CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းများတွင် ရုရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက ပြောင်း၊ ဂျုံနှင့် နေကြာစိုက်ပျိုးမှုတို့တွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရုရှားမှ ရင်းနှီးမြှပ်နှံမည့်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးမှ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ရုရှားဘက်မှ ဝင်လာမည်ဆိုလျှင် ဈေးကွက်အနေအထားရ ပြည်ပသို့ တင်ပို့နိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံ ပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “market အနေအထားနဲ့ အရင်ဆုံး စပြောရင်တော့ ပြောင်းပေါ့နော်။ ပြောင်းမှာ လာပြီးတော့မှ ရင်းနှီး မြှုပ်နှံသင့်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခု ပြောင်းဈေးကွက်က တခြားဟာတွေ ထက်စာရင် တော်တော်လေးကိုမှ တည်ငြိမ်နေတဲ့ အနေအထားမျိုးရှိနေတာပေါ့။ တည်ငြိမ်တယ်ဆိုတာကလည်း လုံးဝ သေချာတဲ့ အနေအထား မဟုတ်သော်ငြားလည်းပဲ လတ်တလော ၂ နှစ် ၃ နှစ်မှာ တော်တော်လေးကို တည်ငြိမ် နေတဲ့ အနေအထားရှိနေတယ်။ ဝယ်လိုအားရှိနေတယ်။ နောက်တစ်ခါ တရုတ်ကလည်း GACC ပေးနေတယ် ဆိုတဲ့အခါကြတော့ ပြောင်းမှာလာပြီးတော့ မြှုပ်နှံမယ်ဆိုရင် ဒါဖြစ်နိုင်ခြေရှိတယ်ပေါ့။ ဖြစ်နိုင်ခြေရှိတဲ့ စိုက်ပျိုးရေး လုပ်ငန်းလို့ထင်တယ်” ဟု ပြောသည်။

ပြောင်းစိုက်တောင်သူ တစ်ဦးကိုတွေ့ရစဉ်

ထို့အပြင် ရုရှား-ယူကရိန်းစစ်ပွဲမှာ ကြာရှည်ဦးမည်ဖြစ်သောကြောင့် လိုအပ်ချက်ရှိနေသည့် ဂျုံနှင့် နေကြာ စိုက်ပျိုးမှုကိုလည်း ရုရှားရင်းနှီးမြှုပ်နှံသူများ တိုးချဲ့ဝင်ရောက်သင့်ကြောင်းလည်း စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး ကိုဇော်မင်းနိုင်က ဆက်ပြောသည်။

၎င်းက “နောက်တစ်ခုကကြတော့ ယူကရိန်းနဲ့ ရုရှားစစ်ပွဲက ကြာဦးမယ့် အနေအထားမှာ ရှိတယ်ဆိုတော့ ဂျုံ လိုအပ်ချက်ကလည်း မြင့်လာနိုင်တယ်ပေါ့။ ဒါက export ကိုပဲ ဦးတည်ပြီး စဉ်းစားတာပေါ့။ ဂျုံလိုအပ်ချက်က မြင့်နေတဲ့အတွက်ကြောင့် ဂျုံကို export သီးသန့်ပဲ စိုက်မယ်ဆိုရင် ရေမြေအနေအထားအရ စိုက်လို့ရတဲ့နေရာတွေ ရှိနေတယ် မြန်မာပြည်မှာ။ အဲဒီမှာလာပြီးတော့ လုပ်မယ်ဆိုလည်း လုပ်လို့ရမယ်။ နောက်တစ်ခုက နေကြာပေါ့။ နဂိုကတည်းကလည်း ဒီမှာ နေကြာစိုက်တယ်။ 
နောက် ယူကရိန်းကလည်း ဂျုံတို့ နေကြာတို့ သူတို့ဘက်က ထွက်တဲ့ သီးနှံတွေပေါ့နော်။ သူတို့ကလည်း အခုအချိန်မှာ စစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့ဆီက အထွက် က မရှိသလောက်ရှားနေပြီဆိုတဲ့အခါမှာ ဒါကို အစားထိုးပြီးမှ ဒီမှာလာပြီး လုပ်နိုင်မယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခု အထိတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အဆင်ပြေမယ်လို့တော့ လတ်တလောမြင်မိတယ်” ဟု ပြောသည်။

စိုက်ပျိုးရေးထုတ်ကုန်များနှင့် စားသောက်ကုန်များအား မြန်မာနိုင်ငံမှ ထုတ်လုပ်ပြီး ဥရောပအာရှ ဈေးကွက်ကို တင်ပို့နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ရုရှားနိုင်ငံ၌ ကျင်းပသည့် (၈)ကြိမ်မြောက် အရှေ့ဒေသ စီးပွားရေး ဖိုရမ်တွင် နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာပိုင်းသာမက စက်ကရိယာပိုင်းများတွင်ပါ အဖက်ဖက်၌ အားနည်း သည့်အတွက် ရုရှားဘက်မှ ရင်းနှီးမြှုပ်နှံပြီး နည်းပညာများပါ ပံ့ပိုးပေးမည်ဆိုပါက ပို၍ ကောင်းမွန်မည်ဖြစ် ကြောင်းလည်း သုံးသပ်ကြသည်။

နေကြာစိုက်ခင်းကို တွေ့ရစဉ်

စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က “ကျနော်တို့ကတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာစနစ် ကတော့ ပြောင်းနေတာကြာပြီ။ တချို့နေရာတွေကတော့ ယနေ့အထိ လက်မှုလယ်ယာစနစ်ပဲ ရှိနေသေးတာကို။ လယ်ယာစိုက်ပျိုးရေးမှာ လယ်ယာ ရှိတယ်၊ ယာရှိတယ်၊ တောင်ယာရှိတယ်။ ဆိုတော့ ဘယ်အပိုင်းမှာ သူတို့ စိုက်ပျိုးရေးကို ရင်းနှီးမြှုပ်နှံချင်တာလဲ။ ဥပမာ ပြောရရင် အာလူးစိုက်ပျိုးရေးလား၊ vegetable လား၊ ဆန်စပါးလား ဆိုတာ အတိအကျ မသိရသေးတော့ ပြောရတာခက်ပါတယ်။ သူတို့ကတော့ သူများနိုင်ငံတွေမှာ လူနည်းနည်းနဲ့ ထုတ်လုပ်မှုကို လုပ်နိုင်တာကို။ လူသား စွမ်းအင် အနည်းဆုံးနဲ့။ ကျနော်တို့ဆီမှာတော့ လူသားစွမ်းအင် အများကြီး သုံးပြီး လုပ်နေရတာကို။ ဆိုတော့ လူသားစွမ်းအင် ချွေတာတဲ့ အနေနဲ့ စက်ယန္တရား စက်ကရိယာကြီးတွေ ပါလာ ရင်တော့ စိုက်ပျိုးရေး ကဏ္ဍမှာတော့ အများကြီး တိုးတက် လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင်လယ်ထွန်စက်များ၊ ရိတ်ခြွေ၊ ရိတ်သိမ်းစက်များ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဒေသများနှင့် ကိုက်ညီပြီး အံဝင်ခွင်ကျဖြစ်သည့် မျိုးများပါလာမည်ဆိုပါက ပို၍ အဆင်ပြေကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ထို့အပြင် အချိန်ကာလ ၆ လခန့်စိုက်ရသည့်မျိုး တစ်ခုအား အချိန်ကာလ ၄ လဖြင့် စိုက်ပျိုးနိုင်သည့် စိုက်ပျိုးရေး နည်းစနစ်များ ပါလာပါက တစ်နှစ်လျှင် နှစ်သီးခန့် ထုတ်လုပ်နိုင်သဖြင့် ပြည်ပသို့ ပိုမိုတင်ပို့ နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ပြည်ပကို ပိုမိုတင်ပို့နိုင်ပါက နိုင်ငံ၏ စီးပွားရေးမှာလည်း တက်လာမည်ဖြစ်ကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။