CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

လက်ရှိ မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် တချို့သော ဆီဆိုင် များတွင် ဆီပြတ်လပ်မှု အခြေအနေများ မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်အစိုးရမှ စက်သုံးဆီ တင်သွင်းရာ၌ ဒေါ်လာလိုအပ်ချက် အကျပ်အတည်းကို အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာသုံးသပ် သူများက ပြောသည်။

ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောများ ရောက်ရှိနေပြီဖြစ်သော်လည်း လက်ရှိတွင် လုပ်ငန်းရှင် များက ဒေါ်လာဝယ်ယူရာ၌ အခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဆီထုတ်ရာမှာ အဆင်မပြေဖြစ်နေကြသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှလည်း ဆီပါမစ်များကို ချပေးရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ လုပ်ငန်းရှင်ကလည်း ကစားတာပါသလို၊ စီးပွားကူးသန်းကလည်း ပါမစ်ချပေးဖို့ လိုတယ်။ အခုဥစ္စာက သီလဝါမှာ ဆီမရှိလို့ မဟုတ်ဘူး၊ သင်္ဘောတွေ ရှိတယ်။ သင်္ဘောပေါ်က ဆီချလို့မရဘူး ဖြစ်နေတယ်။ ပိုက်ဆံမရှိလို့၊ ဒေါ်လာရှာနေရတယ် လုပ်ငန်းရှင်တွေကလည်း။ ဒေါ်လာရှာပြီးတော့မှ ဆီက ချလို့ရမှာ။ အဲဒီတော့ ဆီပြတ်နေတယ်။ အဲဒါကို အစိုးရ ဘယ်လိုကူညီမလဲ အဲဒါပဲ သိချင်တယ်။ လုပ်ပေးခဲ့တယ်၊ မလုပ်ပေးခဲ့ဘူး မဟုတ် ဘူး၊ လုပ်ပေးခဲ့တယ်။ ဒါပေမယ့် လုပ်ပေးလည်း အကျိုးထိရောက်မှု မရှိဘူးပေါ့နော်။ ကြားထဲမှာ လုပ်စားတဲ့ကောင် က လုပ်စားသွားတယ်။ အဲဒါမျိုးတွေကျတော့လည်း အစိုးရက ဘယ်သူ့ကို တာဝန်ပေးရမလဲဆိုတာ ပြဿနာက ဖြစ်လာတယ် သူ့အတွက် ပြန်စဉ်းစားကြည့်တော့လည်း။ ဒီဘက်က ပြည်သူပြည်သားဘက်က စဉ်းစားကြည့်တော့ လည်း အဲဒီလို subscribe မလုပ်ပေးရင်တော့ ဆီတစ်လီတာကို ၄၀၀၀ တို့ ၅၀၀၀ တို့ ဖြစ်သွားရင် ဘယ်လိုလုပ် မလဲ၊ ဘယ်လိုရှေ့ဆက်သွားကြမလဲ၊ အဲဒါကြီးကလည်း ပြဿနာတစ်ခုဖြစ်တယ်။ ဆရာတို့ကတော့ နဂိုအတိုင်းပဲ တိုင်းပြည်က ဆီနဲ့ပတ်သက်လို့ စားသုံးဆီရော၊ စက်သုံးဆီရော subscribe တော့ လုပ်ပေးရမယ်လေ။ 

စက်သုံးဆီ ထည့်ရန် စောင့်နေကြစဉ်

subscribe လုပ်ဖို့ ဒေါ်လာရှိဖို့ အရေးကြီးတယ်လေ။ အဲဒီဒေါ်လာတော့ သူရှာရမှာပေါ့။ နိုင်ငံတော်က အမြန်ဆုံး စီစဉ်မှ၊ မစီစဉ်ရင် ဒီကိစ္စက Crisis ဖြစ်ပြီးတော့ တိုင်းပြည်က ဒီလိုချည်းပဲ ဖြစ်နေရင်တော့ မကောင်းဘူးလေ” ဟု ပြော သည်။

စက်သုံးဆီ တင်သွင်းရာတွင် လိုအပ်သည့် အမေရိကန်ဒေါ်လာကို နစက-က တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးသည်။

ထို့နောက် သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့ ဖြန့်ဖြူးစေပြီး လက်ရှိတွင် ဒီဇယ် အတွက်သာ ဒေါ်လာရောင်းပေးတော့မည်ဖြစ်၍ ဓာတ်ဆီတင်သွင်းရန်အတွက် ရောင်းပေးတော့မည် မဟုတ်တော့ ကြောင်း သိရသည်။

ထိုသို့ ဓာတ်ဆီအတွက် ဒေါ်လာကို ရောင်းချပေးခြင်း မရှိပါက လုပ်ငန်းရှင်များက ဒေါ်လာကို ပြင်ပပေါက်ဈေးဖြင့်  ဝယ်ယူတင်သွင်းရမည်ဆိုပါက ဓာတ်ဆီဈေးနှုန်းသည် ယခုထက်ပို၍ အဆမတန် မြင့်တက်လာမည် ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ဈေးနှုန်းမြင့်တက်သည်ထက် ဈေးနှုန်း တည်ငြိမ်စေရန်အတွက်သည် အဓိက ဖြစ်သည်ဟု Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ စီးပွားရေးလောကမှာ တစ်ခုရှိတယ်၊ စီးပွားရေး သီအိုရီပေါ့နော်၊ ဈေးတက်တာ ပြဿနာ မဟုတ်ပါဘူးတဲ့၊ ဘာပဲဖြစ်ဖြစ်ပေါ့နော် ဝယ်နိုင်တဲ့သူ ဝယ်မှာပေါ့။ အသုံးလိုရင် လိုသလို ဝယ်ကြမှာ၊ ဒါပေမယ့် ပြဿနာက ဘာလဲဆိုရင် ဈေးနှုန်းမတည်ငြိမ်တာက ပြဿနာ။

သီလဝါဆိပ်ကမ်းကနေ စက်သုံးဆီများ သယ်ယူရန် စောင့်နေကြစဉ်

 ဈေးနှုန်းမတည်ငြိမ်ရင် ဘာမှလုပ်လို့မရဘူး။ ဘာလုပ်ရမလဲဆို အခုဒီလိုပေါ့ ဒေါ်လာဈေးက ကမောက်ကမ ဖြစ်နေတယ်။ ဈေးတက်တော့မှာလား၊ မရှိတော့မှာ လား မသိနိုင်ဘူး ဖြစ်နေတယ်။ ရောင်းတဲ့သူက ရောင်းရမှာလား၊ မရောင်းရဘူးလား ဒီပစ္စည်း hold လုပ်ထားရမှာ။ ဈေးငြိမ်သွားပြီဆိုရင် ဒီပစ္စည်းက ဈေးငြိမ်သွားပြီဆို ဒီဈေးနဲ့ရောင်း၊ အဲဒီလိုပဲ အများနဲ့လိုက်ရောင်းရတာလေ။ ဈေး ကတော့ ကုန်ဈေးနှုန်းဆိုတာက တည်ငြိမ်ဖို့လိုတာ၊ တက်တာက ပြဿနာ မဟုတ်ဘူး။ တက်ရင် အကုန်တက်လိမ့် မယ်၊ လစာကအစ တက်မှာပဲ။ ဖောင်းပွတယ် ပြောတာပေါ့။ တည်ငြိမ်ဖို့က အဓိက” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီခွဲတမ်း ထုတ်ရာ၌ အဆင်မပြေမှုများ ဖြစ်နေခြင်းကြောင့် ရန်ကုန် အပါအဝင် တခြားသော တိုင်းနှင့်ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသည် အကန့်အသတ်ဖြင့် ရောင်း ချခြင်း၊ တချို့ကတော့ ရောင်းချမှုများကို ရပ်နားထားရသည်များလည်း ရှိနေသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီ အကျပ်အတည်းကြောင့် စက်သုံးဆီ ဈေးနှုန်းများသည် နေ့စဉ် မြင့်တက်မှု ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင် ရှိခဲ့သည့် ဈေးနှုန်းသည် လက်ရှိတွင် ၂၅၀၀ ကျပ်သို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်။  

လက်ရှိ ဖြစ်ပေါ်နေသည့် ဆီပြတ်လပ်မှု အကျပ်အတည်းသည် ရက်ပိုင်းအတွင်း ပြေလည်သွားရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက စက်သုံးဆီ ပြတ်လပ်မှုကြောင့် ကုန်စည်ပို့ဆောင်မှု နှောင့်နှေးခြင်း၊ ကုန်စည်ရှားပါးခြင်းနှင့် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။