CNI International News

တိုကျို၊ စက်တင်ဘာ ၁၉

ဂျပန်နိုင်ငံတွင် လူ ၁၀ ဦးတွင် ၁ ဦးသည် အသက် ၈၀ နှင့်အထက် အဘိုးအဘွား အရွယ်များဖြစ်ပြီး နိုင်ငံအတွင်း လူဦးရေ အချိုးအရ သက်ကြီးပိုင်းလူဦးရေ စုစုပေါင်း ရာခိုင်နှုန်း အရေအတွက်သည် စံချိန်တင် မြင့်တက်လာခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဂျပန် ပြည်တွင်းရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Internal Affairs and Communications)၏ စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် မှတ်တမ်းများအရ သက်ကြီးပိုင်း လူဦးရေအဖြစ် သတ်မှတ်ခံထားရ သော အသက် ၆၅ နှစ်နှင့် အထက်အရွယ်များသည် လူဦးရေ စုစုပေါင်း၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ထိုနှုန်းထားသည် စံချိန်တင် ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ဂျပန်သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် ဒေသပေါင်း ၂၀၀ အနက် သက်ကြီးပိုင်း လူဦးရေ အရေအတွက်သည် ရာခိုင်နှုန်းအရ အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

မည်သို့ပင်ဆိုစေ ၁၉၅၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက သက်ကြီးပိုင်း အရေအတွက်ကို လူဦးရေ စုစုပေါင်း၏ ရာခိုင်နှုန်းဖြင့် မတွက်ဘဲ အရေအတွက်ဖြင့် တွက်ကြည့်မည်ဆိုပါက ပထမဆုံးအကြိမ် လျော့ကျခဲ့ခြင်းလည်း ဖြစ်သည်။ 

 ဂျပန်သက်ကြီးရွယ်အိုများကို တွေ့ရစဉ်

ရာခိုင်နှုန်းအရ မဟုတ်ဘဲ အရေအတွက်အားဖြင့် တွက်ကြည့်မည်ဆိုပါက ပြီးခဲ့သည့်နှစ်က သက်ကြီးပိုင်း လူဦးရေ ၃၆ ဒသမ ၂ သန်းထက် ၁၀၀၀၀ ခန့် လျော့ကျခဲ့ခြင်း ဖြစ်သည်ဟု အချက်အလက်များတွင် ဖော်ပြခဲ့သည်။

ဂျပန်တွင် အသက် ၇၅ နှစ်နှင့် အထက် လူဦးရေ အရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် သန်း ၂၀ ကျော်ခဲ့ သည်။ 

အသက် ၈၀ နှင့်အထက် လူဦးရေ အရေအတွက်သည်လည်း ပြီးခဲ့သည့်နှစ်ကထက် ၂၇၀,၀၀၀ ဦး မြင့်တက်ခဲ့ပြီး စုစုပေါင်း ၁၂ ဒသမ ၅ သန်းရှိခဲ့ကာ ထိုပမာဏသည် ဂျပန်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

သို့သော် ဂျပန်၏ သက်ကြီးပိုင်း လူဦးရေများအကြား အလုပ်အကိုင်ရှိသူ အရေအတွက်သည် ဆက်လက် မြင့်တက် နေသည်။ ၂၀၂၂ ခုနှစ်က အလုပ်အကိုင်ရှိသည့် သက်ကြီးပိုင်း လူဦးရေ စုစုပေါင်းသည် ၉ ဒသမ ၁၂ သန်းရှိခဲ့ပြီး ၁၉ နှစ်ဆက်တိုက် မြင့်တက်ခဲ့သည်။ 

ဂျပန်သက်ကြီးရွယ်အိုများ လေ့ကျင့်ခန်းလုပ်နေကြစဉ်

ထို့ပြင် အရေအတွက် သာမကဘဲ ရာခိုင်နှုန်းအရ တွက်ရမည်ဆိုလျင်လည်း ဂျပန်တွင် အလုပ်အကိုင်ရှိသည့် သက်ကြီးပိုင် လူဦးရေသည် ၂၅ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ဂျပန်တွင် အလုပ်အကိုင်ရှိသူ ၇ ဦးတွင် ၁ ဦးသည် သက်ကြီးပိုင်း လူဦးရေအုပ်စုတွင် ပါဝင်သူများဖြစ်သဖြင့် စီးပွားရေးအင်အားကြီး နိုင်ငံများထဲတွင် ဂျပန်၏ သက်ကြီးပိုင်း အလုပ်အကိုင်ရှိသူ နှုန်းထားသည် အမြင့်ဆုံး ဖြစ်သည်ဟုလည်း ယူဆနိုင်သည်။

Source: ဘန်ကောက်ပို့စ်