CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃

လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကို လမ်းလွှဲသွားစေမည့် မည်သည့် နိုင်ငံရေး အခင်းအကျင်းကိုမှ မိမိတို့ အနေဖြင့် လက်ခံ၍ မရကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်း ဌာနသို့ ပြောသည်။

လက်ရှိ နစကအဖွဲ့ဝင်များ အပြောင်းအလဲ လုပ်ဆောင်ခြင်းများကို စိတ်ဝင်စားနေ၍ မရကြောင်း၊ မိမိတို့ အနေဖြင့် စနစ်တစ်ခုလုံး ပြောင်းလဲသွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ခွန်မြင့်ထွန်းက “ကျနော်တို့က အခုလို အစိုးရမှာ လူတွေ ထပ်တိုးပြတာတို့ အစိုးရကို လူဘယ်နှစ်ယောက်နဲ့ တိုးချဲ့ ဖွဲ့စည်းတယ်တို့ ဒီလိုဟာတွေအပေါ် ကျနော်တို့က စိတ်ဝင်စားနေလို့ မရဘူး။ အဓိက အချက်က ကျနော်တို့ System changes ကို သွားနေခြင်း ဖြစ်တယ်။ ဒီလို အစိုးရကို ပြောင်းပြီးတာတို့ ဘယ်သူနဲ့ ညှိနှိုင်းပြီး ဖွဲ့မယ်ဆို တာမျိုးတွေနဲ့ အဲဒီအပေါ်မှာ ကျနော်တို့ လမ်းလွှဲသွားလို့ မရဘူးပေါ့နော်၊ အဓိက ပွိုင့်က အဲဒါပါ။ ကျနော်တို့က System changes ကို သွားကြရမယ်၊ အဲဒီပွိုင့်က အဓိကပါပဲ၊ ပြီးရင် ခုနက ကျနော်တို့ ချမှတ်ထားတဲ့ မူတွေကနေ လမ်းလွှဲစေမယ့်ဟာ ဘယ်နိုင်ငံရေး အခင်းအကျင်းကိုမှ ကျနော်တို့ လက်ခံလို့ မရဘူး။ အဲဒါတော့ ကျနော်တို့ အဓိက အချက်ပါပဲ။ အခုနေခါ ဟိုလိုလို ဒီလိုလိုကနေ ဒီလိုဆွေးနွေးကြပါလား၊ ဒီလို ဆွေးနွေးကြပါလား စသဖြင့် ပေါ့ဗျာ၊ အဲဒါတွေကတော့ ကျနော်တို့ လက်ခံလို့ မရဘူး။ ဘာလို့ဆို ကျနော်တို့ ချမှတ်ထားတဲ့ System changes က ပျောက်သွားမှာလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကာ/လုံ အစည်း အဝေးမှာတွေ့ရစဉ်

နစကအနေဖြင့် ၎င်းတို့ အုပ်ချုပ်နိုင်ရေး လုပ်ဆောင်နေမှာ ဖြစ်သည့်အတွက် မိမိတို့တွင်လည်း နွေဦးတော်လှန်ရေး အောင်မြင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

နစကသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ မိမိတို့ နစကကောင်စီအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။
နစကအဖွဲ့အစည်း၏ အပြောင်းအလဲသည် နယ်မြေစိုးမိုးမှုများနှင့် ပတ်သက်၍ အကြံပေး ဆွေးနွေးနိုင်မည့်ပုဂ္ဂိုလ် များကို ထည့်သွင်းခြင်းဟု မြင်မိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့ က CNI သတင်းဌာနသို့ ပြောသည်။

 လူ့အခွင့်အရေးတောင်းဆိုနေကြစဉ်

၎င်းက “အပြောင်းအလဲကတော့ အခု ဒီ ၆ လ သက်တမ်းမှာတော့ သူ အဓိကတော့ သူ့ရဲ့ နယ်မြေစိုးမိုးမှုတွေ၊ တရားဥပဒေစိုးမိုးမှု အဓိက သူလုပ်မယ်လို့ ကျနော်တော့ အဲဒီလိုမြင်တာပေါ့၊ အဲဒါကြောင့်လဲ သူတို့ရဲ့ ကောင်စီဝင် အချို့တွေပေါ့ ဒီဟာနဲ့ ပိုပြီးမှ အကျွမ်းတဝင်ရှိတဲ့ ပိုပြီးမှ အကြံပေးနိုင်မယ့် ပုဂ္ဂိုလ်၊ ဆွေးနွေးနိုင်မယ့် ပုဂ္ဂိုလ်တွေကို ကောင်စီဝင်ထဲမှာ ထည့်တယ်လို့ပဲ ကျနော်တို့က အဲဒီလိုမြင်တယ်၊ ပြောင်းလဲမှုကတော့ အဓိကကတော့ ဒီတစ် ကြိမ်ကတော့ နယ်မြေစိုးမိုးမှုကိုတော့ အဓိကထားပြီး လုပ်လိမ့်မယ်လို့ အဲဒီလိုတော့ ကျနော်တို့ မြင်ရတယ်၊ စီမံ ကောင်စီ အဖွဲ့ဝင် အပြောင်းအလဲ လုပ်လိုက်ခြင်းအားဖြင့် အဲဒီဟာကို အဓိက လုပ်ချင်တဲ့ သဘောရှိတယ်လို့ ကျနော်တို့က အဲဒီလို သုံးသပ်တယ်” ဟု ပြောသည်။

လက်ရှိတွင် နစကနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် နယ်မြေစိုးမိုးမှုတွင် အားပြိုင်လျှက် ရှိနေသ လို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သံတမန်ရေးများတွင်လည်း အားပြိုင်လျက်ရှိနေသည်။
ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခမှာလည်း နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေပြီး ပြည်သူလူထုများမှာ စီးပွားရေး၊ လုံခြုံရေး၊ စားဝတ်နေရေး အကျပ် အတည်း များဖြင့် ရင်ဆိုင်နေရသည်။