CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈

ပြည်ပနိုင်ငံများသို့ အေဂျင်စီများဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ ရရှိသည့် အခြေခံ လုပ်ခလစာ တစ်လဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်လမ်းကြောင်းကနေ လွှဲပို့ရမည်ဖြစ် ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

အေဂျင်စီနှင့် အလုပ်သမားတို့အကြား ချုပ်ဆိုမည့် စံစာချုပ်တွင် မိသားစုလွှဲပို့ငွေများမှ လစဉ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “အဲဒီပိုက်ဆံကလည်း ဆုံးသွားမှာ မဟုတ်ဘူး။ ပြင်ပပေါက်ဈေးနဲ့ မတိမ်းမယိမ်း သူတို့ပြန်ရကြမှာ။ ညှိနှိုင်း ပြီးသွားပြီ။ သင်္ဘောသားတွေလည်း အခု လွှဲနေရပြီ။ တချို့ဆို ၈၀ ရာခိုင်နှုန်းအထိ လွှဲရတယ်။ ၇၅ ရာခိုင်နှုန်း လွှဲရတယ်။ အဲဒီလိုဟာမျိုးတွေရှိတယ် နိုင်ငံ တကာမှာ တိုးတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အားလုံးက နိုင်ငံခြား ဝင်ငွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရယူ တာပဲလေ။ ၁၅၀၀ ရဲ့  ၂၅ ရာခိုင်နှုန်းဆို ၃၀၀ ကျော်လောက် ဖြစ်မယ်။ အရင်တုန်းကကျ အလုပ်ရှင်နဲ့ အလုပ် သမား စာချုပ်၊ အခုထပ်တိုးလာတာက အေဂျင်စီနဲ့ အလုပ်သမား စာချုပ်၊ အဲဒီတော့ အေဂျင်စီနဲ့ အလုပ်သမား စာချုပ်ကို ပြည့်ပြည့်စုံစုံ ဖြစ်လာတယ်။ အေဂျင်စီကလည်း အေဂျင်စီ လိုက်နာရမယ့် အချက်လေးတွေ ရှိလာ တယ်။ အလုပ်သမားဘက်ကလည်း အလုပ်သမားဆိုင်ရာ အချက်အလက်တွေ လိုက်နာရမှာတွေ ရှိလာတယ်” ဟု ပြောသည်။

ထိုင်းကို အလုပ်သွားလုပ်ကြသည့် အလုပ်သမားများကိုတွေ့ရစဉ်

အဆိုပါ စာချူပ်အား အလုပ်သမားဘက်မှ ဖောက်ဖျက်ပါက အလုပ်သမားများအတွက် ဆုံးရှုံးမှုများရှိပြီး အေဂျင်စီ ဘက်မှ ဖောက်ဖျက်ပါက အရေးယူခံရမည် ဖြစ်ကြောင်းလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရ သည်။

အေဂျင်စီများအနေဖြင့် ထိုစံစာချုပ်အား စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ချုပ်ဆိုကြရန် မှာကြားထားကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားထားသည်။

ထို ၂၅ ရာခိုင်နှုန်းသည် အခြေခံလုပ်လစာ၏ တစ်လစာ ဝင်ငွေကိုသာ သတ်မှတ်ခြင်းဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အချိန်ပိုဆင်း၍ ရရှိသည့် နှုန်းထားမပါဝင်ကြောင်းလည်း သိရသည်။

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အလုပ်သမားတွေရဲ့ လုပ်အားခ လစာ အပြင် အလုပ်သမားတွေဟာ နေ့ဓဒူဝ အလုပ်မှာ အခက်အခဲများစွာနဲ့ တွေ့နေရတဲ့အခါကြတော့ အဲဒီလိုမဖြစ်မနေ လစာ ပို့ပေးရမယ်ဆိုတဲ့ ပုံစံမျိုးတွေက လုပ်တာက လုပ်လို့ရပေမယ့် လက်တွေ့ကျကျ စဉ်းစားကြည့်ရင်ကတော့ အောင်မြင်မှုအနေနဲ့ အားနည်းနိုင်တယ်။ အကြံဥာဏ်ပေးချင်တာကတော့ အဓိက သူလုပ်ဆောင်ရမှာက ထိုင်းနိုင်ငံ ကို ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာကို အရင်ဆုံးဖြေရှင်းရမှာ ဖြစ်တယ်။ ဥပမာ MOU နဲ့ လာတဲ့ အလုပ်သမားတွေအနေနဲ့ စာရွက်စာတမ်း ပြဿနာတွေက ဘာအခက်အခဲတွေရှိလဲ၊ လုပ်အားခ လစာတွေ က အပြည့်အဝ ရရှိကြလား၊ ထိုင်းနိုင်ငံပေးတဲ့ ဝန်ဆောင်မှုတွေ အပြည့်အဝရလား၊ တကယ်လို့ မရဘူးဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ကူညီဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ နောက်တစ်ခုက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု တွေက ဘာတွေရှိလဲ” ဟု ပြောသည်။

 ပြည်ပထွက် အလုပ်လုပ်ကြမည့် သူများကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၄၇၇ ခု ရှိသည့်အထဲ အေဂျင်စီ ၁၀ ခုအား ယာယီပိတ်သိမ်းထားသည်။

ထိုထဲတွင် ထိုင်းလိုင်စင်ရအေဂျင်စီ ၁၅၈ ခုရှိပြီး ယာယီပိတ်သိမ်းသည့် အေဂျင်စီ ၈ ခုရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ထိုင်းသို့ MOU လုပ်သားများ စေလွှတ်ရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်အား ရန်ကုန်မြို့၌ပင် ပြန်လည်ချုပ်ဆိုခွင့် ပေးထားကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၎င်းအလုပ်သမား သဘောတူစာချုပ်အား သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ အေဂျင်စီများမှ သွားရောက်၍ ချုပ်ဆိုရခြင်းဖြစ်သော်လည်း ထိုကာလများတွင် အခက်အခဲများစွာ ရှိခဲ့ကြသည်။

ထို့ကြောင့် စက်တင်ဘာ ၁၁ ရက်‌နေ့မှ စတင်က ထိုစာချုပ် ချုပ်ဆိုခြင်းအား ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားသင်တန်းကျောင်း၌ပင် ပြန်လည်ချုပ်ဆိုကြရန် ပြောင်းလဲသွားခြင်း ဖြစ်သည့်အတွက် ပို၍ ကောင်းမွန်သွားကြောင်းလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။