CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅

မုံရွာနှင့် မန္တလေးမှတဆင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်သို့ ကုန်စည်ပို့ဆောင်ရာတွင် ပြေးဆွဲနေသည့် အမြန်ရေယာဉ်များသည် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် မကြာခဏ ပိတ်ထားမှုများ ရှိနေသည့်အတွက် ဟုမ္မလင်းမြို့နယ်တွင် ကုန်စည် ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ဈေးနှုန်းများလည်း အဆမတန် မြင့်မားလာကြောင်း ဟုမ္မလင်းဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရေယာဉ်များ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သည့်အတွက် ကုန်ဈေးနှုန်းများ ပြန်လည် ကျဆင်းလာနေ သော်လည်း ရေလမ်းကြောင်း ပြေးဆွဲမှု ရပ်နားချိန်တွင် ကုန်ဈေးနှုန်များသည် ၂ ဆ၊ ၃ ဆ မြင့်တက်သွားကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လတွင် ကြက်ဥတစ်လုံးလျှင် ၁၅၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်ဟု ဟုမ္မလင်းမြို့နယ်ဒေသခံ မရွှေရည်အေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်ဈေးနှုန်းတွေက တော်တော်တော့ ကြီးတယ်ရှင့်။ ဆီဈေးတွေတော့ တအားတက်နေတယ်။ စက်သုံးဆီ ဆို ဒီဇယ်တို့၊ ဓာတ်ဆီတို့ပေါ့။ တစ်လီတာ ၆၀၀၀ တဲ့။ ကြက်ဥဆို အရင်လကဆို တစ်လုံး ၁၀၀၀၊ ၁၅၀၀ လောက် ဖြစ်သွားတာ။ အခု အမြန်ယာဉ်တွေ၊ ရေယာဉ်တွေ ပြန်ဝင်မှပဲ ၁ ထောင်ကို ၃ လုံးနဲ့ ပြန်ရတာ။ ပြီးခဲ့တဲ့ ၈ လပိုင်း  ကဆို ၁ လုံး ၁၅၀၀ အထိတောင် ဖြစ်သွားတာ။ လမ်းကြောပိတ်ရင် ပိတ်သလို ကုန်ဈေးနှုန်းက မြင့်တက်သွားတာ။ ကားအဝင် မရှိဘူး။ ရေယာဉ်တွေ အဝင်မရှိဘူးဆိုရင် ကုန်ဈေးနှုန်းက ၂ ဆ၊ ၃ ဆက်ို ထိုးတက်သွားတာ။ ပြန်ဝင် တယ်ဆိုရင် နည်းနည်းတော့ ပြန်ကျတာပေါ့။ နဂို မဝင်တာထက်စာရင် ဈေးနှုန်းနည်းနည်းတော့ ပြန်ကျတယ်။ ဟိုလို အရမ်းကြီး ပြန်ကျသွားတာလည်း မဟုတ်ဘူး။ စားသောက်ကုန်ဆို အရင်လကဆို ကြက်ဥဆို လုံးလုံးကို ပြတ်သွားတာ။ လုံးဝဝယ်လို့မရဘူး။ ၁ လုံး ၁၅၀၀ တောင် ဝယ်စရာနေရာ မရှိဘူး။ ဓာတ်ဆီလည်း လုံးလုံး ဝယ် စရာနေရာ မရှိဘူး။ ဆိုင်တွေ တခါတည်း ပိတ်ထားတာလေ။ ဓာတ်ဆီ ၇၅၀၀ အထိ တက်သွားတောင်မှ ရောင်းတဲ့ လူမရှိဘူး ပိတ်ထားတာ ဆိုင်တွေ” ဟု ပြောသည်။

မုံရွာ- ဟုမ္မလင်း ပြေးဆွဲနေသည့် အမြန်ရေယာဉ်များကို တွေ့ရစဉ်

ဟုမ္မလင်းမြို့သို့ ကုန်စည်ပို့ဆောင်သည့် ရေလမ်းကြောင်းနှင့် ကားလမ်းကြောင်းသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်း ပိတ်ထားမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး လက်ရှိတွင် ကားလမ်းကြောင်း ပိတ်ထားသည်မှာ ၁ လခန့် ကြာမြင့်နေပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် မုံရွာမှ ဟုမ္မလင်းသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်သည် လမ်းကြောင်းပိတ်ထားရာမှ ပြီးခဲ့သည့် ရက်ပိုင်းက ပြန်လည်ပြေးဆွဲခဲ့သော်လည်း လက်ရှိတွင် ၅ ရက်ခန့် ပြန်လည်ပိတ်သွားပြီဖြစ်ကြောင်း ဟုမ္မလင်း ဒေသခံများက ပြောသည်။

မုံရွာနှင့် ဟုမ္မလင်းသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်သည် တစ်လလျှင် ၁၅ ရက်ခန့် ပိတ်လေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် ရေလမ်းကြောင်း ပြန်လည်ပိတ်ထားခြင်းကြောင့် ရောင်းချရန် ဝယ်ယူထားသည့် ကုန်စည်များလည်း နောက်တစ်ကြိမ် ပြန်ဖွင့်မည့်အချိန်ကို စောင့်ရမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ်၊ နမ့်တောစံပြကျေးရွာမှ ကုန်မျိုးစုံ ရောင်းချနေသည့် နန်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ်၊ သဖန်ကုန်းကျေးရွာကို တွေ့ရစဉ်

၎င်းက “လွယ်လွယ်တော့ မရဘူးအစ်မရယ်။ ရောက်တဲ့အချိန်ကျရင် အများအတိုင်း ရင်းထားရင်တော့ များများ တော့ မြတ်တာပေါ့။ အခုနောက်လာတဲ့ဟာတွေကျတော့ တန်ဆာခတွေ၊ သုံးဘီးခတွေ၊ ဂိတ်ကြေးတွေဘာတွေ ပေးရတဲ့ အခါကျတော့ နည်းနည်းပါးပါးတော့ တက်သွားပြန်ပြီ အဲဒီလိုပေါ့။ ဈေးရင်းတွေများပြီး မြတ်တာ နည်း အဲဒီလို ဖြစ်သွားတာပေါ့။ အစ်မတို့ ၂၅၀၀ ဝယ်တဲ့ဟာဆို ၃၀၀၀ ပြန်ဝယ်ရတယ်။ ၃၀၀၀ ပြန်ဝယ်ရရင် ၃၅၀၀ ပြန် ရောင်းတယ် အဲဒီလိုပေါ့။ ၁ လလောက်ဆို ၁၀ ရက်လောက်တော့ စက်လှေက ပိတ်ထားတော့ ပစ္စည်းက တော် တော်နဲ့ မရောက်ဘူးလေ။ တော်တော်နဲ့ မရောက်တော့ ကျန်တဲ့ပစ္စည်းတွေကလည်း သူတို့က ဈေးတက်ပြန်ပြီ။ အစ်မတို့ ကျတော့လည်း တဆင့်ပြန်ဝယ်ဆိုတော့ ၁၀၀ စား၊ ၂၀၀ စားနဲ့ အဲဒီလိုမျိုး ပြန်တက်ပြန်ပြီ။ ၁ လလောက် ဆိုရင်တော့ ၁၀ ရက်၊ ၁၅ ရက်လောက် ရှိတယ်။ အခုကတော့ စက်လှေက ပြန်ပိတ်သွားပြီ ကြားတယ်။ စက်လှေ က ၅ ရက်လောက် ပြန်ပိတ်သွားတာဆိုတော့ ပထမ တစ်ခေါက်က တက်ခဲ့တဲ့ ပစ္စည်းတွေ၊ သယ်ခဲ့တဲ့ဟာတွေ တော့ လွတ်တယ်ပေါ့။ အခုနောက် အသစ်ထပ်တင်တဲ့ ဟာတွေကျတော့ နောက်ရက်မှ ပြန်ဂိတ်ချ အဲဒီလို ကြားတယ်ပေါ့” ဟု ပြောသည်။

ဟုမ္မလင်းမြို့ပေါ်ထက် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာများသည် ဈေးနှုန်း မြင့်တက်မှုနှင့် ပိုမိုကြုံတွေ့နေရ ကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လတွင် ကျေးရွာများ၌ ကုန်စည်ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကြက်ဥတစ်လုံးလျှင် ၂၀၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလားတူ စီပီကြက် တစ်ပိဿာလျှင် ၄ သောင်းကျပ်မှ ၆ သောင်းကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ပုဂ္ဂလိက အိမ်သုံးမီတာများ သုံးစွဲနေရသည့် ဟုမ္မလင်းမြို့နယ် တွင် မီတာ တစ်ယူနစ်လျှင် ပြီးခဲ့သည့်လ၌ ၂၀၀၀ ကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် ၂၁၁၀ ကျပ် မြင့်မားသွား သည်ဟု ဒေသခံများက ပြောသည်။