၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉

၂၀၂၁ ခုနှစ် မိုးစပါးနဲ့ ၂၀၂၂ ခုနှစ် နွေစပါးအတွက် စပါးတင်း ၁၀၀ ကြမ်းခင်းဈေးတန်ဖိုးကို ၅၄၀,၀၀၀ (ငါးသိန်းလေးသောင်း)ကျပ်အဖြစ် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့မှ သတ်မှတ် လိုက်သည့်အပေါ် တောင်သူများအနေဖြင့် မျှော်မှန်းဈေးနှုန်းထက် နည်းပါးနေတာကြောင့် အရှုံး ပေါ်ဖို့သာ သေချာသည်ဟု လယ်သမားများထံမှ သိရသည်။

လက်ရှိတွင် မြေဩဇာဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ မနှစ်ကထက် အဆမတန် တက်နေသည့် အတွက် ယခုကြမ်းခင်းသတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချရမည်ဆိုပါက အရှုံးပေါ်ဖို့ သေချာနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  ရခိုင်တွင် စပါးစိုက်ဧက ပုံမှန်ရှိသော်လည်း စပါးထွက်နှုန်း လျော့ကျနေ

တောင်သူလယ်သမားတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက “၅၄၀၀၀၀ ဆိုတဲ့ သတ်မှတ်လိုက်တဲ့ ဈေးကတော့ အခုလက်ရှိ တောင်သူလယ်သမားတွေရဲ့ ဖြတ်သန်းနေရတဲ့ အခြေအနေနဲ့ ပတ်သက် ရင်တော့ တော်တော် အလှမ်းဝေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီနှစ် လယ်သမားတွေရဲ့ ဖြတ်သန်းလာရတဲ့ အခြေအနေက ဓာတ်မြေဩဇာတစ်အိတ်ကို ၈ သောင်း ကျော်နေပြီလေ။ နောက် တစ်ခုက မနှစ်ကဆိုလို့ရှိရင် ဒီဇယ်တစ်ပီပါကို ၁၃၀၀၀၀ လောက်ပဲ ရှိတယ်။ ဒီနှစ်က ၄ သိန်း ဝန်းကျင် နားကို ကပ်နေပြီလေ။ ကျနော်တို့ ရိတ်သိမ်းဧကလည်း မနှစ်ကဆိုလို့ရှိရင် ၅ သောင်းဝန်းကျင်က ဒီနှစ်က ၁ သိန်းလောက်ပေးရမယ့်အနေအထား ရောက်နေတယ်။ ဒီလို ဖြတ်သန်းလာရတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ တောင် သူလယ်သမားတွေအနေနဲ့ ၅၄၀၀၀၀ ဆိုတဲ့ ဒီဈေးနှုန်းကတော့ ဘယ်လိုမှ မဖြစ်နိုင် အဆင်မပြေနိုင်တဲ့ ဈေးနှုန်းတစ်ခုဖြစ်တယ်ပေါ့ဗျာ”ဟု CNI သို့ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  စပါးတင်း ၁၀၀ ကို သတ်မှတ်အခြေခံရည်ညွှန်းဈေးနှုန်းထက် ပိုမိုရရှိနေ

မြန်မာနိုင်ငံတွင် မိုးစပါးနှင့်နွေစပါး ကြမ်းခင်းဈေးကို သက်ဆိုင်ရာအာဏာပိုင်များက နှစ်စဉ် သတ်မှတ် ပေးထားသော်လည်း လက်တွေ့အရောင်းအဝယ်ပြုလုပ်သည့်အခါတွင် တောင် သူများဘက်မှ သတ်မှတ်ဈေးနှုန်းအတိုင်း မရရှိကြောင်း ရခိုင်တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဌ ဦးအောင်ကျော်ဇံက CNI သို့ ပြောသည်။

“ဒီထုတ်ပြန်ချက်အပေါ်မှာ ကြိုဆိုရမယ်။ ဒါပေမယ့် ရခိုင်ဒေသအတွက်ကတော့ ဖြစ်လာနိုင်တဲ့ အနေအထား မရှိဘူးဗျ။ အကြောင်းတရာမှာ မနှစ်တုန်းကလည်း အစိုးရက တင်း ၁၀၀ ကို ၅ သိန်းလို့ သတ်မှတ်တယ်။ ဒါပေမယ့် လက်တွေမှာ အဲဒီအကျိုးဆက်ကို တောင်သူတွေက အကျိုးခံစားခွင့်မရှိဘူး” ဟု ဆိုသည်။

တောင်သူများအနေဖြင့် အခြားသော အထွေထွေကုန်ကျစရိတ်များပါ ထည့်ပေါင်းမည်ဆိုပါက ယခုနှစ်အတွက် စပါးတင်း ၁၀၀ လျှင် ကျပ် ၇၀၀,၀၀၀(ခုနှစ်သိန်း)ကျော်ရရှိမှသာ အဆင်ပြေနိုင်မည် ဖြစ်ကာ လက်ရှိ စပါးဈေးနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ကုန်ကျစရိတ်နှင့် မကိုက်သည့် အတွက် လာမည့် နွေစပါးတွင် လယ်စိုက်တောင်သူ နည်းပါးသွားမည်ဖြစ်ကာ စပါးအထွက်နှုန်းလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း စပါးစိုက်တောင်သူ ဦးအောင်ကျော်မြက ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  ပြည်ပသို့ စပါးတင်ပို့ရောင်းချမှုကို အားမပေးဟု နစကပြော

“ကျနော်တို့ အခုသတ်မှတ်တဲ့ ၅၄၀၀၀၀ ဆိုတဲ့ ဈေးကတော့ဗျာ ကျနော်တို့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီဇယ်ဈေးတို့၊ ဓာတ်မြေဩဇာဈေးတို့ ဒီအတိုင်းသာဆိုလို့ရှိရင် ကျနော်တို့က စပါးမထွက်ခင်ကတည်းက အရှုံးက ပေါ်နေပြီးသားလေ။ အရှုံးပေါ်နေပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ စပါးစိုက်တဲ့တောင်သူတွေ ရာနှုန်းအားဖြင့် နည်းသွားမယ်။ အထွက်နှုန်းလည်း ကျသွားမယ်။ စိုက်မယ့်တောင်သူလည်း နည်းသွားမယ်ဗျာ”ဟု သူက ဆိုသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  တောင်သူများ စပါးစိုက်စရိတ် မကာမိဘဲ အရှုံးဖြင့် ရင်ဆိုင်နေရ

လက်ရှိ ပြည်တွင်းဆန်ဈေးကွက်တွင် ဇူလိုင်လမှစပြီး ဈေးတက်နေသော်လည်း ရောင်းအားမှာ ပုံမှန်အတိုင်းပဲရှိနေသည်ဟု ဆန်လုပ်ငန်းရှင်တချို့က ပြောသည်။

မြန်မာနိုင်ငံမှ ဆန်များကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေသည့်အတွက် ဆန်တင်ပို့မှုအပိုင်းမှာလည်း ထိခိုက်မှုများရှိနေသည်ဟု ဆန်ကုန်သည်များထံမှ သိရသည်။