CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် မတ်လ ၁ ရက်နေ့မှ စတင်၍ လုံးဝရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်ဟု မူဆယ်နယ်စပ်ဆန်ကုန်သည်များထံမှ သိရသည်။

မတ်လ ၁ ရက်နေ့တွင် ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည့် နယ်စပ်မှတဆင့် တင်ပို့သည့် ဆန်နှင့် ဆန်ကွဲ ပို့ကုန်ရ ငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားအတိုင်း လဲလှယ်ကြရမည်ဟု ထုတ်ပြန်လိုက်ခြင်းကြောင့် ကုန်သည်များ အကျိုးအမြတ် မရရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် နယ်စပ်မှတဆင့် ဆန်တင်ပို့မှုများသည် ရပ်တန့်လုနီးပါး ဖြစ်နေသည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဆန်အိတ်များကို ဆိုက်ကားဆရာ သယ်နေစဉ်

၎င်းက “ငွေကြေးမူဝါဒ ပြောင်းလိုက်တော့ အကျိုးအမြတ်က မရှိတော့ဘူး။ ဒါကြောင့် တရုတ်ပြည်ကို ဆက်လက် ပြီး မပို့ရဲပဲနဲ့ ဂိုဒေါင်မှာ ဆန်လက်ကျန်က ရှိသင့်သလောက် ရှိပါတယ်။ ဒါကြောင့် မန္တလေးကနေပြီးတော့ ရန်ကုန်၊ မန္တလေး အောက်မြန်မာပြည် ကနေပြီးတော့ တရုတ်ပြည်ကို ဆန်တင်ပို့မှုက လုံးဝ မရှိတော့ဘူး။ မြန်မာပြည်ကနေ ပြီးတော့ တရုတ်နိုင်ငံကို border trade ကနေပြီးတော့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုက မတ်ကနေ ဒီကနေ့အထိက လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားပါပြီ။ ဧပြီ ၁၈ ကနေ ဧပြီ ၂၁ ရက်နေ့အထိကတော့ လုံးဝ မရှိသလောက်ပါပဲ မရှိ ဘူး။ မရှိဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

ဗဟိုဘဏ်မှ သတ်မှတ်လိုက်သည့် ငွေကြေးမူဝါဒသည် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ပေါက်ဈေးဖြစ် သည့် တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၄ ကျပ်ဖြစ်ပြီး ပြင်ပတွင် တစ်ယွမ်လျှင် ၄၁၄ ကျပ် ဖြစ်ပေါ် နေခြင်းကြောင့် ကုန်သည်များအတွက် အကျိုးအမြတ်ရရှိမှု မရှိသလောက် ဖြစ်သွားသည်ဟု ကုန်သည်များက ပြောသည်။

ထို့အပြင် ပြည်တွင်း ဆန်ဈေးနှုန်းသည်လည်း မြင့်တက်နေမှုကြောင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ကုန်သည်များ အနေဖြင့် အရှုံးများဖြင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ဆန်အိတ်များကို သယ်နေစဉ်

ထို့ကြောင့် ပို့ကုန်ရငွေ မူဝါဒ ပြောင်းလဲလိုက်သည့် မတ်လမှ စတင်၍ တရုတ်နယ်စပ်မှတဆင့် ဆန်တင်ပို့မှုသည် တန်ချိန် ၂၀၀ ကျော်ခန့်သာ ရှိတော့ကြောင်း ဦးမင်းသိန်းက ပြောသည်။

၎င်းက “ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအခြေအနေက မတ်လ ၁ ရက်နေ့ကနေပြီးတော့ ၆၅၊ ၃၅ ဆိုတဲ့ ငွေကြေးမူဝါဒ ပြောင်းလဲမှုကြောင့် လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားတယ်။ အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ဖေဖော်ဝါရီလမှာ မြန်မာ ပြည်ကနေ တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၇ သောင်း၊ အိတ်ရေ ၁၄ သိန်း သွားတယ်။ မတ်လ ၁ ရက်နေ့ ကနေ မတ်လ ၃၁ ရက်နေ့ အတွင်းမှာဆိုရင် တန်ချိန် ၂၇၀၊ အိတ်ရေ ၅၄၀၀ ပဲ သွားတယ်။ ဒါတောင်မှ လိုင်စင် လက်ကျန်လေး ရှိလို့သွားတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မူဆယ်နယ်စပ်ရှိ ဆန်ဂိုဒေါင်များ၌ ငွေကြေးမူဝါဒ မပြောင်းလဲခင် အချိန်မှာ ဝယ်ယူသိုလှောင်ထား သည့် ဆန်လက်ကျန်များသာ ရှိတော့ကြောင်း၊ ဆန်အသစ်များ ထပ်မံဝယ်ယူမှုကို ကုန်သည်များ လုပ်ဆောင် နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပို့ကုန်ရငွေ သတ်မှတ်ချက်ကို ဖြေလျှော့ပေးခြင်းနှင့် ပြည်တွင်း ဆန်ဈေးနှုန်းများ လက်ရှိ ဈေးနှုန်းထက် တစ်အိတ် လျှင် ၁ သောင်းကျပ်ခန့် ဈေးနှုန်းကျဆင်းမှသာ နယ်စပ်မှတဆင့် ဆန်တင်ပို့မှုများ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်ဟု ဆန်ကုန်သည်များက ပြောသည်။