- By CNI
- Category: စီးပွားရေး
- Hits: 381
CNI International News
ဟောင်ကောင် ၊ သြဂုတ် ၂၅
ဂျပန်နိုင်ငံသည် ဆူနာမီလှိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဖူကူရှီးမား ဒိုင်အီချီ (Fukushima Daiichi) နျူကလီး ယား ဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီး ရေဆိုးများကို သြဂုတ် ၂၄ ရက်တွင် ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ထုတ်ခဲ့ သဖြင့် ဂျပန်မှ ပင်လယ်စာတင်သွင်းမှု အားလုံးကို ဆိုင်းငံ့မည်ဖြစ်ကြောင်း တရုတ်က ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ပင်လယ်စာများ အပါအဝင် အဏ္ဏဝါထုတ်ကုန်များကို တင်သွင်းမှု ဆိုင်းငံ့ရခြင်းသည် တရုတ် စားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်ရန်ဖြစ်သည်ဟု တရုတ်အကောက်ခွန်ဌာနက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဂျပန်၏ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေများကို သမုဒ္ဒရာအတွင်း စွန့်ထုတ်မှုသည် တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု ရှုတ်ချခဲ့သည်။
ဂျပန်ပင်လယ်စာ ကြော်ငြာကိုတွေ့ရစဉ်
"ဂျပန်နိုင်ငံရဲ့ လုပ်ရပ်က ကမ္ဘာကို အန္တရာယ်ရှိစေပါတယ်။ အနာဂတ် လူသားမျိုးဆက်သစ်၊ ဂေဟစနစ်၊ သဘာဝ ပတ်ဝန်းကျင်၊ ကမ္ဘာလုံးဆိုင်ရာ ရေထုညစ်ညမ်းမှုတွေနဲ့ လူသားတွေရဲ့ ကျန်းမာခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးတွေကို ဆိုးရွားစွာ ထိခိုက်စေပါတယ်"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန် ပြောကြားခဲ့သည်။
"ဂျပန်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ဝတ်နဲ့ နိုင်ငံတကာ တရားရေး တာဝန်တွေကို ချိုးဖောက်ခဲ့တာလည်း ဖြစ် တယ်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဂျပန် ပင်လယ်စာ ဆော်လမွန်ငါးကိုတွေ့ရစဉ်
၂၀၁၁ ခုနှစ်၊ မတ်လက ငလျင်နှင့် ဆူနာမီလှိုင်းဒဏ်ကြောင့် ဂျပန်၏ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ဓာတ်ပေါင်း ဖို ၃ လုံး အရည်ပျော်ခဲ့ပြီးနောက် ဓာတ်ပေါင်းဖိုများကို အအေးပေးရန် သိမ်းဆည်ထားသည့် ရေဒီယို ဓာတ်သတ္တိ ကြွ ရေများအား ထိုစက်ရုံထဲတွင် သိုလှောင်ထားပြီး သန့်စင်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ရေများကို လာမည့် နှစ်ပေါင်း ၃၀ အတွင်း ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်မည် ဖြစ်သည်။
တရုတ်ကမူ ထိုနျူကလီးယားစက်ရုံကို ပိုင်ဆိုင်သည့် Tokyo Electric Power Co. (TEPCO) ၏ အစီအစဉ်ကို မကြာခဏ ဝေဖန်ခဲ့ပြီး ရေဒီယိုဓာတ်သတ္တိကြွရေများကို စွန့်ထုတ်မှုသည် လူသားများ၏ ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)ကမူ ဖူကူရှီးမား စက်ရုံမှ ရေများကို စွန့်ထုတ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင်နှင့် လူသားများအပေါ် သက်ရောက်မှုမှာ မရှိသလောက် နည်းပါးလိမ့်မည်ဟု ဇူလိုင်လက ထုတ်ပြန်ခဲ့ သည်။
တရုတ်သည် ဂျပန်နိုင်ငံ၏ စီရင်စုနယ် ၁၀ ခုမှ ပင်လယ်စာများ တင်သွင်းမှုကို ယခင်ကတည်းက ပိတ်ပင်ခဲ့ပြီး ဟောင်ကောင်အစိုးရကလည်း တိုကျို၊ အီဘာရာကီ၊ ဂွန်မာ၊ မီယာဂီ၊ ဖူကူရှီးမား၊ ချီဘာ၊ တိုချီဂီ၊ နီဂါတာ၊ နာဂါနိုင် နှင့် ဆိုင်တားမား စီရင်စုနယ်များမှ ပင်လယ်စာများကို ပိတ်ပင်ခဲ့သည်။
Source: Nikkei Asia
- By cni
- Category: စီးပွားရေး
- Hits: 263
CNI International news
ဘန်ကောက်၊ သြဂုတ် ၁၉
ထိုင်းတွင် လုပ်ငန်းလည်ပတ်မှု မြင့်မားပြီး ငွေကြေးအကုန်အကျ များပြားနေသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) သည် အသစ်ဖွဲ့စည်းမည့် အစိုးရသစ်၏ ကူညီစောင်မမှုများကို အရေးတကြီး လိုအပ်နေသည်ဟု ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (Federation of Thai Industries- FTI) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့မှ ဖော်ပြခဲ့သည်။
အစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီးချိန်တွင် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စများအနက် စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်သစ်သည် တစ်ခု အပါအဝင် ဖြစ်သည်ဟု FTI ၏ လက်ထောက်ဥက္ကဋ္ဌ အပီချစ် ပရာဆိုပရက် (Apichit Prasoprat) က ပြောသည်။
"ကပ်ရောဂါ ကာလကတည်းက SME လုပ်ငန်းတွေဟာ အားနည်းသွားခဲ့ပါတယ်။ တင်းကျပ်တဲ့ ချေးငွေ စည်းမျဉ်း စည်းကမ်းတွေကြောင့် SME လုပ်ငန်းအများစုဟာ ဘဏ်တွေဆီကနေ ချေးငွေတွေကို လွယ်လွယ်မရတော့ဘဲ liquidity ဆိုတဲ့ ငွေပေါ်လွယ်မှု အခြေအနေတွေ မရှိကြတော့ပါဘူး"ဟု အပီချစ်က ပြောသည်။
ထိုင်းက ဆိုင်တစ်ခုကိုတွေ့ရစဉ်
SME လုပ်ငန်းများသည် နေ့စား လုပ်အားခများ တိုးမြှင့်ပေးနေရပြီး မြင့်မားသည့် မီတာခများနှင့် လိုအပ်သည့် ကုန်ကြမ်းများအတွက် ငွေကုန်ကြေးကျများနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ဘဏ်ချေးငွေများ ရယူခွင့် ကန့်သတ်ခံခဲ့ရခြင်း ဖြစ်သည်။
ပြည်တွင်း စီးပွားရေးသည် အပြည့်အဝ နာလန်မထူနိုင်သေးဘဲ ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၉ လဆက်တိုက် နှေးကွေးလေးလံနေမှုကြောင့် SME လုပ်ငန်းများသည် ပုံမှန်ဝင်ငွေရရှိရန် ရုန်းကန်နေရသည်ဟု အပီချစ်က ပြောသည်။
ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အကောက်ခွန် ကင်းလွတ်ခွင့်ပြု ပို့ကုန်များ၏ တန်ဖိုးသည် ဇွန်လအတွင်း ကိုးလဆက်တိုက်အဖြစ် ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈ ဘီလျံ ရှိခဲ့သည်ဟု သိရသည်။
SME D Bank ကိုတွေ့ရစဉ်
ထို့ပြင် SME လုပ်ငန်းများအပေါ် ဝန်ပိစေမည့် အတိုးနှုန်းများ မြင့်တက်နေမှုကို စိုးရိမ်ကြောင်းလည်း FTI က ပြောကြားခဲ့သည်။
သြဂုတ် ၂ ရက်တွင် ထိုင်းဗဟိုဘဏ်၏ ငွေကြေး မူဝါဒ ကော်မတီ (MPC) သည် အတိုးနှုန်းများကို တိုးမြှင့်ရန် တညီတညွတ်တည်း မဲပေးခဲ့ကြသည်။
"တကယ်လို့ MPC ဟာ အတိုးနှုန်းကို မမြှင့်ဘဲ ဒီအတိုင်းထားမယ်ဆိုရင် စီးပွားရေးလုပ်ငန်းအများစုအတွက် ရေရှည်မှာ ကောင်းမွန်ပါလိမ့်မယ်"ဟု အပီချစ်က ပြောသည်။
ထို့ပြင် SME လုပ်ငန်းအများစုသည် တရုတ်နိုင်ငံမှ တင်သွင်းသည့် ထုတ်ကုန်များအတွက် ပြိုင်ဆိုင်မှုများ ပြင်းထန် လာကြသည်ဟုလည်း FTI က ပြောသည်။
"အွန်လိုင်းရှော့ပင်းတွေကို ကြည့်ပေါ့။ တရုတ်ကလာတဲ့ ထုတ်ကုန်တွေကို တင်သွင်းဖို့အတွက် ဝယ်ယူရမယ့် ဈေးတွေက မြင့်တက်နေပါတယ်။ အဲဒါကြောင့် အစိုးရအဖွဲ့သစ်အနေနဲ့ ဒီပြသနာကို အာရုံစိုက် လုပ်ဆောင်သင့်ပြီး ထိုင်း SME လုပ်ငန်းတွေကို ကာကွယ်ပေးသင့်ပါတယ်"ဟု အပီချစ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 369
CNI International News
စင်္ကာပူ၊ သြဂုတ် ၁၈
စင်္ကာပူရဲတပ်ဖွဲ့သည် ငွေကြေးခဝါချမှု ပြုလုပ်နေသည့် ဂိုဏ်းတစ်ခုကို စုံစမ်းစစ်ဆေးမှုအတွင်း သံသယရှိသူ ၁၀ ဦး ကို ဖမ်းဆီးခဲ့ပြီး အိမ်ခြံမြေများနှင့် ဇိမ်ခံကားများ အပါအဝင် စင်္ကာပူဒေါ်လာ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၇၃၇ သန်း) တန်ကြေးရှိသည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့သည် သြဂုတ် ၁၅ ရက်က နိုင်ငံတစ်ဝန်းတွင် စီးနင်းရှာဖွေမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး လိမ်ညာမှုများနှင့် အွန်လိုင်း လောင်းကစားမှုများ အပါအဝင် ပြည်ပတွင် လုပ်ဆောင်သည့် ဒုစရိုက်လှုပ်ရှားမှုများမှတစ်ဆင့် ရရှိသည့် ငွေများကို ငွေကြေးခဝါချနေသည်ဟု သံသယရှိသည့် အဖွဲ့ကို ပစ်မှတ်ထား ရှာဖွေခဲ့သည်ဟု သြဂုတ် ၁၆ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
အိမ်ခြံမြေ ၉၄ ခုနှင့် ကားအစီး ၅၀ အပါအဝင် ငွေသားများ၊ တန်ဖိုးကြီး လက်ကိုင်အိတ်များ၊ လက်ဝတ်ရတနာများ၊ နာရီများ၊ လျှပ်စစ်ပစ္စည်းများ၊ ဝိုင်ပုလင်းများ၊ အွန်လိုင်းအခြေပြု ပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် စာရွက်စာတန်း များနှင့် အလွန်တန်ဖိုးကြီးသည့် Bearbrick အလှဆင်အရုပ်များကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
စင်္ကာပူနိုင်ငံကိုတွေ့ရစဉ်
ဖမ်းဆီးခံရသူများအနက် တရုတ်၊ တူရကီ၊ ကမ္ဘောဒီးယား၊ ဆိုက်ပရပ်စ်နှင့် ဗန်နူအာတူ နိုင်ငံသားများ ပါဝင်ပြီး အသက် ၃၁ နှစ်မှ ၄၄ နှစ်အရွယ်များ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ စီးနင်းရှာဖွေမှုများတွင် ရဲအရာရှိ ၄၀၀ ကျော် ပါဝင်ခဲ့ပြီး သံသယရှိသူများကို တန်ဖိုးကြီး ဘန်ဂလိုများ ကွန်ဒိုများနှင့် စင်္ကာပူနိုင်ငံ၏ လူချမ်းသာများ နေထိုင်သည့် ရပ်ကွက်အချို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
စင်္ကာပူနိုင်ငံကိုတွေ့ရစဉ်
သံသယရှိသူ ရှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကို အခြားသံသယရှိသူ ၁၂ ဦးက ပူးပေါင်း ကူညီ ပေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
"စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ နောက်ထပ် ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းရမိ နိုင်ခြေရှိနေပြီး ဘဏ်အကောင့်တွေကိုလည်း ပိတ်ပင်သွားမှာပါ"ဟု ရဲတပ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
တရားမဝင် ငွေကြေးများနှင့် ပတ်သက်ပြီး အခြား ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်နေသည် ဟုလည်း စင်္ကာပူဗဟိုဘဏ်က သီးခြား အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
စင်္ကာပူနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အချက်အခြာနေရာ တစ်ခုဖြစ်ပြီး ငွေကြေးခဝါချမှုကို ဆန့်ကျင် သည့် တင်းကျပ်သော ဥပဒေများ ပြဋ္ဌာန်းထားကာ ပြစ်မှုထင်ရှား တွေ့ရှိသူများကို ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်လေ့ ရှိသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: စီးပွားရေး
- Hits: 486
CNI International News
စင်္ကာပူ၊ ဩဂုတ် ၁၇
စင်္ကာပူနိုင်ငံတွင် လုံလောက်သည့် အရန်ငွေကြေးရှိသော်လည်း နိုင်ငံ၏အသုံးစရိတ် လိုအပ်ချက်သည် ဝင်ငွေ ဖွံ့ဖြိုးတိုးတက်မှုထက် ကျော်လွန်နေမှုနှင့်အတူ အခြေအနေအားလုံးအတွက် အရန်ငွေ လုံလောက်မှုရှိသည်ဟု တွေးတောခြင်းသည် အကြီးမားဆုံး အတွေးမှားတစ်ခု ဖြစ်လိမ့်မည်ဟု စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)က ပြောသည်။
အရန်ငွေများကို တတ်နိုင်သမျှ ကြာမြင့်စေရန် ဆက်လက် ထူထောင်နေမှုနှင့်ပတ်သက်ပြီး စိုးရိမ်မိသည်ဟု လီက ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
စင်္ကာပူ၏ စတုတ္ထမျိုးဆက် နိုင်ငံရေး ခေါင်းဆောင်များသည် အသုံးစရိတ် လိုအပ်မှုများ မြင့်တက်နေမှုကို သိရှိနေ ပြီး နိုင်ငံအတွက် အကျိုးရှိစေမည့် နည်းလမ်းတစ်ခုကို ထောက်ပံ့ပေးရန် လိုအပ်သည့် အရာများကိုလည်း သိရှိ နားလည်ထားသည်ဟု လီက ပြောသည်
အရန်ငွေကြေးများသည် နိုင်ငံကို ထောက်ပံ့ပေးနေသည့် အာမခံချက် တစ်ခုဖြစ်ပြီး လူထုကို စိတ်ချလက်ချ ဖြစ်စေ နိုင်သော အကြီးမားဆုံး အရင်းအမြစ်ဖြစ်သည်ဟု ဝန်ကြီးချုပ်လီက အရန်ငွေကြေးနှင့် ပတ်သက်ပြီး CNA သတင်း နှင့်အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိုတွေ့ရစဉ်
စင်္ကာပူဒေါ်လာကို ဈေးကစားမှုများနှင့် အမျိုးသားအကျိုးစီးပွားများအား ကာကွယ်ရန် အရန်ငွေကြေးပမာဏ အပြည့်အဝကို အစိုးရအနေဖြင့် ထုတ်ဖော်ပြောကြားမည် မဟုတ်ဟု လီက ပြောသည်။
စင်္ကာပူ၏ အရန်ငွေကြေး မည်မျှများပြားသနည်းဟု မေးမြန်းခံရချိန်တွင် လီက “ကျနော် ဒီမေးခွန်းကို မဖြေနိုင် ပါဘူး။ အရန်ငွေကြေးဟာ အခြေအနေ အများစုအတွက် လုံလောက်ပါတယ်။ အစိုးရရဲ့ ဝင်ငွေတွေအတွက် ပံ့ပိုး ပေးနိုင်တဲ့ နှစ်စဉ်အသုံးစရိတ်မှာ ပြည့်စုံလုံလောက်မှုရှိတဲ့ အထောက်အကူကို ရရှိစေပါတယ် " ဟု ပြောသည်။
စင်္ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိုတွေ့ရစဉ်
ထို့ပြင် စင်္ကာပူ၏ အရန်ငွေကြေးပမာဏ အတိအကျကို မည်သူများက သိရှိပါသနည်းဟု မေးမြန်းခံရချိန်တွင် လီက “အစိုးရအဖွဲ့အတွင်း ဘဏ္ဍာရေးကို ကြီးကြပ်လုပ်ဆောင်နေတဲ့ ဝန်ကြီးတွေ သိပါတယ်။ သဘောကတော့ ဘဏ္ဍာရေးဝန်ကြီးနဲ့အတူ သက်ဆိုင်ရာ အရာရှိအနည်းငယ်က သိရှိပါတယ်။ ဝန်ကြီးချုပ်ကလည်း သိပါတယ်”ဟု ဖြေကြားခဲ့သည်။
စင်္ကာပူ၏ အရန်ငွေ စုစုပေါင်းသည် ၂၀၀၉ ခုနှစ်က ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရှိနိုင်သည်ဟု ပထမဆုံးအကြိမ် ခန့်မှန်းသိရှိခဲ့ရသည်။
၂၀၂၃ ခုနှစ်မှာတော့ စင်္ကာပူ၏ အရန်ငွေ စုစုပေါင်းသည် ၂ ဒသမ ၂ ထရီလျံအထိ မြင့်တက်ခဲ့သည်ဟု ကျွမ်းကျင် သူများက ခန့်မှန်းခဲ့သည်။
“ကံကောင်းတာက ကျနော်တို့ဆီမှာ အရင်းအမြစ်တွေ ရှိနေပါပြီး၊ အဲဒါဟာ ကောင်းချီးတစ်ခုပါပဲ။ ဒါပေမယ့် အခြေအနေအားလုံးအတွက် အရန်ငွေကြေး လုံလောက်နေတယ်လို့ တွေးတာကတော့ အကြီးဆုံး အတွေးမှား ဖြစ်ပါတယ်”ဟု လီက ပြောကြားခဲ့သည်။
Source: CNA
- By CNI
- Category: စီးပွားရေး
- Hits: 215
CNI International News
ဘန်ကောက်၊ ဩဂုတ် ၁၇
ထိုင်းနိုင်ငံတွင် အစိုးရဖွဲ့ရန် ပြင်ဆင်နေသည့် ဖြူးထိုင်းပါတီအနေနှင့် ပြည်သူများကို ဒစ်ဂျစ်တယ်ငွေကြေး ဘတ် ၁၀၀၀၀ စီပေးမည့် မူဝါဒကို အကောင်အထည်မဖော်မီ စီးပွားရေး စိစစ်သုံးသပ်မှုကို ပြုလုပ်ရန် ထိုင်းကုန်သည်ကြီး များအသင်း (Thai Chamber of Commerce) က တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုမူဝါဒသည် ပြည့်စုံလုံလောက်မှုရှိသည့် အသုံးစရိတ်လိုအပ်ပြီး ထိုင်း၏ စီးပွားရေး အလားအလာကောင်းမှု အတွက် ဂရုတစိုက် အကဲဖြတ်ချင့်ချိန်တွက်ချက်ရန် လိုအပ်သည်ဟု ကုန်သည်ကြီးများအသင်းက ပြောကြား ခဲ့သည်။
မိမိတို့အနေနှင့် အဆိုပါ မူဝါဒသည် အလားအလာကောင်းမည်ဟု ယုံကြည်ကြောင်း၊ သို့သော် နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေအပေါ် သက်ရောက်မှုနှင့် ဘဏ္ဍာရေး အရင်းအမြစ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ထွက်ပေါ်နေသည်ဟု ကုန်သည်ကြီးများအသင်း၏ဥက္ကဋ္ဌ ဆာနန် အန်ဂူဘိုလ်ကူ (Sanan Angubolkul) က ပြောကြားခဲ့သည်။
ထိုင်း ကုန်သည်ကြီးများအသင်း၏ဥက္ကဋ္ဌ ဆာနန် အန်ဂူဘိုလ်ကူကိုတွေ့ရစဉ်
ထိုကဲ့သို့ များပြားသည့် ငွေကြေးသုံးစွဲမှုသည် အမှန်တကယ် အကျိုး ရှိ/မရှိကို စဉ်းစားဆုံးဖြတ်ရန်နှင့် နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အာရုံစိုက် လုပ်ဆောင်သင့်သည်ဟု ဆာနန်က ပြော သည်။
အစိုးရအဖွဲ့သစ် အနေနှင့် တရားဝင် အခွန်စနစ်အတွင်းသို့ ဝင်ရောက်ရန် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင် နိုင်ပြီး ထောက်ပံ့ပေးနိုင်မည့် မူဝါဒများကိုလည်း စဉ်းစားလုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောသည်။
ထိုင်းပြည်သူများကိုတွေ့ရစဉ်
အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းအများစုသည် အခွန်စည်းမျဉ်းစည်းကမ်းများနှင့် အပြည့်အဝ လိုက်လျောညီထွေမှုမရှိကြောင်း၊ အခွန်ဥပဒေကို လေးစားလိုက်နာမှု တိုးမြှင့်ခြင်းသည် အခွန်ကို အခြေပြုသည့် နိုင်ငံဝင်ငွေကို ပိုမိုမြင့်တက်စေရန်အတွက် အရေးကြီးသည့်အချက်ဖြစ်ကြောင်း ဆာနန်က ပြောကြားခဲ့သည်။
ဘတ် ၁၀၀၀၀ စီကို ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် ပေးမည့် အစီအစဉ်အား အကောင်အထည်ဖော်ရာတွင် ငွေကို အရေးတကြီး လိုအပ်နေသည့် လူအုပ်စုများကို ခွဲခြားသတ်မှတ်ပြီး ပေးအပ်သင့်သည်ဟုလည်း ၎င်းက ပြောသည်။
ထိုသို့ ချဉ်းကပ်လုပ်ဆောင်မှုသည် ဘတ်ဂျက်ခွဲတမ်းချမှု အလွန်အကျွံဖြစ်စေမည့် အခြေအနေကို ရှောင်လွှဲနိုင်ပြီး ဘဏ္ဍာငွေ၏ တစ်ချို့တစ်ဝက်ကို အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ရေးနှင့် လူမှုဖူလှုံရေး ရင်းနှီးမြှုပ်နှံရေးတို့တွင် အသုံးပြုခွင့် ပေးသင့်သည်ဟု ဆာနန်က ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ယိုယွင်းနေပြီး သေချာရေရာမှု မရှိသည့် စီးပွားရေး နာလန်ထူမှု အပါအဝင် ထိုင်းနိုင်ငံရေး အခြေအနေသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် အစိုးရအဖွဲ့သစ် လျင်မြန်စွာ ဖွဲ့စည်းရေးသည် အလွန်အရေးကြီးကြောင်း ဆာနန်က ပြောသည်။
Source: ဘန်ကောက်ပို့စ်
- By cni
- Category: စီးပွားရေး
- Hits: 345
CNI International News
ဘေဂျင်း၊ ဩဂုတ် ၁၇
တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် Zhongrong International Trust Co. သည် စတော့နှင့် ငွေချေးစာချုပ်ကဲ့သို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထုတ်ကုန်များအတွက် ငွေပေးချေရန် ပျက်ကွက်ခဲ့မှုနှင့်အတူ အိမ်စျေး နှုန်းများ ကျဆင်းနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အဆိုပါ အိမ်ဈေးနှုန်းများ ကျဆင်းနေမှုကြောင့် စီးပွားရေး ပြန်လည်ထူထောင်မှုတွင် တိုးတက်မှု အနည်းငယ်သာ ရှိနေသည့် အိမ်ခြံမြေကဏ္ဍမှာ အကျပ်အတည်းများဖြစ်လာပြီး စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။
Zhongrong International Trust Co. သည် အစဉ်အလာအရ ကြီးမားသည့် အိမ်ခြံမြေစျေးကွက်တွင် ပါဝင်လေ့ ရှိပြီး ပြီးခဲ့သည့် လကုန်ပိုင်းကတည်းက ဒါဇင်နှင့်ချီသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထုတ်ကုန်များအပေါ် ငွေပေးချေရန် ပျက်ကွက်ခဲ့သည်ဟု ထိပ်သီးအရာရှိတစ်ဦးက ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့သည်။
Zhongrong International Trust Co. ကိုတွေ့ရစဉ်
တရုတ်၏ ဒေါ်လာ ၃ ထရီလျံ တန်ဖိုးရှိသည့် အပြိုင်ဘဏ်စနစ်ကဏ္ဍသည် ဗြိတိန်၏ စီးပွားရေးလောက် ကြီးမားပြီး အိမ်ခြံမြေစျေးကွက်နှင့် ကြီးမားစွာ ဆက်စပ် ပါဝင်နေမှုကြောင့် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ထို့နောက် ပြီးခဲ့သည့်နှစ်အတွင်း ကျယ်ပြန့်လာသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်များကို ဖြစ်ပေါ်စေခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများသည် ငွေချေးစာချုပ်များနှင့် ထိတွေ့လုပ်ဆောင်မှုရှိခဲ့ချိန်တွင် အပြိုင်ဘဏ်စနစ်အတွင်း အကြွေးဆပ်ရန် ပျက်ကွက်မှုများသည် ကြောက်မက်ဖွယ် သက်ရောက်မှုများကို ပိုမိုမြင့်တက်စေနိုင်သည်။
တရုတ်အိမ်ခြံမြေ ဈေးကွက်ကိုတွေ့ရစဉ်
တရုတ်အစိုးရ၏ ခိုင်မာသည့် စီမံချက်များ မရှိသည့် အခြေအနေတွင် ငွေကြေးပေးချေရန် ပျက်ကွက်မှုသည် ယခင်ကတည်းက ခိုင်မာမှုမရှိတော့သည့် စားသုံးသူများ၏ ယုံကြည်ချက်ကို ပိုမိုထိခိုက်မှုရှိစေနိုင်သည်။
ထိုအချိန်အတောအတွင်း တရုတ်၏ အိမ်စျေးကွက်သည်လည်း မျှော်မှန်းထားသည့် ပမာဏထက် ပိုမို ကျဆင်းခဲ့ပြီး ဖွံ့ဖြိုးတိုက်တက်မှု ခန့်မှန်းချက်ကိုလည်း ၄ ဒသမ ၉ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဗဟိုဘဏ်၏ အတိုးနှုန်းများ လျှော့ချမှုသည် အောက်သို့ တစ်ရစ်ရစ် ကျဆင်းနေသည့် စီးပွားရေးကို ပြန်လည် တည့်မတ်စေရန် လုံလောက်ခြင်း မရှိခဲ့ကြောင်း ကျွမ်းကျင်သူများ ပြောကြားခဲ့သည်။
စားသုံးသူ အများစုနှင့် အသေးစား စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးကျဆင်းမှု ကာလအတွင်း စီးပွားရေး ထိခိုက်မှုများကို ယခင်ကတည်းက ခံစားခဲ့ရဖွယ်ရှိသည်။
ထို့နောက် လူငယ်အလုပ်လက်မဲ့နှုန်းသည် ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ စီးပွားရေး အထွေထွေ ဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ကုမ္ပဏီများ၏ အမြတ်ငွေများအပေါ် ဖိအားများ သက်ရောက်စေခဲ့သည်ဟု စီးပွားရေးပညာ ရှင်များက ပြောကြားခဲ့သည်။
ဇူလိုင်လ အတွင်းကလည်း တရုတ်၏ အိမ်အသစ် ဈေးနှုန်းများသည် ကျဆင်းခဲ့ပြီး လအလိုက် အိမ်ဈေးကျဆင်း မှုသည် ၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကာ နှစ်အလိုက် ကျဆင်းမှုသည် ၀ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်ဟု တရုတ် အမျိုးသား စာရင်းဇယား ဗျူရို (NBS) ၏ စာရင်းဇယားများတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 387
CNI International News
ဘန်ကောက်၊ သြဂုတ် ၁၆
ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် တရုတ်၏ စီးပွားရေး ပြန်လည်နာလန်ထူမှု ယိမ်းယိုင်နေ သည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် သြဂုတ် ၁၅ ရက်က အာရှငွေကြေးတန်ဖိုးများ ကျဆင်းခဲ့ပြီး ထိုင်း၏ ဘတ်ငွေတန်ဖိုးသည် အများဆုံးကျဆင်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သြဂုတ် ၁၅ ရက်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၃၅ ဒသမ ၃၀ ဘတ် ရှိခဲ့ပြီး ထိုငွေကြေးပမာဏသည် သီတင်းပတ် ခြောက်ပတ်အတွင်း အနိမ့်ဆုံးအဆင့်အထိ ငွေတန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လအတွင်း တရုတ်၏ စက်မှုလုပ်ငန်း ထုတ်လုပ်မှုနှုန်းနှင့် လက်လီရောင်းချမှုနှုန်းများ နှေးကွေးခဲ့သဖြင့် တရုတ်၏ မူဝါဒရေးဆွဲသူများသည် စီးပွားရေးကို မြှင့်တင်ရန် အစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်ဖွယ် ရှိနေသည်။
တရုတ်တွင် ဇွန်လအတွင်း လူငယ် အလုပ်လက်မဲ့နှုန်း ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး နောက် ထိုအလုပ်လက်မဲ့နှုန်း စာရင်းကို ထုတ်ပြန်တော့မည် မဟုတ်ကြောင်း ဘေဂျင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဘတ်ငွေနဲ့ ဒေါ်လာ လဲလှယ်နေစဉ်
စီးပွားရေးဆိုင်ရာ အချက်အလက်များ မထွက်ပေါမီ တစ်နာရီအလိုက တရုတ်၏ ဗဟိုဘဏ်သည် သုံးလအတွင်း ဒုတိယအကြိမ်အဖြစ် အတိုးနှုန်းများကို လျှော့ချခဲ့သဖြင့် ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်မှု၏ ဆုံးရှုံးနစ်နာမှုများကို ဖော်ပြရာရောက်ခဲ့သည်။
တရုတ်၏ ယွမ် ငွေကြေးတန်ဖိုးသည်လည်း ကိုးလ ဆက်တိုက် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယွမ်ငွေနဲ့ ဒေါ်လာ လဲလှယ်နေစဉ်
တရုတ်နိုင်ငံပိုင် ဘဏ်များသည် ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်သည့် ဈေးကွက်တွင် ယွမ်များကို ဝယ်ယူရန် ဒေါ်လာကို ရောင်းချခဲ့ပြီးနောက် ယွမ်ငွေတန်ဖိုး ဆက်လက်ကျဆင်းခဲ့သည်။
"အမေရိကန်ရဲ့ ၁၀ နှစ်သက်တမ်း ငွေတိုက်စာချုပ် အတိုးနှုန်းတွေ မြင့်တက်နေပြီး တရုတ်ဗဟိုဘဏ်က အတိုး နှုန်းတွေကို လျှော့ချလိုက်တာကြောင့် အမေရိကန်နဲ့ တရုတ်အကြား ငွေတန်ဖိုးကွာဟမှု ပိုမိုကျယ်ပြန့်ခဲ့ပြီး ယွမ်ငွေဟာ နောက်ထပ် ဖိအားတွေအောက်ကို ရောက်ရှိခဲ့ပါတယ်" ဟု Mizuho ဘဏ်မှ အာရှ နိုင်ငံခြားငွေ လဲလှယ်ရေးဌာနမှ အကြီးအကဲဖြစ်သူ ကန်ချောင်း (Ken Cheung) က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်၏ စီးပွားရေးနှေးကွေးမှုသည် ဒေသတွင်း ငွေကြေးများအပေါ် ဆိုးရွားသည့် သက်ရောက်မှုများ ဆက်ရှိနေစေလိမ့်မည်ဟု ၎င်းက ပြောသည်။
အင်ဒိုနီးရှား၏ ရူပီး ငွေကြေးတန်ဖိုးသည်လည်း ၀ ဒသမ ၂ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ဖိလစ်ပိုင်၏ ပီဆိုနှင့် မလေးရှား၏ ရင်းဂစ် ငွေကြေးတန်ဖိုးများသည် ၀ ဒသမ ၃ ရာခိုင်နှုန်းစီ လျော့ကျခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 331
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄
တရုတ်နိုင်ငံသည် ပြည်ပသို့ ယခုနှစ် ပထမ ၇ လအတွင်း ကားအစီးရေ ၂.၅၃ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း CGTN သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ကြေင့် ၂၀၂၂ ခုနှစ်ထက် ၇၀ ရာခိုင်နှုန်းနီးပါး စံချိန်တင် မြင့်တက်ခဲ့သည်။
ထို့နောက် စွမ်းအင်သုံးကားသစ်များ တင်ပို့မှုသည် လောင်စာသုံး ကားများထက် ပိုမို မြန်ဆန်လာပြီး ကမ္ဘာ့ဈေး ကွက်ဝေစု ၆၀ ရာခိုင်နှုန်းကို တစ်နှစ်အတွင်း ဆက်လက် ထိန်းသိမ်း ထားနိုင်မည်ဟု ခန့်မှန်းထားသည်။
အလားတူ Biz Focus၊ BYD၊ GAC ALON နှင့် Geely အပါအဝင် ထိပ်တန်း တရုတ်ကုန် အမှတ်တံဆိပ် များမှ တရုတ်လျှပ်စစ်ကားများအတွက် နိုင်ငံတကာ ဝယ်လိုအားကို ဆွဲဆောင်ရန် နောက်ဆုံး လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင်လည်း တရုတ်လျှပ်စစ်ကားများ တင်သွင်းလျက်ရှိသည်။
Source: CGTN
- By cni
- Category: စီးပွားရေး
- Hits: 377
CNI International News
ဘန်ကောက်၊ သြဂုတ် ၁၂
ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးပါမစ် ရုပ်သိမ်းခံခဲ့ရသည့် Ashton Asoke ကွန်ဒို၏ ဖြစ်စဉ်ကြောင့် ငွေထုတ်ချေး သူများသည် ချေးငွေပေးရန် ပိုမိုတွန့်ဆုတ်ခဲ့သဖြင့် ငွေကြေးထောက်ပံ့မှုအတွက် ကြွေးမြီ စာချုပ်များနှင့် ချေးငွေ များ ရရှိရေးအပေါ် မှီခိုနေရသည့် အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအပေါ် သက်ရောက်မှုရှိလာနိုင်သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ ကွန်ဒိုအမှုအပြီးတွင် ဘဏ္ဍာရေးထောက်ပံ့မှု အဖွဲ့များသည် အိမ်ခြံမြေကုမ္ပဏီများအတွက် ချေးငွေထုတ် ပေးခြင်းနှင့်ပတ်သက်ပြီး ပိုပြီး သတိထား ဆောင်ရွက်လာကြသည်ဟု ထိုင်းစတော့အိတ်ချိန်း စာရင်းဝင် AP Thailand အိမ်ခြံမြေကုမ္ပဏီ၏ အမှုဆောင်ချုပ် အနျူပွန် အက်ဆာဗာဟိုကင် (Anuphong Assavabhokhin) က ပြောသည်။
"အပေါင်ထားပြီး ချေးငွေရယူဖို့ ငြင်းပယ်ခံရတဲ့ အခြေအနေတွေ ပိုမိုမြင့်တက်လာတာနဲ့အမျှ ချေးငွေတွေ ရရှိဖို့ ဆိုတာ မလွယ်ကူတော့ပါဘူး။ အစိုးရဆီက ကြွေးမြီစာချုပ်တွေ ရရှိဖို့က ပိုပြီး ခက်ခဲလာပါလိမ့်မယ်" အနျူပွန်က ပြောသည်။
အဆိုပါ သက်ရောက်မှုသည် အိမ်ခြံမြေလုပ်ငန်းများ၊ အထူးသဖြင့် ကြွေးမြီစာချုပ် ထုတ်ပေးသည့် အလတ်စား ကုမ္ပဏီများအပေါ် သက်ရောက်စေမည်ဖြစ်ပြီး ကြွေးမြီများနှင့် ပတ်သက်သည့် ငွေကြေးသ ဘောတူညီချက်များ အပေါ်ကိုလည်း သက်ရောက်စေလိမ့်မည်ဟု မစ္စတာ အနျူပွန်က ပြောသည်။
"အိမ်ခြံမြေလုပ်ငန်းတွေက အဲဒီလို ငွေကြေးသဘောတူညီချက်တွေ မရနိုင်တော့ဘူးဆိုရင် ဒါဟာ ၁၉၉၇ ခုနှစ် အာရှ စီးပွားရေး အကျပ်အတည်းလို ပြဿနာမျိုးတွေ ဖြစ်လာမလားဆိုတာ မသိနိုင်ပါဘူး" ဟု အနျူပွန်က ပြောသည်။
Ashton Asoke ရဲ့ ကွန်ဒိုအဆောက်အအုံကိုတွေ့ရစဉ်
ကုမ္ပဏီအများစုသည် ဘဏ်မှ ချေးငွေများ ရယူခြင်းထက် အစိုးရနှင့် ကြွေးမြီစာချုပ်များ ချုပ်ဆိုနိုင်ရေးကိုသာ စိတ်အားထက်သန်နေကြသည်။
အကယ်၍ ဘဏ်များထံမှ ချေးငွေများ မရနိုင်တော့ဘဲ အစိုးရထံမှ ကြွေးမြီစာချုပ်များနှင့် ပတ်သက်သည့် ငွေကြေး သဘောတူညီချက်များလည်း မရနိုင်တော့ပါက ကြီးမားသည့် အကျပ်အတည်း တစ်ခုအတွင်းသို့ ကျရောက် သွားနိုင်သည်ဟု မစ္စတာ အနျူပွန်က ပြောကြားခဲ့သည်။
ဇူလိုင် ၂၇ ရက်တွင် ထိုင်းအုပ်ချုပ်ရေး တရားရုံးချုပ်သည် Ashton Asoke ကွန်ဒို တည်ဆောက်ရေး သို့မဟုတ် အဆင့်မြှင့်တင် မွမ်းမံရေး စီမံကိန်း ပါမစ်ကို ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
အထပ် ၅၀ မြင့်ပြီး ဘတ် ၆ ဒသမ ၄ ဘီလျံတန်ကြေးရှိသည့် အဆိုပါ စီမံကိန်းသည် ထိုင်း စတော့အိတ်ချိန်း စာရင်း ဝင် Ananda Development နှင့် ဂျပန်ကုမ္ပဏီ Mitsui Fudosan တို့အကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။
ထိုင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်သည့် ထိုစီမံကိန်းကို ပိတ်ပင်ခဲ့သည့် တရားရုံး၏ ဆုံးဖြတ်ချက်သည် ထိုင်း၏ အိမ်ခြံမြေကဏ္ဍတစ်ခုလုံးကို ထိခိုက်စေခဲ့သည်ဟု အိမ်ခြံမြေ ကုမ္ပဏီ Noble Development Plc ၏ တွဲဘက် အမှုဆောင်ချုပ်ဖြစ်သူ သွန်ချိုင်း ဘူစရာပန် (Thongchai Busrapan) က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 258
CNI International News
ဘန်ကောက်၊ သြဂုတ် ၁၁
ထိုင်းနိုင်ငံ၏ Charoen Pokphand Foods Plc (CP Foods) ကုမ္ပဏီသည် အာရှတိုက်၏ ပထမဆုံး ကာဗွန်ကင်းမဲ့ ကြက်ဥ (carbon-neutral egg) ကို စတင်ထုတ်လုပ်ပြီး မိတ်ဆက်ပြသခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
အဆိုပါ ထုတ်ကုန်သည် ထိုင်းနိုင်ငံ၏ ဖန်လုံအိမ် ဓာတ်ငွေ့ စီမံခန့်ခွဲရေးအဖွဲ့ (TGO) ၏ တရားဝင် ထောက်ခံချက် ရရှိခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမည့် ကြက်ဥများ ထုတ်လုပ်ရေးအတွက် CP Foods ကုမ္ပဏီ၏ ကတိကဝတ်ကို အကောင်အထည်ဖော် ပြသရာရောက်ခဲ့သည်။
ကုမ္ပဏီအနေနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချရန် ကာဗွန် ထုတ်လွှတ်မှု နည်းပါးသည့် ထုတ်ကုန် များကို ထုတ်လုပ်ရန် အာရုံစိုက် လုပ်ဆောင်နေသည်ဟု CP Foods ကုမ္ပဏီ၏ ကြက်ဥထုတ်လုပ်ရေး လုပ်ငန်း အကြီးအကဲ ဆွမ်ကစ် ဝဏ္ဏလွတ်ခီး (Somkid Wannalukkhee) က ပြောကြားခဲ့သည်။
ကြက်မွေးမြူရေးလုပ်နေစဉ်
ကြက်ဥထုတ်လုပ်ရေး လုပ်ငန်းစဉ်များတွင် ဆိုလာပြားများကဲ့သို့ စွမ်းအင်အရင်းအမြစ်ကို ပြောင်းလဲအသုံးပြုနေပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့၏ မူဘောင်များကို အခြေခံသည့် စီမံကိန်း အများအပြားကို လုပ်ဆောင်နေကြောင်း ဆွမ်ကစ်က ပြောသည်။
ရလဒ်အနေနှင့် လတ်ဆတ်သည့် ကြက်ဥများနှင့် ဘက်ထရီ လှောင်အိမ်များ အသုံးမပြုသည့် ကြက်ဥ (cage-free egg) အမျိုးအစား ၂၃ မျိုး ရရှိခဲ့ပြီး ကာဗွန် လျှော့ချရေးတံဆိပ် (Carbon Footprint Reduction Label) သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှု လျှော့ချရေး တံဆိပ် (Global Warming Reduction Label) ကို ပြီးခဲ့သည့် နှစ်က တရားဝင်ရရှိခဲ့သည်ဟု CP Foods က ပြောသည်။
စက်ရုံ၀န်ထမ်းများကိုတွေ့ရစဉ်
CP Foods ၏ cage-free အမျိုးအစား ကြက်ဥ အမှတ်တံဆိပ်ဖြစ်သည့် U Farm သည်လည်း အာရှတွင် ပထမဆုံး ကာဗွန်ကင်းမဲ့ cage-free ကြက်ဥဆိုသည့် သမိုင်းမှတ်တိုင် တစ်ခုကို ထူထောင်နိုင်ခဲ့သည်ဟု မစ္စတာ ဆွမ်ကစ်က ပြောသည်။
အဆိုပါ ကြက်ဥ အမျိုးအစားသည် ပိုမိုကောင်းမွန်သည့် အာဟာရတန်ဖိုးကို ပေးစွမ်းနိုင်ရုံ သာမကဘဲ စားသုံးသူ များအတွက် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်လိုသော စိတ်ဆန္ဒကိုလည်း ပေးစွမ်းနိုင်သည်ဟု ၎င်းက ပြောကြား ခဲ့သည်။
ကာဗွန်ကင်းမဲ့ cage-free ကြက်ဥများသည် ပုံမှန် ကြက်ဥထုတ်လုပ်ရေး ကြက်ခြံများကဲ့သို့ ကြက်များကို ဘက်ထရီ လှောင်ချိုင့်များထဲတွင် ထည့်ပြီး အနွေးဓာတ်နှင့် အလင်းရောင်ပေးပြီး ကြက်ဥထုတ်လုပ်ခြင်း မဟုတ်ဘဲ ကျယ်ဝန်းသည့် မွေးမြူရေးခြံများထဲတွင် ကြက်များကို လွှတ်ထားပြီး သဘာဝအတိုင်း ဥဥစေသည့် နည်းလမ်းဖြစ် သည်။
Source: ဘန်ကောက်ပို့စ်