CNI International News

ပေကျင်း၊ စက်တင်ဘာ ၁၅

တရုတ်၏ ယွမ်ငွေကြေးအပေါ် ကျရောက်နေသည့် ဖိအားများကို လျော့ပါးသက်သာစေရန်အတွက် ဈေးကွက် အတွင်း နိုင်ငံခြားငွေလဲလှယ်မှု အခြေအနေကို ချက်ချင်းပိတ်မပစ်ရန်နှင့် ဆက်ဖွင့်ထားရန် တရုတ်ဗဟိုဘဏ်က နိုင်ငံအတွင်း အကြီးဆုံးဘဏ်များကို တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဘဏ်များအနေဖြင့် အမေရိကန်ဒေါ်လာများကို ဝယ်သူများထံ ရောင်းချပြီးနောက် နိုင်ငံခြားငွေ လဲလှယ်မှု အခြေအနေမှာ တိကျသည့် သတ်မှတ်ချက်အဆင့် တစ်ခုအထိ မရောက်မီအချိန်အတွင်း ဘဏ်အချင်းချင်း နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်ကို ပိတ်မပစ်ရန် တောင်းဆိုခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဘဏ်အများစုသည် အတိအကျ ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်များအတွင်း ဒေါ်လာ-ယွမ် ဈေးကွက်တွင် ရေတိုနှင့် ရေရှည် နိုင်ငံခြားငွေလဲလှယ်မှု အခြေအနေကို ဆက်လက် လည်ပတ်ခွင့် ရရှိထားသည်။ 

တရုတ်ဗဟိုဘဏ်၏ အစီအစဉ်သည် ထိရောက်မှုရှိမည်ဖြစ်ပြီး ကုမ္ပဏီများ၏ ဒေါ်လာ အများအပြားဝယ်ယူမှု တချို့တစ်ဝက်သည် ဘဏ်များကို အကျိုးရှိစေလိမ့်မည်ဖြစ်ကာ ထိုဒေါ်လာများအား တစ်စိတ်တစ်ပိုင်း အနေဖြင့် ယာယီထိန်းချုပ်ထားနိုင်သည်။

တရုတ် ပြည်သူ့ဘဏ်ကို တွေ့ရစဉ်

ထို့နောက် တန်ဖိုးကျဆင်းနေသည့် ယွမ်ငွေကြေးအပေါ် သက်ရောက်နေသော ဖိအားများကို အနည်းငယ် လျှော့ချနိုင်မည် ဖြစ်သည်။

ယခုသီတင်းပတ် အစောပိုင်းက တရုတ်၏ ဗဟိုဘဏ်ဖြစ်သည့် တရုတ် ပြည်သူ့ဘဏ် (People's Bank of China-PBOC) သည် စီးပွားရေးဘဏ်အချို့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အထက်ပါ ညွှန်ကြားချက် ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် ဒေါ်လာ သန်း ၅၀ သို့မဟုတ် ထိုပမာဏထက်ပိုသည့် ဒေါ်လာများကို ဝယ်ယူလိုသော ကုမ္ပဏီများအနေဖြင့် ဗဟိုဘဏ်၏ ထောက်ခံချက် ရယူရန် လိုအပ်လိမ့်မည်ဟု ဘဏ်များကို ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း တရုတ်၏ ယွမ်ငွေကြေး တန်ဖိုးသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က တစ်ဒေါ်လာလျှင် ၇ ဒသမ ၂၇၃၅ ယွမ်ရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ်အတွင်း အာရှ၏ အဆိုးရွား ဆုံး ငွေကြေးများထဲတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ 

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာ သတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တရုတ်ဗဟိုဘဏ် က ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

Source: ရိုက်တာ