CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂

တရုတ်နှင့် အိန္ဒိယ ခရီးသွားများကို ဗီဇာ လျှော့ပေါ့ပေးရန် အဆိုပြုထားသည့် ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ အစီအစဉ်များသည် ထိုင်းနိုင်ငံ၏စီးပွားရေးကို ပြန်လည်အသက်သွင်းမည့် မျှော်လင့်ချက်များကို ထွန်းတောက်စေခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

သို့သော် ထိုအစီအစဉ်သည် နိုင်ငံအတွင်း ခရီးသွားလုပ်ငန်းအပေါ် ဝန်ပိစေပြီး ခရီးသွား အများအပြား ဝင်ရောက်မှု ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် စိုးရိမ်မှုများကိုလည်း မြင့်တက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ 

ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများနှင့် လေ့လာသုံးသပ်သူများကမူ ဗီဇာလျှော့ပေါ့ခွင့်ပြုသည့် အစီအစဉ်သည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပြန်လည်နာလန်ထူရန်နှင့် ခရီးသွားများ ဝင်ရောက်မှုကို သတ်မှတ် နှုန်းထား ပြည့်မီစေရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

ယခုနှစ်၏ ပထမ ၆ လတာ ကာလအတွင်း တရုတ်ခရီးသွားများသည် ထိုင်းတွင် ခရီးသွားဗီဇာရရှိရန် ၁၅ ရက်နီးပါး စောင့်ဆိုင်းခဲ့ရသည်ဟု ထိုင်း၏ Kasikorn Securities ကုမ္ပဏီ၏ ဈေးကွက်လေ့လာသုံးသပ်သူတစ်ဦးက ပြော သည်။ 

ထိုင်းတွင် ခရီးသွားဗီဇာဖြင့် ရက်ပေါင်း ၆၀ နေထိုင်ရန် ဘတ် ၃၅၀၀ (အမေရိကန်ဒေါ်လာ ၁၀၀ နီးပါး) ကုန်ကျ မည်ဖြစ်ပြီး လျှောက်ထားသူများသည် တစ်ဦးချင်းစီအတွက် လျှောက်ထားရမည်ဖြစ်သည်။

ထိုင်းခရီးသွားလုပ်ငန်းကောင်စီ၏ဥက္ကဋ္ဌ ချမ်နန် သီရိသာဝတ်ကို တွေ့ရစဉ်

တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက်မူ ဆိုက်ရောက်ဗီဇာ လျှောက်ထားရန် ထိုင်းဘတ် ၂၀၀၀ ( အမေရိကန် ဒေါ်လာ ၅၇ ဒေါ်လာ) ခန့် ကုန်ကျမည်ဖြစ်ပြီး ၁၅ ရက်ကြာ နေထိုင်ခွင့်ပေးမည် ဖြစ်သော်လည်း သတ်မှတ်ချက် အချို့နှင့် ကိုက်ညီရမည် ဖြစ်သည်။ 

"ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်တွေ ပိုမိုအဆင်ပြေချောမွေ့အောင် လုပ်ဆောင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘာကိုမှ ရင်းနှီးမြှုပ်နှံစရာမလိုဘဲ ခရီးသွားလုပ်ငန်းအတွက် ထိခိုက်စေတဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ခရီးသွားတွေ ဝင်ရောက်မှု အရေအတွက်ကို လျင်မြန်စွာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်" ဟု ထိုင်းခရီးသွားလုပ်ငန်းကောင်စီ၏ဥက္ကဋ္ဌ ချမ်နန် သီရိသာဝတ် (Chamnan Srisawat) က ပြောသည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံတကာမှ ခရီးသွား အရေအတွက် သန်း  ၃၀ ဝင်ရောက်လိမ့်မည်ဟု မျှော်လင့် ထားသည်။

ထိုအရေအတွက်သည် ကိုဗစ်ကပ်ရောဂါ မတိုင်မီ နိုင်ငံအတွင်း ဝင်ရောက်သည့် နိုင်ငံတကာ ခရီးသွား အရေ အတွက် သန်း ၄၀ နှင့်နှိုင်းယှဉ်ပါက ၁၀ သန်းခန့် လျော့ကျနေဆဲ ဖြစ်သည်။

Source: CNA