ့စ်စစ်သွေးကြွအဖွဲ့ကြား စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေးနှင့် ရေနံ ဈေးများအပေါ် ရိုက်ခတ်မှုဖြစ်ကာ မြန်မာနိုင်ငံအတွင်းရှိ ရွှေနှင့်စက်သုံးဆီ ဈေးနှုန်းများကို သွယ်ဝှိုက်ကာ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်နေ့က ဒုံးကျည်ပေါင်း ထောင်ကဏန်းဖြင့် တိုက်ခိုက်ခဲ့ ရာ လူပေါင်း ရာနှင့်ချီသေဆုံးခဲ့သလို ထောင်နှင့်ချီ ဖမ်းဆီးခံခဲ့သည်။

ထို့နောက် အစ္စရေးစစ်တပ်က ဟားမာ့စ်ကို စစ်ကြေညာ၍ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်အဖွဲ့၏ ပစ်မှတ်များ ကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေခြင်းကြောင့် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား စစ်ပွဲမှာ ကြီးမား လာခဲ့သည်။

အဆိုပါ စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင် အကြီးစား စစ်ပွဲတစ်ခု ဖြစ်ပွားလာနိုင်သည့်အတွက် မြန်မာနိုင်ငံ ကို သွယ်ဝှိုက်၍ ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရွှေနှင့် စက်သုံးဆီများ ဈေးနှုန်းမြင့် တက်လာနိုင်၍ မည်ကဲ့သို့ ထိန်းသိမ်းမလဲဆိုသည့်အပေါ် သက်ဆိုင်ရာက ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက အကြံပြုကြသည်။

စက်သုံးဆီဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

ဒေါ်လာနှင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က  “အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ကိစ္စက မြန်မာပြည်နဲ့ ဆိုင် လားဆိုတော့ မဆိုင်ပါဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ စစ်တော်တော်များများက ငြှိမ်းရတာ မလွယ် လောက်ဘူးလေ။ ဘာလို့လဲဆိုတော့ အစ္စရေးဘက်မှာက အမေရိကန် ရှိတယ်လေ။ ပါလက်စတိုင်း ဘက်မှာကျ တော့ အာရပ်နိုင်ငံတွေ ရှိတယ်။ နောက်တစ်ခုက အီရန် ရှိတယ်။ အီရန်က ဟားမာ့စ်ကို အရမ်းထောက်ပံ့ပေးတဲ့ အဖွဲ့ အီရန်သည် စစ်လက်နက်ကအစ အကုန်ပံ့ပိုးပေးတာ။ ဘယ်လိုဖြစ်မလဲဆိုတော့ အရင်က အီရန်ကို အမေရိကန်က ရေနံနဲ့ ပတ်သက်ပြီးတော့ ပိတ်ထားတာကို အခုနှစ်ကနေစပြီးတော့ အကုန်ခွင့်ပြု ပေးထားတယ်။ တကယ်လို့များ စစ်မီးက များများလာပြီဆိုရင်တော့ အီရန်အနေနဲ့ ရေနံထုတ်လုပ်မှု အပိုင်းတွေမှာ အမေရိကန်က ပြန်ပိတ်မှာ စိုးရတယ်။ အီရန်ရေနံမှာ လာထိခိုက်မယ်ဆိုရင်တော့ ဆီဈေးက စတက်ဖို့များတယ်၊ လာမယ့် ၁၂ လ ပိုင်း အတွင်းပေါ့နော် ဖြစ်နိုင်ချေ။ မြန်မာပြည် မိုးကုန်တာနဲ့ ကွက်တိ သွားကျတယ်။ မိုးကုန်တဲ့အချိန်မှာ ရွှေတွင်း တွေက ပြန်လည်မယ်၊ လည်မယ့်အချိန်မှာ ဆီဈေးတွေက တက်မယ်ဆိုရင်တော့ သေချာပေါက် ရွှေဈေးက ပြန် တက်မယ်။ အဲဒီလိုမျိုးတော့ သုံးသပ်လို့ ရတာပေါ့နော်။ မြန်မာပြည်ကိုတော့ တိုက်ရိုက် မလာဘူး။ သွယ်ဝှိုက်ပြီး တော့ လာမယ်။ လာရင်လည်း ကုန်ဈေးနှုန်းကနေပဲ လာမယ်။ အဓိက စက်သုံးဆီကနေ လာမှာလေ။ ရေနံဈေး တက်တာနဲ့ စက်သုံးဆီက လိုက်တက်မှာပဲ။ စက်သုံးဆီဈေးတက်ရင် ထုတ်လုပ်မှု ကုန်ကျစရိတ် များမယ်။ ထုတ် လုပ်မှု ကုန်ကျစရိတ် များရင်တော့ ပိုပြီးတော့ ဈေးက မြင့်လာမှာပဲ။ ဒါကတော့ ဘယ်လိုထိန်းမလဲဆိုတာ သူတို့ (အစိုးရ) အပေါ်မှာပဲ မူတည်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမှာ အတက်ပိုင်းသို့ ရောက်ရှိသွားသလို မြန်မာနိုင်ငံအတွင်းမှာလည်း စက်သုံးဆီ အောက်တိန်း 92 သည် စက်သုံးဆီဆိုင် တော်တော်များများမှာ ပြတ်လပ်လျက် ရှိသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အစ္စရေးနှင့် ပါလက်စတိုင်း စစ်ပွဲသည် ရက်ရှည်ကြာသွားသည်နှင့်အမျှ ပါလက်စတိုင်း ဘက်တွင် အီရန်၊ တူရကီ စသည့် နိုင်ငံ အများအပြား ပါဝင်လာနိုင်ကြောင်း၊ အလားတူ အစ္စရေးဘက်တွင်လည်း အမေရိကန် ပါဝင်လာနိုင်ပြီး အမေရိကန်က ရေနံစိမ်း ထုတ်လုပ်နေသည့် အီရန်အပေါ် ပိတ်ဆို့မှုများ ပြုလုပ်လာ နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ထိုသို့ ပိတ်ဆို့မှုများ ပြုလုပ်လာပါက ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်ပြီး မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် လည်း ရိုက်ခတ်မှု ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်နေကြသည်။

အစ္စရေးစစ်တပ်က ဟားမာ့စ်ကို တိုက်ဖို့ စစ်ရေးပြင်ဆင်နေစဉ်

ထို့နောက် ပြီးခဲ့သည့် ရုရှားနှင့် ယူကရိန်းစစ်ပွဲ အရေးအခင်းကို အကြောင်းပြ၍ မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်း ရှင်များနှင့် ကုန်သည်များက ကုန်ဈေးနှုန်းကို မြှင့်တင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

လက်ရှိ အစ္စရေး - ပါလက်စတိုင်း အရေးတွင်လည်း ထိုကဲ့သို့ ကုန်ဈေးနှုန်း မြှင့်တင်ခြင်းများ မဖြစ်ပေါ်စေရန် အတွက် မြန်မာအစိုးရအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တချို့က ထောက်ပြကြသည်။

စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက “အစိုးရအပိုင်း အနေနဲ့ကတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ဆိုရင် ထိထိ ရောက်ရောက် အရေးယူတာတွေ လုပ်ဖို့လိုတယ်။ အဓိက ကုန်သွယ်လုပ်ငန်းရှင်တွေပေါ့နော်၊ ဈေးကစားတာမျိုး၊ ပြဿနာတစ်ခုခု ဖြစ်လာတိုင်း၊ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးတွေမှာ ရိုက်ခတ်မှု ဖြစ်တိုင်း မြန်မာပြည်ကို သက်ရောက်ရမယ်ဆိုတဲ့ ဖော်မြူလာကြီးကို လုပ်ငန်းရှင်တွေက ကိုင်တွယ်ထားတာတော့ တော်တော်လေးကို ပြည်သူတွေအတွက် မကောင်းတဲ့ လက္ခဏာပေါ့နော်။ လုပ်ငန်းရှင်တွေ လုပ်နေတာကိုတော့ ကျနော်တို့က လက်ခံ နိုင်စရာ အကြောင်း မရှိဘူးပေါ့နော်။ ဒီအပိုင်းကိုတော့ အစိုးရက ထိထိရောက်ရောက် အရေးယူဖို့လိုတယ်၊ ဖော် ထုတ်ဖို့ လိုတယ်။ ဖမ်းဆီးဖို့ လိုတယ်။ လိုအပ်တယ်ဆိုလို့ရှိရင် စုံစမ်းစစ်ဆေးရေး (စ)သုံးလုံးကနေမှတဆင့် ကွင်းဆင်းပြီးတော့ ဒါမျိုးတွေကို ပြုလုပ်နေတဲ့သူတွေ၊ သတင်းအမှား ဖြန့်နေတဲ့ သူတွေကနေ စလုပ်ပေါ့နော်၊ တကယ်ရောင်းတဲ့ ဝယ်တဲ့လူတွေအထိ ထိထိရောက်ရောက် အရေးယူတာမျိုးတွေ၊ ဖမ်းဆီးတာမျိုးတွေ လုပ်မယ် ဆိုရင်တော့ ဒါမျိုးလုပ်နိုင်တဲ့ ၄ / ၅ ယောက်ကို ဖမ်းဆီးပြီးတော့ လုပ်ပြလိုက်ရင် နောက်လူတွေ သိပ်မလုပ်ရဲတော့ ဘူးလို့ ကျနော်မြင်တယ်၊ အစိုးရဘက်ကနေတော့ အဲဒီလို ထိထိရောက်ရောက် လုပ်ဖို့လိုတယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။

လက်ရှိ မြန်မာပြည်တွင် ဖွဲ့စည်းထားသည့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီနှင့် နိုင်ငံခြားငွေ ကြီးကြပ်ရေး ကော်မတီတို့က ဈေးကစားမှုများ ပြုလုပ်လာနိုင်သည့် လုပ်ငန်းရှင်များနှင့် ကုန်သည်များကို စောင့်ကြည့် အရေးယူ မှုများ ပြုလုပ်ခြင်းနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများကို ပြောင်းလဲ ထိန်းညှိမှုများကို ပြုလုပ်ပြီး ကြိုတင်ပြင်ဆင် ထားရန် လိုအပ်သည်ဟု စီးပွားရေး ပညာရှင်များက ပြောသည်။