CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၆

ထိုင်းတွင် ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ဦးဆောင်သည့် အစိုးရအဖွဲ့သည် လျာထားသည့် အသုံးစရိတ်ထက် ပိုမိုသုံးစွဲနေသည်ဟု Move Forward(MFP)ပါတီ၏ ဒုတိယခေါင်းဆောင် သီရိကန်ယာ တန်ဆာ ကူလ် (Sirikanya Tansakul) က စွပ်စွဲခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ဆရီသာ အစိုးရအဖွဲ့သည် ထိုင်းပြည်သူများကို အွန်လိုင်းမှ ငွေကြေးထောက်ပံ့ပေးမည့် ဘတ် ၅၆၀ ဘီလျံ စီမံကိန်းအတွက် ဘတ် ၁၃၀ ဘီလျံကို ချေးယူနေသည်ဟု သီရိကန်ယာက ပြောသည်။

၂၀၂၄ ခုနှစ် အစိုးရဘတ်ဂျက်ကို မူလက ၃ ဒသမ ၃၅ ထရီလျံသာ သတ်မှတ်ထားခဲ့သော်လည်း အစိုးရအဖွဲ့သစ် သည် ၃ ဒသမ ၄၈ ဘီလျံအထိ တိုးမြှင့်ခဲ့ကြောင်း၊ ထိုသို့ တိုးမြှင့်ခြင်းကြောင့် အစိုးရအဖွဲ့၏ ချေးငွေသည် ဘတ် ၅၉၃ ဘီလျံမှ ဘတ် ၆၉၃ ဘီလျံအထိ မြင့်တက်လာခဲ့သည်ဟု ၎င်းက ဆိုသည်။

အစိုးရအဖွဲ့၏ ချေးငွေတိုးမြှင့်ခြင်းသည် ပြည်သူ့ ကြွေးမြီကို ဘတ် ၁၂ ထရီလျံအထိ မြင့်တက်စေပြီး တစ်နည်းအား ဖြင့် နိုင်ငံ ဂျီဒီပီ၏ ၆၄ ရာခိုင်နှုန်း အထိရှိခဲ့ကာ ယခင်နှစ်က ၆၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ 

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ထိုင်းအစိုးရ၏ အသားတင် ဝင်ငွေသည် ဘတ် ၃၀ သာ မြင့်တက်လိမ့်မည်ဟု ခန့်မှန်းခဲ့သဖြင့် စုစုပေါင်း ဘတ် ၂ ဒသမ ၇၈၇ ဘီလျံသာ ရှိမည်ဖြစ်သည်။

ပြည်သူ့ကဏ္ဍ၏ ချေးငွေပမာဏကို နိုင်ငံ့ ဂျီဒီပီ၏ ၆၄ ရာခိုင်နှုန်းအထိ ရောက်ရှိစေနိုင်သည့် အစိုးရ၏ ချေးငွေတိုးမြှင့်မှုကို ပြည်သူများအား အွန်လိုင်းမှ ငွေကြေး ထောက်ပံ့မည့်် အစီအစဉ်တွင် တစ်စိတ်တစ်ပိုင်း အသုံးပြုမည် ဟုတ်/မဟုတ်ကို သံသယရှိကြောင်း သီရိကန်ယာက ပြောသည်။

ထိုကဲ့သို့ ချေးငွေတိုးမြှင့်ခြင်းသည် လာမည့် ၇ နှစ်အတွင်း ဘတ်ဂျက်သုံးစွဲမှု ဟန်ချက်ညီမှုရှိစေရန် အောင်မြင်စွာ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည့် အစိုးရအဖွဲ့၏ ရည်မှန်းချက်ကို အကောင်အထည် ပေါ်စေမည် မဟုတ် ကြောင်းလည်း သီရိကန်ယာက ပြောကြားခဲ့သည်။
 
Source: Thai PBS World