CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇

ပြည်ပရောက် မြန်မာနိုင်ငံသား၏ လုပ်ခလစာထဲကနေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသော တရားဝင်လမ်းကြောင်းများကနေ လွှဲရမည်ဆိုသော သတ်မှတ်ချက်သည် တရားမဝင် ငွေလွှဲသည့်လမ်းကြောင်း ဘက်ကို တွန်းပို့နေသလိုဖြစ်နေသည်ဟု ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။  

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်းကို အခွန်ကောက်ခံ မည်ဖြစ်သလို လစာ၏ ၂၅ ရာခိုင်နှုန်းကိုလည်း တရားဝင်လမ်းကြောင်းကနေ ပြန်လွှဲရမည်ဟု နစက-က သတ်မှတ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၂၅ ရာခိုင်နှုန်း လွှဲငွေကိုလည်း ပြင်ပ နိုင်ငံခြားငွေ ပေါက်ဈေးအတိုင်းမဟုတ်ဘဲ ဗဟိုဘဏ်က သတ်မှတ် ထားသော နှုန်းထားဖြင့်သာ လဲလှယ်ခိုင်းခြင်းကြောင့် ပြည်တွင်းသို့ ငွေလွှဲမည့်သူ မရှိသလောက် နည်းပါးနိုင်သလို တရားမဝင် လမ်းကြောင်းကနေဘဲ ငွေလွှဲကြမည့်သူ များပြားလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားအရေး ကူညီပေးနေသူများက ထောက်ပြကြသည်။

အစိုးရအနေဖြင့် ပြည်ပမှ လွှဲလာသည့် နိုင်ငံခြားငွေများကို ပြင်ပပေါက်ဈေးအတိုင်း လဲလှယ်ပေးမည်ဆိုပါက အလုပ်သမားများအနေဖြင့် နစ်နာမှု မရှိခြင်းကြောင့် လွှဲပြောင်းကြမည် ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ပြည်ပ ရောက် ရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင် အလုပ်သမား ဖြစ်စေရန်အတွက် တွန်းပို့သည့်ပုံစံ ဖြစ်သွားနိုင် ကြောင်း ထိုင်းအခြေစိုက် FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပတွင် အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်

၎င်းက “တကယ့် တကယ်ကတော့ဗျာ ဒီလိုမျိုး တခြားနိုင်ငံတွေမှာ ဒီလိုဟာမျိုးလည်း ရှိတာပဲလေ။ ပြဿနာက အစိုးရနှုန်းနဲ့ Exchange Rate ပြဿနာပေါ့နော်။ သူတို့လက်ထဲမှာဆို သူတို့ကြိုက်တဲ့ နှုန်းနဲ့ပေးတာကိုး။ တကယ် လို့သာ ဟွန်ဒီစနစ်နဲ့ အလုပ်သမားတွေ လွှဲနေကြတယ်မလား။ အဲဒီလွှဲနေကြတဲ့ နှုန်းက မကွာဘူးဆိုလို့ရှိရင် လွှဲမှာ ပဲလေ အလုပ်သမားတွေအနေနဲ့က။ အခုဟာက ဥပမာ ထိုင်းအနေနဲ့ဆိုလို့ရှိရင် ဘတ် ၅ ထောင် လွှဲမယ်ဆိုလို့ရှိရင် ဟိုမှာ တကယ့်တကယ် ပြန်ရတာက ဘတ် ၃ ထောင်လောက်ပဲ ပြန်ရမှာလေ။ ဆိုတော့ အလုပ်သမားတွေအတွက် အများကြီး နစ်နာသွားတယ်။ အလုပ်သမား တစ်ယောက်က လကုန်လို့ လစာရတဲ့အခါမှာ ထိုင်းမှာက အခြေခံက ၃၀၀ ကျော်ပေါ့ဗျာ။ အဲဒီတော့ ၁ လကို ၁ သောင်း ပျမ်းမျှ ရတယ်ပေါ့။ ၁ သောင်းပျမ်းမျှရတာကို တစ်ခါတည်း ၃ ထောင် အဲဒီလို လုပ်မယ်ဆိုလို့ရှိရင် ဒါ ဘယ်လိုမှကို မမျှတဘူးပေါ့ဗျာ။ လကုန်ရင် အကုန်လုံးက ၁ သောင်းရတာမှ မဟုတ်တာ။ ဒီမှာရှိတဲ့ အခွန်အခတွေ၊ လူမှုဖူလုံရေးကြေးတွေ အစရှိသဖြင့်ပေါ့ အဲဒါတွေ အကုန်လုံးက အဖြတ်ခံရ တာလေ။ သူတို့ရမှ ၇၅ ရာခိုင်နှုန်းလောက် ပျမ်းမျှရမှာ” ဟု ပြောသည်။

နစက အနေဖြင့် ၂၅ ရာခိုင်နှုန်းထက် ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းလောက်ကိုသာ မဖြစ်မနေ လွှဲရမည် ဟု သတ်မှတ်သင့်ကြောင်း၊ ထိုသို့ သတ်မှတ်ရာမှာလည်း ပြင်ပပေါက်ဈေးအတိုင်း ပေးသင့်ကြောင်း၊ ပြင်ပ ပေါက်ဈေးအတိုင်း ပေးမည်ဆိုပါက ပြည်ပအလုပ်သမားများ အနေဖြင့် ပြည်တွင်းသို့ နိုင်ငံခြားငွေများ လွှဲလာနိုင် ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက အကြံပြုကြသည်။

ထို့နောက် ၂၅ ရာခိုင်နှုန်း ငွေလွှဲသူဆိုပါက နိုင်ငံတော်က ဂုဏ်ပြုသည့် အနေဖြင့် ပြင်ပပေါက်ဈေးအပြင် ထပ် စောင်း ၂၀ ကျပ် ပိုပေးမည်ဟု သတ်မှတ်လိုက်ပါက ပြည်ပရောက် မြန်မာအလုပ်သမားများသည် နိုင်ငံခြားငွေ များကို အများအပြားလွှဲလာနိုင်ကြောင်း ၎င်းတို့က ပြောသည်။

ပြည်ပရောက် အလုပ်သမားများသည် ရောက်ရှိနေသည့် နိုင်ငံတွင် အလုပ်သမား မှတ်ပုံတင်ကတ်၊ သက်ဆိုင်ရာ တရားဝင် လက်မှတ်များကို သက်တမ်းတိုးနေရသည့် ကုန်ကျငွေ များစွာရှိနေသည့်အပြင် လက်ရှိ ငွေကြေး ဖောင်းပွမှုနှင့် လုပ်ခလစာ တိုးမြင့်လာမှု မရှိခြင်းတို့ကြောင့် ၂၅ ရာခိုင်နှုန်းကို လွှဲရန် အခက်အခဲများ ရှိသည်ဟု သိရသည်။

နစက၏ ပြည်ပရောက် မြန်မာနိုင်ငံသားများအပေါ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမည့် ဥပဒေသည် လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း၊ အခွန်ဆောင်ရာမှာလည်း လုပ်ခလစာ၏ ရရှိသည့်နိုင်ငံခြားငွေအတိုင်း အခွန်ပေးရမည်ဖြစ်သည်။

ဒေါ်လာများကိုတွေ့ရစဉ်

ထို့အပြင် သတ်မှတ်ထားသည့် ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲခြင်း မလုပ်ဆောင်ပါက ထပ်မံ၍ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ကို သုံးနှစ် ပိတ်ပင်မည်ဟုလည်း သတိပေး ထုတ်ပြန်ထားသည်။

စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က “အပြင်ကကုန်သည် ပါးစပ်အတိုင်း ရှိတဲ့ဈေးနဲ့တော့ အစိုးရ ဘယ် ကစားပေးနိုင်မလဲ။ အခုဟာက ၂၅ ရာခိုင်နှုန်း ငွေလွှဲခိုင်းတာ။ ဆရာတို့ နိုင်ငံခြား ထွက်တုန်းက ၁၀ ရာခိုင်နှုန်း တောင် အခွန်ပေးဆောင်ရတာ။ အစိုးရကို ပေးခဲ့ရတာ။ အခုက အစိုးရက လျှော့ပေးထားတာ။ ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ခိုင်းတာ မဟုတ်ဘူး။ ငွေလွှဲခိုင်းတာ၊ ကိုယ့်ပိုက်ဆံ ကိုယ်ရမှာပဲလေ။ ဆရာတို့က အစိုးရကို ပေးခဲ့ရ တာ နဝတခေတ်တုန်းက။ တိုင်းပြည်ကို ဒီလိုပဲ လုပ်ကျွေးခဲ့ရတာပဲ။ တိုင်းပြည် တည်ဆောက်ရေးအတွက် လိုအပ် တဲ့ဟာတွေပဲ။ တိုင်းပြည်တည်ဆောက်ရေးအတွက် မလုပ်ပေးနိုင်ကြဘူးလား ဆရာတို့ ပြန်မေးမယ်လေ။ သိပ်ပြီး တော့ တစ်ကိုယ်ကောင်း ဆန်လို့ မရဘူးလေ။ ထိုင်းရောက်တဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ရင် ထိုင်းမှ မဟုတ်ပါ ဘူး ဒီပြင်နိုင်ငံတွေလည်း အလုပ်သမားတွေလည်း ဒီ ၂၅ ရာခိုင်နှုန်းတော့ တိုင်းပြည်အတွက် လုပ်သင့်တယ်လို့ ဆရာတို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခွန်ဆောင်ခိုင်းတာ မဟုတ်ဘူး ငွေလွှဲပေါ့နော်၊ နည်းနည်းပါးပါး နစ်နာမှု ရှိကောင်း ရှိမှာပေါ့။ ၁ ဒေါ်လာကို ၆ ရာလောက်ပဲ နစ်နာမှာလေ။ ပြင်ပပေါက်ဈေးနဲ့ ၄၀၀၊ ၅၀၀ ပေါ့၊ ၄၀၀ လောက် ထားပါ။ ၂၅ ရာခိုင်နှုန်းက သူလွှဲတဲ့ ၁၀၀ မှာမှ ၄၊ ၅ သောင်းလောက် ရင်းတဲ့ကိစ္စကို ပြောဖို့တော့ မလိုဘူး ထင်တယ်ပေါ့နော်” ဟု ပြောသည်။

နစကသည် ပြည်ပရောက် နိုင်ငံသားများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ လုပ်ခလစာကို လွှဲခိုင်း ခြင်းကြောင့် ပြည်ပအလုပ်သမားများက ငွေလွှဲနိုင်ခြေ အလွန်နည်းပါးကြောင်း၊ နစကကို ယုံကြည်မှုမရှိခြင်းက လည်း အခြေအနေတစ်ခုဖြစ်နေကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။