CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် PJ စာအုပ် အသစ်လဲထားသော မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် ထိုင်းဘက်မှ ဗီဇာမထုတ်ပေးသဖြင့် အဆင်မပြေဖြစ်နေကြကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်နေသူ ကိုသားကြီးက “နိုင်ငံကူးလက်မှတ် ပတ်စပို့အကြီး အနီရောင်ကိုင်ထားပြီးကာမှလည်း ကိုယ့်ရှေ့က သူငယ်ချင်းတွေစာအုပ် သံရုံးမှာ သွားချိန်းတာတောင်မှ ထိုင်း လ.ဝ.က က ဗီဇာမပေးတော့ဘူး။ ၄ နှစ်ပြည့်တဲ့ MOU သမားတွေကို မြန်မာနိုင်ငံထဲကို ပြန်ခိုင်းတယ်။ မြန်မာ နိုင်ငံသားတွေကလည်း မြန်မာနိုင်ငံကို ပြန်ဖို့ကို ကြောက်တယ်။ လုံခြုံရေးအရရောနောက် ဒီ မဲဆောက်-မြဝတီ မြန်မာဘက်ကိုဝင်တဲ့ ဂိတ်တွေမှာ လ.ဝ.က က စမတ်ကတ်မပါရင် ပိုက်ဆံတွေ မတရားတောင်းတာတွေ မြဝတီ မြို့အဝင်ဂိတ်မှာ ဒါမျိုးတွေဖြစ်နေတယ်။ သံရုံးကနေ ထိုင်း လ.ဝ.ကကို ရွှေ့ပြောင်းအလုပ်သမားကို ဗီဇာပေးမယ့် ကိစ္စကို သူဘာမှ ခေါင်းထဲကနေမရှိသလို၊ သူကိုယ်တိုင်လည်း ပြောပေးနိုင်စွမ်းမရှိဘူး။ နောက်တစ်ခုက MOU စနစ်မှာ G to G လက်မှတ်ထိုးတာဖြစ်တဲ့အတွက် ၄ နှစ်ပြည့်လို့ ဗီဇာကို ထိုင်း လ.ဝ.ကက သူ့နိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ မပေးတာ။ မပေးဘူးဆိုတာကလည်း မပေးမှသာလျှင် သူက ဖမ်းဆီးလို့ရမယ်၊ ပြန်ပို့လို့ရမယ်၊ ဒီလို အခြေအနေမျိုးတွေ၊ ဒီကြားထဲမှာ အဂတိမကင်းတဲ့ ဝန်ထမ်းတွေဆိုရင် ဖမ်းတယ်၊ ငွေကြေးတောင်းတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက ကိုဗစ်ကာလများ၌ သက်တမ်းပြည့် MOU လုပ်သားများအား နေရပ် မပြန်ခိုင်းဘဲ ထိုင်း နိုင်ငံအတွင်း၌သာ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည့်အတွက် ၎င်းတို့သည် နိုင်ငံကူးလက်မှတ်အသစ်အား ပြုလုပ် လိုက်ကြခြင်းဖြစ်သည်။

မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်နေကြသူများ

သို့သော် လက်ရှိတွင် ကိုဗစ်ကပ်ရောဂါမှာ မရှိသလောက်ဖြစ်သွားသည့်အတွက်ကြောင့် ၄ နှစ်၊ ၆ နှစ် သက်တမ်း ပြည့် MOU အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း၌ သက်တမ်းတိုးဆောင်ရွက်ခြင်းအစား ယခင် MOU လုပ်ငန်း စဉ်အတိုင်း မိမိနေရပ်သို့ ပြန်၍ သက်တမ်းတိုးခြင်းအား ဆောင်ရွက်ခိုင်းနေခြင်းဖြစ်သည်။

ထို MOU သက်တမ်း ၄ နှစ်၊ ၆ နှစ်ပြည့် လုပ်သားများသည် ထိုင်းဘက်မှ ၎င်းအမိန့် မချမှတ်ရသေးခင်တွင် နိုင်ငံကူး လက်မှတ်အသစ်လဲထားကြသူများဖြစ်သည့်အတွက် ယခုကဲ့သို့ အခက်အခဲဖြစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်စာအုပ်အသစ်လဲထားခြင်းဖြစ်သော်လည်း ၄ နှစ်၊ ၆ နှစ် MOU သက်တမ်းပြည့် သူများဖြစ်ပါက ထိုင်းဘက်မှ ဗီဇာမထုတ်ပေးတော့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သို့သော် မြန်မာ MOU လုပ်သားများအနေဖြင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများအရ နေရပ်သို့ပြန်၍ သက်တမ်း တိုးရန်မှာ အခက်အခဲဖြစ်သူ အများအပြားရှိသည့်အတွက် ထိုင်းနိုင်ငံအတွင်း၌သာ သက်တမ်းတိုးများ ဆက်လက် ပြုလုပ်ပေးရန် အလုပ်သမားအဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ထိုင်းနိုင်ငံရှိ သားငါးစက်ရုံတစ်ရုံကို တွေ့ရစဉ်

MWRN မှ အကြံပေး ဦးအောင်ကျော်က “သို့သော် စာအုပ်ကတော့ အလကားမဖြစ်ဘူး။ ဒီနိုင်ငံက နောက်ထပ် အစိုးရသစ်တက်လာလို့ ဖြေလျှော့ဥပဒေတစ်ခုခု ပေးလိုက်ရင် အဲဒီစာအုပ်ကိုပြန်ပြီး လုပ်ကောင်းလုပ်လို့ ရနိုင် သလို အဲဒီလိုမဟုတ်ဘဲနဲ့ သူ့ရဲ့ MOU ဥပဒေအရ မုချ အိမ်ပြန်ဆိုတာကို ပြန်ကိုပြန်ရမှာဆိုရင်လည်း အိမ်ပြန်ပြီး အဲဒီစာအုပ်နဲ့ ပြန်လုပ်လို့ရတယ်။ ဒါပေမယ့် တချို့လုပ်သားတွေကြတော့ ပြန်လို့မဖြစ်တဲ့ လုပ်သားတွေလည်း အများကြီးရှိနေတယ်။ ဒါလည်း အားလုံးသိပြီးသားဖြစ်မှာပါ။ တချို့ကျတော့ သူတို့နယ်မြေတွေ မလုံခြုံလို့၊ မအေးချမ်းဘူး။ စစ်မက်တွေ ဖြစ်နေတယ်၊ အိုးအိမ်တွေမရှိတော့ဘူးဆိုတဲ့ လုပ်သားတွေကြတော့လည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သူများနိုင်ငံမှာ တရားဝင်ကနေ တရားမဝင်အဖြစ် ရောက်နေတာပေါ့။ လုပ်သားတွေက အိမ်ကိုပြန်ဖို့ အတွက်ခက်နေတယ်။ ဒါကိုဖြစ်နိုင်ရင် ထိုင်းအစိုးရ အဆင့်ဆင့်တင်ပြပြီးမှ ဒီလုပ်သားတွေကို ဖြေလျှော့တဲ့အနေနဲ့ ဒီနိုင်ငံထဲမှာ တရားဝင်စာရွက်စာတမ်းတွေ ပြုလုပ်လို့ရပါက ပြုလုပ်ပေးပါရန် ဆိုတာကို။ ကျနော်တို့ကတော့ ဒီ နိုင်ငံမှာ လုပ်ပေးဖို့ပဲ တောင်းဆိုထားတာ။ ဥပဒေကတော့ ဘာမှမပြည့်စုံရင် ဖမ်းမယ်ဆိုလည်း ဖမ်းလို့ရတယ်” ဟု ပြောသည်။

သို့သော် လက်ရှိတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ၊ လာအို၊ ကမ္ဘော ဒီယား သုံးနိုင်ငံမှ MOU ၄ နှစ်၊ ၆ နှစ် သက်တမ်းပြည့်လုပ်သားများအား ဇူလိုင်လကုန်အထိ နေထိုင်ခွင့်ပြုကြောင်း ပြောသည်။

ထို့အပြင် အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းတိုးနိုင်ရန် လျှောက်ထားသူများအား မေလ ၁၅ ရက်နေ့အထိသာ သက်တမ်းတိုးကာလသတ်မှတ်ထားသော်လည်း ယခုအခါတွင် ဇူလိုင်လကုန်အထိ ရွှေ့ဆိုင်းပေးထားကြောင်း သိရသည်။