CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၀

ဂါဇာကမ်းမြောင်ဒေသမှ ဟားမာ့စ် (Hamas) လက်နက်ကိုင်အဖွဲ့၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် အစ္စရေးအစိုးရက စစ်ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်၏ ကြိုရောင်း၊ ကြိုဝယ် ကုန်စည်အစုရှယ်ယာ (futures) များ ကျဆင်းခဲ့သည်။ 

အမေရိကန်၏ ကိုလံဘတ်စ်နေ့ (Columbus Day) အားလပ်ရက်ဖြစ်သည့် အောက်တိုဘာ ၉ ရက်တွင် ငွေတိုက် စာချုပ် ဈေးကွက်ကို ပိတ်ထားသော်လည်း New York စတော့အိတ်ချိန်းနှင့် Nasdaq စတော့အိတ်ချိန်းကို ဆက်ဖွင့်ထားမည် ဖြစ်သည်။

ရေနံဈေးနှုန်းများသည် တစ်စည်ကို ၃ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့သည်။ 

အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ဖြစ်ပွားချိန်တွင် ရေနံဈေးနှုန်းများ မြင့်တက်လေ့ရှိပြီး ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ ရှိသည်။ 

Nasdaq စတော့အိတ်ချိန်းကို တွေ့ရစဉ်

"ဒေသတွင်း ရေနံထောက်ပံ့မှုတွေ အလျဉ်ပြတ်သွားတာ ဒါမှမဟုတ် ရေနံဈေးတွေ မြင့်တက်တာဟာ စွမ်းအင် ဈေးကွက်တွေ၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကို ပိုမို ရှုပ်ထွေး စေနိုင်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်အကြံပေးကုမ္ပဏီ SPI Asset Management မှ ကျွမ်းကျင်သူ စတီဖင် အင်းနက်စ် (Stephen Innes) က ပြောကြားခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ် ပဋိပက္ခသည် ရေနံထုတ်လုပ်မှု ပမာဏကို သိသာထင်ရှားစွာ သက်ရောက်မှု မရှိသေးသော်လည်း အရှေ့အလယ်ပိုင်းဒေသတွင် ပထဝီနိုင်ငံရေး တင်းမာမှုအား ပိုမို မြင့်တက် စေခဲ့သည်ဟု အင်းနက်စ်က ပြောသည်။

ရေနံဈေးများသည် ပြီးခဲ့သည့်လက တစ်စည်လျင် ဒေါ်လာ ၉၀ ခန့်မှ အနည်းငယ် ကျဆင်းခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်က သိသာစွာ ကျဆင်းခဲ့သည်။ 

အောက်တိုဘာ ၈ ရက်က ရေနံစိမ်း ဈေးနှုန်း စံသတ်မှတ်ချက်အရ New York Mercantile Exchange တွင် အီလက်ထရောနစ် ကုန်သွယ်မှုတန်ဖိုးသည် ၃ ဒသမ ၁၂ ဒေါ်လာ မြင့်တက်ခဲ့ပြီး ရေနံတစ်စည်လျှင် ၈၅ ဒသမ ၉၁ ဒေါ်လာ ရှိခဲ့သည်။

အမေရိကန် ပြည်ထောင်စုကိုတွေ့ရစဉ်

နိုင်ငံတကာ ကုန်သွယ်မှု တန်ဖိုးအရ ရေနံတစ်စည်လျှင် ၃ ဒသမ ၁၀ ဒေါ်လာ မြင့်တက်ခဲ့ပြီး ၈၇ ဒသမ ၆၈ ဒေါ်လာ ရှိခဲ့သည်။

ထို့အတူ အောက်တိုဘာ ၈ ရက်တွင် နိုင်ငံတကာ ရွှေဈေးနှုန်းသည်လည်း ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရွှေ တစ်အောင်စလျှင် ၁၈၆၄ ဒသမ ၃၀ ဒေါ်လာ အထိ ရှိခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုအပြီး အောက်တိုဘာ ၈ ရက်တွင် အစ္စရေး၏ အဓိက စတော့ရှယ်ယာ ဈေးကွက် သည် ၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အာရှတွင် ရှန်ဟိုင်းစတော့ ဈေးကွက်သည် ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ဟောင်ကောင်ရှိ Hang Seng Index တွင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Source: အေပီ