CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃

ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၌ သက်သေခံလက်မှတ် CI စာအုပ်နှင့် Work Permit သက်တမ်းတိုး ခြင်းပြုလုပ်ရန် မမီလိုက်သူ အများအပြားရှိသောကြောင့် ၎င်းတို့အတွက် ၂ နှစ် သက်တမ်းတိုးခွင့်ပြုပေးစေချင် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

သတ်မှတ်ကာလဖြစ်သည့် မေလအား ကျော်လွန်သွားပြီဖြစ်သော်လည်း ၎င်းကာလအတွင်း သက်တမ်းတိုးရန် စာရင်းသွင်းထားပြီးဖြစ်သည့် ရွှေ့ပြောင်းလုပ်သားများအား ဇူလိုင်လကုန်အထိ ကျန်ရှိသော သက်တမ်းတိုး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ထိုင်းအာဏာပိုင်များမှ ယာယီနေထိုင်ခွင့်ပြုပေးထားကြောင်း သိရသည်။

သို့သော် စာရင်းမသွင်းလိုက်ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ရှိသောကြောင့် ၎င်းတို့အား ထိုင်းဘက်မှ သက်တမ်း ၂ နှစ် တိုးခွင့်ပြုမည်ဆိုပါက ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“လူတိုင်းလူတိုင်းက ပတ်စပို့ကိုလုပ်ဖို့ အခက်အခဲရှိတယ်။ ပတ်စပို့မရှိဘဲနဲ့ စာအုပ်သက်တမ်းတွေ မတိုးရသေး ဘဲနဲ့ ယာယီအလုပ်သမားလက်မှတ် ၂ နှစ်ကို ဘယ်ပုံ ဘယ်နည်း ပေးမလဲဆိုတာကိုတော့ ကျနော်တို့ မသိသေး ဘူး။ CI တစ်အုပ်ကို Work Permit အပါအဝင် ဘတ် တစ်သောင်းခွဲကနေ နှစ်သောင်းကျော်ကျော်အထိ အကုန်အကျခံတဲ့ အလုပ်သမားတွေလည်း ရှိတာဖြစ်တဲ့အတွက် ဒီကြားဖြတ်အစိုးရကနေပြီးတော့ နိုင်ငံခြားသား အလုပ်သမားတွေ အပေါ်မှာ အမှန်တကယ် ကူညီလိုတဲ့ဆန္ဒနဲ့ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို စာနာစိတ်အပြည့်နဲ့ အားလုံးကို ယာယီအလုပ်သမားလက်မှတ် သက်တမ်း ၂ နှစ်တိုးပေးမယ်ဆိုရင် ပိုပြီးတော့မှ ကောင်းမယ်လို့ ပြောချင်တယ်။ အလုပ်သမားလက်မှတ်ဆိုတာက သူ့နိုင်ငံ သူ့ဥပဒေ။ သူ့ရဲ့ ဩဇာအာဏာအပြည့် စူပါပါဝါရှိတယ်။ သူလုပ်ပေးပိုင်ခွင့်ရှိတယ်။ ပတ်စပို့မလိုဘဲနဲ့လည်း ယာယီအလုပ်သမား လက်မှတ်တစ်ခုတည်းနဲ့ ထိုင်းနိုင်ငံထဲမှာ လွတ်လပ်စွာအလုပ်လုပ်နိုင်တဲ့ အစီအစဉ်ပါ ပါခဲ့ရင် ပိုပြီးတော့ ကောင်းတယ်လို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေသူများနှင့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း  ၂ နှစ်သက်တမ်းတိုး ခွင့်ပြုပေးရန်ကို မျှော်လင့်နေကြကြောင်းလည်း သိရသည်။

ရွှေ့ပြောင်းလုပ်သားများအား ထိုသို့ သက်တမ်း ၂ နှစ်တိုးခွင့်ပြုခဲ့သည်ရှိသော် ပေးသွင်းရသည့် ကုန်ကျစရိတ် ပမာဏမှာ မပြောင်းလဲနိုင်သော်လည်း ပွဲစားများ၏ နှုန်းထားများမှာ ပိုများလာနိုင်ကြောင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ပျမ်းမျှအားဖြင့်ကတော့ ဘယ်လောက်ကျမလဲဆိုရင် သူတို့ရဲ့ ကိုင်ထားတဲ့ ကျန်းမာရေးအာမခံပေါ့ အမျိုးအစား ပေါ်မူတည်ပြီးတော့ လူမှုဖူလုံရေးအသင်းဝင်ဆိုရင် သူကတော့ ဈေးနှုန်းတစ်မျိုးဖြစ်မယ်။ ဒါလည်း သိပ်မကွာ ပါဘူး။ ပျမ်းမျှ ကျနော်တို့ပြောလို့ရတာ ၅၀၀၀ (ဘတ်ငွေ) ဝန်းကျင်ပဲ ရှိတယ်လေ။ တရားဝင် ကုန်ကျစရိတ်က။ ဒါပေမယ့် ဒီဟာတွေအကုန်လုံးပြဿနာက ဘာလဲဆိုတော့ အလုပ်သမားတွေက သူတို့ကိုယ်တိုင် လုပ်လို့မရဘူး။ ပွဲစားတွေကိုပဲ မှီရတဲ့အခါကြတော့ ပွဲစားများလေ များလာလေ။ သူတို့က နှစ်ဆ၊ သုံးဆ ပေးရတာမျိုးတွေ ဖြစ်ကုန် တာ။ ပွဲစားကလည်း ယူမှာပဲလေ သူ့ဝန်ဆောင်ခအတွက်။ ပွဲစားမပါဘဲလုပ်လို့မှ မဖြစ်ဘူး အပ်လို့မဖြစ်တာ ဖြစ်နေ တာပေါ့။ အသစ်အစိုးရကနေ ဖြေလျော့မယ့် ပြဋ္ဌာန်းချက်တစ်ခုကို စောင့်နေကြတာပေါ့” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံရှိ အောက်ခြေလုပ်သားတစ်ဦး(ဓါတ်ပုံ-Getty Images)

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အစိုးရသစ်တစ်ရပ်အား မဖွဲ့စည်းနိုင်သေးသော်လည်း အစိုးရဖွဲ့စည်းပြီးချိန်တွင် ထိုသို့ နေထိုင်အလုပ်လုပ်ခွင့်သက်တမ်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်လာနိုင်ဖွယ်ရှိသည်ဟု ရွှေ့ပြောင်း အလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ထားကြသည်။

ထိုင်းနိုင်ငံထဲတွင် ဘတ်ပန်းရောင်ကတ်များဖြင့် နေထိုင်အလုပ်လုပ်ကိုင်သူများအား ပုံမှန်သက်တမ်းအပြည့်မှာ  ၂ နှစ်စီသာပေးကြောင်း၊ ထို ၂ နှစ်ပေးသော်လည်း နောက်ပိုင်းတွင် ဖြေလျှော့မှုများကြောင့် သက်တမ်းအပြည့် ၂ နှစ်ပေးခြင်းအား တစ်နှစ်စီ ခွဲကာ သက်တမ်းတိုးပေးခြင်းဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 “ပုံမှန်ကတော့ ဒီမှာ ၂ နှစ်စီပဲ ပေးတာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တာကို ပြောတာပေါ့။ ကျနော်တို့ ရိုးရိုး Ordinary လို့ခေါ်တဲ့ စာအုပ်ကြီးသမား၊ သာမန်နိုင်ငံကူးလက်မှတ်ကိုင်တဲ့ အုပ်စုတွေပေါ့ ကျနော်တို့လိုမျိုး တွေပေါ့။ အဲဒါမျိုးတွေဆိုရင်သာ ကျနော်တို့က ၁ နှစ်ပဲရတာ။ ၁ နှစ်တောင်မှ အခုဆို ၁ နှစ်တောင်မရတော့ဘူး။ ၃ လပဲ ကျနော်တို့က ရတော့တယ်။ အဲဒီပြဿနာကိုကြတော့ ဘယ်သူမှ မဖြေရှင်းနိုင်ကြသေးဘူး ပြောရမယ်ဆိုရင်။ ကျနော်တို့ကတော့ ပိုပြီးတော့ခက်ခဲတယ် နေထိုင်ခွင့်နဲ့ပတ်သက်ရင်။ အရင်တုန်းက ၁ နှစ်ကို ၅၈၀၀ (ဘတ်ငွေ) သွင်းရတယ်။ Work Permit ရော ဗီဇာရောဆိုပြီး သွင်းရတာပါ့။ ပြီးတော့ စာရွက်စာတမ်း လုပ်ရတာမှာလည်း ရိုးရိုးရွှေ့ပြောင်းအလုပ်သမားတွေလုပ်ရတဲ့ စာရွက်စာတမ်းထက် ပိုပြီးတော့ခက်တယ်။ ကျနော်တို့ ခေါ်တာက တော့ ဒီမှာကတော့ Non-O လို့ ခေါ်တာပေါ့နော်။ Non Immigrant O Volunteer ဗီဇာပေါ့ အဲဒါက ခက်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် သက်သေခံလက်မှတ် CI စာအုပ်၏ သက်တမ်းတိုးကာလသည် ဖေဖော်ဝါရီလတွင် ကုန်ဆုံး သွားခဲ့ပြီး Work Permit သက်တမ်းတိုးကာလသည်လည်း မေလတွင် ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းရှိ MOU သက်တမ်း ပြည့်သူများအား ဇူလိုင်လ ၃၁ ရက်နေ့အထိ နေထိုင်ခွင့် သက်တမ်းတိုး ပေးထားသော်လည်း ၎င်းသည် MOU ဥပဒေအရ ထို နောက်ဆုံးရက် မတိုင်ခင် နေရပ်ပြန်၍ စာချုပ်အသစ် သက်တမ်းတိုး လုပ်ဆောင်ရမည့် အဓိပ္ပါယ်ဖြစ်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများထံက သိရသည်။