CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် ၂၀၂၀ စက်တင်ဘာလမှ စတင်ကာ ဆက်တိုက် ဆုတ်ယုတ် လာပြီး လက်ရှိ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ စစ်တမ်းသမိုင်းတစ်လျှောက် ကျဆင်းမှု အပြင်ထန်ဆုံး ဖြစ်သည်ဟု IHS Markit မြန်မာ၏ ထုတ်လုပ်မှု PMI™ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အညွှန်းကိန်းသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ မှ ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ၁၃ လတာကာလကို ထုတ်လုပ်သူ ၄၀၀ ခန့် ပါဝင်သည့် အဖွဲ့တစ်ခုမှ ထုတ်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများကနေ ရရှိသည့် ဖြေကြားချက်များကို အခြေခံကာ တွက်ချက်ထားခြင်းလည်း ဖြစ်သည်။

စက်တင်ဘာလတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းသည် ကိုဗစ်-၁၉ ကူးစက်မှု တိုးလာခြင်းကြောင့် စက်ရုံများနှင့် လုပ်ငန်းများ ဆက်တိုက်ပိတ်လာရမှုနဲ့ အလုပ်သမားများ နေရပ်ပြန်မှု များပြားခြင်း၊ အော်ဒါသစ်များကို လက်စမသတ်နိုင်ခြင်းများက ရှေ့ဆက်ကျဆင်းမှုများဆီ ဦးတည် နေသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

စက်တင်ဘာလ၏ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်များ၏ ကျဆင်းနှုန်းသည် သြဂုတ်လနဲ့ နှိုင်းယှဉ်လျှင် သိသိသာသာ အားပျော့လာပြီး နိုင်ငံတကာတွင် ကုန်ကြမ်းရှားပါးခြင်းနှင့် ငွေလဲနှုန်း မတည်ငြိမ်မှုများ သည် ငွေကြေးဖောင်းပွမှုကို ဖိအားပေးလာကြပြီး ဝယ်ယူမှုစရိတ်များနှင့် ရောင်းဈေးများ သိသာစွာ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

ဩဂုတ်လတွင် ၃၆ ဒသမ ၅ ထက်မြင့်တက်လာကာ စက်တင်ဘာတွင် ၄၁ ဒသမ ၁ ရှိလာပြီး ပျမ်းမျှ အနေဖြင့် ၅၀ ဒသမ ၀ အောက်တွင် ၁၃ လ ဆက်တိုက်ရှိနေသည်ဟု ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြသည့် PMI အညွှန်းကိန်းတွင် ဖော်ပြထားသည်။