CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၀

အမေရိကန်၏ စစ်တပ်သမိုင်းတွင် အကြီးမားဆုံး လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံ စီရင်ချက်မချမီ ထွက်ပြေး တိမ်းရှောင်‌နေသော မလေးရှားနိုင်ငံသား ကာကွယ်‌ရေးပစ္စည်းနှင့် လက်နက်ကန်ထရိုက်တာ တစ်ဦးကို ဖမ်းဆီး နိုင်ရေးအတွက် အမေရိကန် တရားဥပဒေစိုးမိုးရေးဌာနက ဆုငွေ ဒေါ်လာ ၄ သောင်း ဆုငွေထုတ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

ဖက်လီယိုနာ့ဒ် (Fat Leonard) ဟု လူသိများသော လီယိုနာ့ဒ် ဂလန်း ဖရန်စစ် (Leonard Glenn Francis) သည် ၎င်း၏ ခြေကျင်းဝတ်တွင် တပ်ဆင်ထိန်းချုပ်ထားသော GPS စောင့်ကြည့်ကိရိယာကို ဖြတ်၍ ယခုလ အစောပိုင်း၌ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

အဆိုပါ မလေးရှားနိုင်ငံသားသည် ၂၀၁၅ ခုနှစ်က အမေရိကန် အကြီးတန်း ရေတပ်အရာရှိများ ပါဝင်ပတ်သက် သည့် ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိ လာဘ်ပေးလာဘ်ယူမှုတွင် စစ်ဆေးခဲ့ရာ အပြစ်ရှိကြောင်း ဝန်ခံသဖြင့် ယခု စက်တင်ဘာလ အကုန်ပိုင်းတွင် ထောင်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။

ဖက်လီယိုနာ့ဒ်ကို ဖမ်းဖို့အမေရိကန်တရားရုံး ဆုငွေထုတ်

“လီယိုနာ့ဒ်ဖရန်စစ်နှင့် ပတ်သက်ပြီး အပူတပြင်း အလိုရှိနေသည့်အတွက် သတင်းအချက်အလက် ပေးပို့ကူညီ ပါက အမေရိကန်မာရှယ်ဌာနနှင့် ရေတပ် ရာဇဝတ်မှု စုံစမ်းရေးဌာန (NCIS) နှစ်ခုကနေ ဆုငွေ ဒေါ်လာ ၂၀၀၀၀ စီ (စုစုပေါင်း ဒေါ်လာ ၄ သောင်း) ပေးအပ်ပါမည်” ဟု အမေရိကန်မာရှယ်ဌာနက စက်တင်ဘာ ၁၀ ရက်တွင် တွစ်တာ လူမှုကွန်ရက်ပေါ်မှ ကြေညာခဲ့သည်။

“ဖရန်စစ်သည် ထောင်ဒဏ် ၂၅ နှစ် စတင်ကျခံနေစဉ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်မှာ သူ့ခြေကျင်းဝတ် နေရာ မှာ တပ်ထားတဲ့ GPS စောင့်ကြည့် ကိရိယာကို ဖြတ်တောက်ပြီး ထွက်ပြေးသွားခဲ့သည်” ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအမှု၌ အမေရိကန် ရေတပ်အရာရှိ ဆယ်ဂဏန်းများကို ထိန်းသိမ်းထားခဲ့ရာ တရားခံ ၃၄ ဦးအနက် ၃၃ ဦးကို တရားလို ရှေ့နေများနှင့် ပူးပေါင်း၍ ဆေးကုသမှု ခံယူစေရန်အတွက် နေအိမ်၌ပင် ချုပ်နှောင်အမိန့် ခွင့်ပြုခဲ့သည်။
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဒီရေဂိုမြို့ရှိ ဖရန်စစ်၏ နေအိမ်အနီး U-Haul အမျိုးအစား ကုန်တင်ကားများ သွားလာနေသည်ကို သတိပြုမိပြီး ရက်ပိုင်းအတွင်း ၎င်း ပျောက်ဆုံးသွားခဲ့ကြောင်း အိမ်နီးနား ချင်းများက ရဲကို ပြောကြားခဲ့သည်။

ဖက်လီယိုနာ့ဒ်ရဲ့ အချက်အလက်များကိုထုတ်ပြန်ထား

လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ပြီးနောက် ဖမ်းဆီးစစ်ဆေးသည့်အခါ ဖရန်စစ်သည် ပြည့်တန်ဆာဇိမ်ခံအခန်းများ၊ အပန်းဖြေ ခရီးသွားလာမှုများ၊ ဟိုတယ်များသို့ သွားရောက်တည်းခိုမှုများ၊ စားကောင်းသောက်ဖွယ်များ မှာယူခြင်း နှင့် ဒေါ်လာ ၅ သိန်းကျော် သုံးစွဲခြင်းတို့ကို ဖြောင့်ချက်ပေးပြီး ဝန်ခံထွက်ဆိုခဲ့သည်။

ထို့ပြင် ၎င်းသည် အမေရိကန် ရေတပ် စာချုပ်များကို ချိုးဖောက်၍ ၎င်း၏စင်ကာပူအခြေစိုက် သင်္ဘော သယ်ယူပို့ ဆောင်ရေး လုပ်ငန်းဖြစ်သည့် ဂလန်းရေကြောင်း ကာကွယ်ရေးဆိုင်ရာ အာရှကုမ္ပဏီ (GDMA) အနေဖြင့် လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံတွင် ပါဝင်ခဲ့ကြောင်း ဆက်လက် ဝန်ခံခဲ့သည်။

ထိုကုမ္ပဏီသည် လာဘ်ငွေရယူသည့် အမေရိကန်ရေတပ် အရာရှိများ၏ အကူအညီဖြင့် ပစိဖိတ်ဒေသရှိ ဆိပ်ကမ်း များသို့ သွားလာဆိုက်ကပ်နေသည့် အမေရိကန်သင်္ဘောများကို ဝန်ဆောင်ခအဖြစ် အနည်းဆုံး ဒေါ်လာ ၃၅ သန်း ထက်မနည်း ပို့ပေးခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့ကြသည်။

ယခုအခါ ဖရန်စစ်ကို အမေရိကန်အစိုးရဌာန ၁၀ ခုက ပိုက်စိတ်တိုက် ရှာဖွေနေကြသည်။

သို့သော် ဖရန်စစ်သည် မက္ကစီကိုနိုင်ငံသို့ ရောက်ခဲ့ပြီး အာရှဒေသသို့ ပြန်သွားခြင်းဖြစ်နိုင်ကြောင်း အမေရိကန် အစိုးရအရာရှိများက ယုံကြည်ကြသည်။

Source: Aljazeera