- By CNI
- Category: စီးပွားရေး
- Hits: 595
CNI International News
နယူးဒေလီ၊ ဧပြီ ၂၅
အိန္ဒိယနိုင်ငံရှိ Venture Capital ကုမ္ပဏီများသည် ဥရောပနှင့် အာရှဒေသအချို့မှ ရင်းနှီးမြှုပ်နှံသူများကို ပိုမို ဆွဲဆောင်လျက်ရှိကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အီရန်စစ်ပွဲကြောင့် အိန္ဒိယအတွက် အဓိကကျသော ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် တစ်ခုဖြစ်သည့် အရှေ့အလယ် ပိုင်းဒေသမှ ငွေကြေးစီးဆင်းမှုများ လျော့နည်း ကျဆင်းလာခြင်းကြောင့် ဥရောပနှင့် အာရှဒေသမှ ရင်းနှီးမြှုပ်နှံ မှုများကို ပိုမိုအာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။
Venture Capital (VC) ကုမ္ပဏီဆိုသည်မှာ ပေါ်ထွန်းစ လုပ်ငန်းများ (Startup) သို့မဟုတ် လျင်မြန်စွာ ကြီးထွားနိုင် မည့် အလားအလာရှိသော လုပ်ငန်းငယ်များတွင် ရင်းနှီးမြှုပ်နှံပေးသော အဖွဲ့အစည်းများ ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသသည် အိန္ဒိယနိုင်ငံ၏ နည်းပညာနှင့် ပေါ်ထွန်းစ လုပ်ငန်းကဏ္ဍအတွက် ရန်ပုံငွေ အဓိက ဝင်ရောက်ရာ ဒေသတစ်ခု ဖြစ်ခဲ့သော်လည်း စစ်ပွဲဖြစ်ပွားလာချိန်တွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေး များကို ဘေးကင်းလုံခြုံသည့် နေရာသို့ ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အသစ်များကို ရပ်ဆိုင်း ထားခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။

Venture Capital ကို တွေ့ရစဉ်
ထို့ကြောင့် အိန္ဒိယ VC ကုမ္ပဏီများသည် ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်း တစ်ခုတည်းကိုသာ အားကိုးမည့် အစား ဥရောပနှင့် အာရှ (ဥပမာ- စင်္ကာပူ၊ ဂျပန်၊ သို့မဟုတ် အရှေ့တောင်အာရှ) မှ ရင်းနှီးမြှုပ်နှံသူများကို ပိုမို ပစ်မှတ်ထားလာခဲ့သည်။
လက်ရှိတွင် ဥရောပနှင့် အာရှဒေသအချို့သည် ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အနည်းငယ် ကင်းလွတ်နေ သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုယုံကြည် စိတ်ချရသည့် နေရာများအဖြစ် သတ်မှတ်ခံထားရသည်။
ရေရှည်တွင် အိန္ဒိယ၏ VC ကုမ္ပဏီများအတွက် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုရင်းမြစ်ကို ကမ္ဘာ့အနှံ့ ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တစ်နေရာတည်းအပေါ် မှီခိုမှု လျော့နည်းသွားသည့်အတွက် စီးပွားရေးအရ ပိုမိုကြံ့ခိုင် လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများ ပြောင်းလဲလာသည်နှင့်အမျှ အိန္ဒိယ၏ ပေါ်ထွန်းစ လုပ်ငန်းများသည်လည်း ဥရောပနှင့် အာရှ ဈေးကွက်များသို့ ချဲ့ထွင်ရန်အတွက် အခွင့်အလမ်း ပိုမိုရရှိစေလိမ့်မည်ဟု ဆိုသည်။
ယခင်က အရှေ့အလယ်ပိုင်း ရင်းနှီးမြှုပ်နှံမှုများသည် များသောအားဖြင့် ငွေကြေးပမာဏကို အသားပေးခဲ့သော် လည်း ယခုအခါတွင် ဥရောပနဲ့ အာရှဘက်ကို ပြောင်းလဲလိုက်ချိန်တွင် နည်းပညာ၊ ရေရှည်တည်တံ့မှု၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်း၊ အုပ်ချုပ်ပုံစနစ် (ESG) ဟုခေါ်သည့် စံနှုန်းများနှင့် ဥပဒေရေးရာ လိုက်နာမှုများ ကို အလွန်အလေးထားတတ်ကြသည်။
ထို့ကြောင့် အိန္ဒိယ၏ ပေါ်ထွန်းစ လုပ်ငန်းများသည် ယခင်ကထက် ပိုမိုစနစ်ကျသော စီမံခန့်ခွဲမှုပုံစံကို ပြောင်းလဲ ကျင့်သုံးရန် လိုအပ်လာလိမ့်မည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 875
CNI International News
ဟောင်ကောင်၊ ဧပြီ ၂၄
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းရှိ အချက်အချာကျသည့် အဓိက လေဆိပ်များတွင် လေကြောင်းပျံသန်းမှုများ ပြတ်တောက်သွားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုပုံစံကို ပြောင်းလဲသွားစေခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာစေခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသရှိ ဒူဘိုင်း၊ ဒိုဟာနှင့် အဘူဒါဘီ ကဲ့သို့သော အဓိက လေကြောင်း အချက်အချာ နေရာများ သည် ပဋိပက္ခများကြောင့် ဝန်ဆောင်မှု လျော့နည်းခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများနှင့် ကြုံတွေ့နေရသည်။
ထို့ကြောင့် ဥရောပနှင့် အာရှကြား သွားလာနေသည့် ခရီးသည်များသည် အခြားသော လုံခြုံစိတ်ချရသည့် လေဆိပ်များကို ရွေးချယ်လာကြပြီး စင်္ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် ကွာလာလမ်ပူ ကဲ့သို့သော အာရှမြို့ ကြီးများသည် ခရီးသည်များအတွက် အစားထိုးစရာ အချက်အချာ နေရာများ ဖြစ်လာကြသည်။
စင်္ကာပူလေကြောင်းလိုင်း၊ Cathay Pacific လေကြောင်းလိုင်း၊ ထိုင်းလေကြောင်းလိုင်းနှင့် မလေးရှား လေကြောင်း လိုင်းတို့ ကဲ့သို့သော အာရှလေကြောင်းလိုင်းများသည် ဥရောပခရီးစဉ်များတွင် ဝယ်လိုအား မြင့်တက်လာသည်။

လေဆိပ်တစ်ခုကို တွေ့ရစဉ်
ထို့ကြောင့် ခရီးသည်များ၏ လက်မှတ် ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် လေယာဉ်ပျံသန်းမှု အကြိမ်ရေ တိုးမြှင့်ခြင်း၊ ပိုမိုကျယ်ဝန်းပြီး ခရီးသည်ဆံ့သည့် လေယာဉ်ကြီးများကို အသုံးပြုခြင်း၊ အာရှ-ဥရောပ လမ်းကြောင်း များတွင် ၎င်းတို့၏ လေကြောင်းကွန်ရက်များကို ပိုမိုချိတ်ဆက် ပေးခြင်းတို့ဖြင့် ဈေးကွက်ဝေစုကို ရရှိလာကြ သည်။
အရှေ့တောင်အာရှ အနေဖြင့် ထိုကဲ့သို့ အခွင့်အလမ်းများ ရှိနေသော်လည်း အခက်အခဲ အချို့ကိုလည်း ရင်ဆိုင် နေရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
ထိုအခက်အခဲများအနက် ပထမအချက်မှာ အီရန်စစ်ပွဲကြောင့် လေယာဉ်ဆီ ဈေးနှုန်းမှာ ယခင်ကထက် နှစ်ဆ နီးပါး မြင့်တက်သွားသဖြင့် လေကြောင်းလိုင်းများအတွက် လုပ်ငန်းလည်ပတ်မှု စရိတ်ကို အလွန် များပြားစေ သည်။
ဒုတိယအချက်မှာ လုံခြုံရေးအရ စိုးရိမ်မှုများဖြစ်ပြီး လေကြောင်းခရီးစဉ်များ ပျက်ခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ခရီးသွားအချို့က ခရီးစဉ်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ ပြုလုပ် နေကြသဖြင့် ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့ ခရီးသွားလုပ်ငန်းအပေါ် မှီခိုသည့် နိုင်ငံများ၏ ဝင်ငွေကို ထိခိုက်စေသည်။

လေဆိပ်တစ်ခုကို တွေ့ရစဉ်
ထို့ပြင် ခရီးသွား အများအပြားသည် ၎င်းတို့၏ မူလခရီးစဉ်ကို ဖျက်ပြီး ခရီးစဉ်လမ်းကြောင်း ပြောင်းကာ ခရီးစဉ် အသစ်ကို ချက်ချင်း ပြောင်းလဲနေသဖြင့် အာရှရှိ အဓိက လေဆိပ်များတွင် ခရီးသည်များကို လုံလောက်စွာ ဝန်ဆောင်မှု မပေးနိုင်ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေတွင် အရှေ့တောင်အာရှသည် ဥရောပ-အာရှ ဆက်သွယ်ရေးအတွက် ယုံကြည်စိတ်ချရသော အစားထိုး လမ်းကြောင်းအဖြစ် အခွင့်အရေး ရယူနိုင်ရန် ကြိုးစားနေသည်။
သို့သော် လေယာဉ်ဆီဈေးနှုန်း စံချိန်တင် မြင့်တက်နေခြင်းနှင့် ပဋိပက္ခ၏ မရေရာမှုများက ခရီးသွားလုပ်ငန်းနှင့် လေကြောင်းကဏ္ဍ တစ်ခုလုံးအတွက် ကြီးမားသော စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထား သည်။
Source: South China Morning Post
- By CNI
- Category: စီးပွားရေး
- Hits: 855
CNI International News
တိုင်ပေ၊ ဧပြီ ၂၁
တရုတ်နှင့် ထိုင်ဝမ်ကြား သာမန်ကုန်သွယ်မှုနှင့် ခရီးသွားလာရေး ဖလှယ်မှုများကို ပြန်လည် စတင်ရာတွင် နိုင်ငံရေးကို ဘေးဖယ်ထားသင့်ကြောင်း ထိုင်ဝမ်၏ ထိပ်တန်းစီးပွားရေးအဖွဲ့တစ်ခု၏ အကြီးအကဲက ဧပြီ ၂၀ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအဖြစ် သတ်မှတ်ထားပြီး ယခုလအတွင်း ခရီးသွားလာရေး ကန့်သတ် ချက်များ ဖြေလျှော့ပေးခြင်းနှင့် အစားအစာ တင်သွင်းမှုများ အပါအဝင် ကန့်သတ်ချက်များ ဖြေလျှော့ရေး အစီအမံများကို ကြေညာခဲ့သည်။
သို့သော် ထိုဖြေလျှော့မှု အစီအမံများသည် ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်မှုအပေါ် အခြေခံရမည်ဟု တရုတ် က ပြောကြားထားသည်။
တရုတ်သည် ထိုင်ဝမ်သမ္မတ လိုင်ချင်တေ (Lai Ching-te) ကို ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ထားပြီး ၎င်းနှင့် ဆွေးနွေးရန် ငြင်းဆန်ခဲ့သည်။
ထို့ပြင် တရုတ်သည် မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ်အပေါ် ခရီးသွားလုပ်ငန်းနှင့် အစားအစာ တင်သွင်းမှု များကို ပစ်မှတ်ထားကာ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများအား တိုးမြှင့်ခဲ့သည့်အပြင် စစ်ရေးလေ့ကျင့်မှု များကိုလည်း ပုံမှန်ပြုလုပ်လျက်ရှိသည်။

ထိုင်ဝမ် ခရီးသွားတွေကိုတွေ့ရစဉ်
စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများ၏ ရေရှည်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် တရုတ်ဘက်မှ ပြန်လည် ဖွင့်လှစ်မှုများ ရှိလာသည်နှင့်တစ်ပြိုင်နက် အခြေအနေကို တတ်နိုင်သမျှ စနစ်တကျနှင့် ပုံမှန်ဖြစ်စေ ရမည်ဟု အထွေထွေကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ပေါလ်ဆု (Paul Hsu)က တိုင်ပေမြို့တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး ဆက်ဆံမှုများတွင် ချက်ချင်း ရပ်တန့်လိုက်ခြင်း၊ ချက်ချင်းပြန်စလိုက် ခြင်းမျိုး မဟုတ်ဘဲ တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ထိုင်ဝမ်၏ မြို့ သို့မဟုတ် ခရိုင်တစ်ခုကို မည်သည့် နိုင်ငံရေးပါတီက အုပ်ချုပ်သည်ဖြစ်စေ တရုတ်နိုင်ငံ အနေဖြင့် တန်းတူ ဆက်ဆံသင့်ကြောင်း၊ အထူးသဖြင့် လိုင်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ၏ အမာခံ နယ်မြေ ဖြစ်သည့် ထိုင်ဝမ်တောင်ပိုင်းကို ရည်ညွန်းပြီး ဆုက ပြောကြားခဲ့သည်။

ထိုင်ဝမ် ခရီးသွားတွေကိုတွေ့ရစဉ်
တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးသည် ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း တုန့်ပြန်ခြင်း မရှိသေးပေ။
တရုတ်နိုင်ငံ၏ ကန့်သတ်မှုများ ဖြေလျှော့မည့် အစီအစဉ်များသည် ထိုင်ဝမ် အတိုက်အခံ ခေါင်းဆောင် ချန်လီဝမ် (Cheng Li-wun) ၏ တရုတ်ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကုမ္ပဏီပေါင်း တစ်သန်းကျော်ကို ကိုယ်စားပြုသော အထွေထွေ ကုန်သည်ကြီးများအသင်း၏ ထုတ်ပြန်ချက်တွင် ထိုင်ဝမ်အစိုးရ အနေဖြင့်လည်း တရုတ်နိုင်ငံ၏ ဖွင့်လှစ်ပေးမည့် ကမ်းလှမ်းချက်များကို တက်ကြွစွာ လုပ်ဆောင် သင့်ကြောင်း တိုက်တွန်းခဲ့သည်။
Source: ရိုက်တာ
- By Nan Shwe Sin Htun
- Category: စီးပွားရေး
- Hits: 1231
CNI International News
တိုကျို၊ ဧပြီ ၉
အီရန်စစ်ပွဲသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီဖြစ်သော်လည်း ဂျပန်နိုင်ငံမှအစ အရှေ့တောင် အာရှနှင့် အိန္ဒိယနိုင်ငံအထိ အာရှအစိုးရများသည် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ရိုက်ခတ်မှုများ ဒဏ်မှ ပြည်သူများကို ကာကွယ်ရန်အတွက် ဒေါ်လာ ဘီလျံနှင့်ချီသော ထောက်ပံ့ကြေးများကို သုံးစွဲရန် ပြင်ဆင် နေကြကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂျပန်အစိုးရသည် စက်သုံးဆီ ဈေးနှုန်းကို ပျမ်းမျှအားဖြင့် တစ်လီတာလျှင် ၁၇၀ ယန်း ဝန်းကျင်တွင် ထိန်းထား နိုင်ရန်အတွက် အရန် ရန်ပုံငွေထဲမှ ယန်း ၈၀၀ ဘီလျံ (ဒေါ်လာ ၅ ဒသမ ၀၂ ဘီလျံခန့်) ကို ထုတ်ယူသုံးစွဲနေသည်။
ထိုကဲ့သို့ ဈေးနှုန်း တည်ငြိမ်အောင် ထောက်ပံ့ပေးရန်အတွက် တစ်လလျှင် ယန်း ၃၀၀ ဘီလျံအထိ ကုန်ကျနိုင်မည် ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ ဘတ်ဂျက်ဝန်ကြီးဌာနသည် မြင့်တက်လာသော ရေနံဈေးနှုန်းများ၏ဒဏ်ကို တုန့်ပြန်ရန် အတွက် ဝင်ငွေနည်းပါးသူများ၊ လူငယ်များနှင့် ကုမ္ပဏီများကို ကူညီထောက်ပံ့ပေးရန် ဝမ် ၂၆ ဒသမ ၂ ထရီလျံ (ဒေါ်လာ ၁၇ ဒသမ ၃ ဘီလျံခန့်) ရှိသော အစိုးရ၏ ထပ်တိုးဘတ်ဂျက် တစ်ရပ်ကို မတ်လကုန်ပိုင်းတွင် တင်ပြခဲ့ သည်။

ဂတ်စ်အိုးများကို တွေ့ရစဉ်
ထိုဘတ်ဂျက်သည် သမ္မတ လီဂျေမြောင် (Lee Jae Myung) အစိုးရလက်ထက် တစ်နှစ်မပြည့်မီ ကာလအတွင်း ဒုတိယအကြိမ်မြောက် တင်ပြသည့် ထပ်တိုးဘတ်ဂျက်ဖြစ်ပြီး ထိုဘတ်ဂျက်ကို ဧပြီလ ၁၀ ရက်တွင် လွှတ်တော်က အတည်ပြု ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။
အင်ဒိုနီးရှားအစိုးရသည် စွမ်းအင် ထောက်ပံ့ကြေးများပေးရန်၊ စက်သုံးဆီနှင့် လျှပ်စစ်ခများကို ပြည်သူများ သက်သာသော နှုန်းထားဖြင့် ရရှိနိုင်ရန် ဆောင်ရွက်ပေးနေရသည့် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Pertamina နှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်း PLN တို့အား နစ်နာကြေးပေးရန်အတွက် ရူပီးယား ၃၈၁ ဒသမ ၃ ထရီလျံ (ဒေါ်လာ ၂၂ ဒသမ ၄ ဘီလျံ) ကို ဘတ်ဂျက်လျာထား သတ်မှတ်ခဲ့သည်။
ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးဌာနကလည်း လောင်စာဆီ ဖူလုံရေးကို မြှင့်တင်ရန်အတွက် ပီဆို ၂၀ ဘီလျံ (ဒေါ်လာ ၃၂၉ ဒသမ ၇၅ သန်း) ရှိသော အရေးပေါ် ရန်ပုံငွေကို စတင် အသုံးပြုနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်သုံးဆီ ထည့်ရန် တန်းစီစောင့်နေကြသူများကို တွေ့ရစဉ်
ထိုအစီအစဉ်အရ အစိုးရသည် ပြည်တွင်း လိုအပ်ချက်ကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရေနံစည်ပေါင်း ၂ သန်းအထိ ဝယ်ယူရန် စီစဉ်ထားပြီး စက်သုံးဆီ ထုတ်ကုန်များနှင့် ရေနံဓာတ်ငွေ့ရည် (LPG) များကိုလည်း ဝယ်ယူသွားရန် ရှိသည်။
ထို့ပြင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် အခြားအာရှနိုင်ငံများကလည်း ၎င်းတို့၏ ကိုယ်ပိုင် အစီအမံများဖြင့် ထောက်ပံ့ကြေးများ အသုံးပြုမည့် အစီအစဉ်များကို အကောင်အထည်ဖော်နေကြသည်။
အိန္ဒိယနိုင်ငံသည် ဓာတ်ဆီနှင့် ဒီဇယ်ဆီများအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်များကို လျှော့ချပေးခဲ့ပြီး ထိုကဲ့သို့ အခွန်လျှော့ချမှုကြောင့် သီတင်းနှစ်ပတ်လျှင် ရူပီး ၇၀ ဘီလျံ (ဒေါ်လာ ၇၄၉ ဒသမ ၁၀ သန်း) ခန့် ဆုံးရှုံး မည် ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 1018
CNI International News
တိုကျို၊ ဧပြီ ၈
အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများမှာ ပြင်းထန်စွာ သက်ရောက်နေကြောင်း Nikkei Asia မှ ဖော်ပြထားသည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဂျပန်နိုင်ငံ၏ အဓိက အားထားရာ အရှေ့အလယ်ပိုင်းမှ ရေနံတင်သွင်းမှု လမ်းကြောင်းမှာ အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရသည်။
လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် လျှပ်စစ်ဓာတ်အားခနှင့် တင်သွင်းရသည့် အခြေခံ စားသောက်ကုန် များမှာလည်း သိသိသာသာ ဈေးနှုန်း မြင့်တက်လာခဲ့သည်။
ဂျပန်နိုင်ငံရှိ ရိုးရာအများသုံး ရေချိုးခန်း (Sento) များသည် ရေပူများ ထောက်ပံ့ပေးရန် ကုန်ကျစရိတ် မြင့်မား လာခြင်းကြောင့် ဝန်ဆောင်ခများကို တိုးမြှင့်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ယန်းငွေတန်ဖိုး ကျဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် ပေါင်မုန့်၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများမှာ စံချိန်တင် ဈေးနှုန်းများသို့ ရောက်ရှိနေသည်။

ဂျပန်နိုင်ငံသားများကို တွေ့ရစဉ်
ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ ကျော်အထိ မြင့်တက်သွားခြင်းက ဂျပန်စွမ်းအင် ကုမ္ပဏီများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။
ဂျပန်အစိုးရသည် ပြည်သူများကို စွမ်းအင်ချွေတာ သုံးစွဲကြရန် တိုက်တွန်းထားရသည့်အပြင် အရေးပေါ် သိုလှောင်ထားသည့် အရန်ရေနံများကိုလည်း စတင်ထုတ်သုံးနေရပြီ ဖြစ်သည်။
တိုကျိုစတော့ အိတ်ချိန်း ဈေးကွက်တွင်လည်း Nikkei 225 အညွှန်းကိန်းများ သိသိသာသာ ကျဆင်းနေပြီး ရင်းနှီးမြှုပ်နှံသူများကြား စိုးရိမ်မှုများ မြင့်တက်နေသည်။
သင်္ဘောလိုင်းများ လမ်းကြောင်း ပြောင်းရခြင်းကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာကာ ကုန်ထုတ်လုပ်မှုကဏ္ဍ တွင်လည်း အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့ကြောင့် အီရန်စစ်ပွဲ ကြာရှည်လာသည်နှင့်အမျှ ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး တုံ့ဆိုင်းမှုဒဏ်ကို တစ်ပြိုင်နက်တည်း ခံစားရနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 1065
CNI International News
ဘန်ကောက် ၊ ဧပြီ ၈
အီရန်ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုသည် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်း ကဏ္ဍအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ငါးဖမ်းလုပ်ငန်း၏ ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းခန့်မှာ လောင်စာဆီ စရိတ်ဖြစ်သဖြင့် လက်ရှိ ဈေးနှုန်းများအရ ပင်လယ်ထဲသို့ ငါးဖမ်းထွက်ပါက အရှုံးပေါ်နိုင်ခြေ ပိုများနေသည်။
လက်ရှိတွင် သင်္ဘော အများအပြားသည် ဆိပ်ကမ်းများတွင်သာ ရပ်နားထားရပြီး အချို့မှာ လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားရကြောင်း ထိုင်းငါးဖမ်းလုပ်ငန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ငါးဖမ်းသင်္ဘောများ ပင်လယ်ပြင် မထွက်နိုင်ခြင်းက ပြည်တွင်း ပင်လယ်စာ ဈေးကွက်တွင် ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေနိုင်သည်။

ထိုင်းစက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ထိုင်းအစိုးရ အနေဖြင့် ငါးဖမ်းသမားများအတွက် လောင်စာဆီ ထောက်ပံ့ကြေးပေးရန် စဉ်းစားနေသော်လည်း ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကြောင့် အခက်တွေ့နေသည်ဟု ဆိုသည်။
စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ထိုင်းနိုင်ငံ၏ ပင်လယ်စာ ပို့ကုန်ကဏ္ဍသည်လည်း ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင် နိုင်စွမ်း ကျဆင်းလာမည့် အရေးကို စိုးရိမ်နေကြကာ ငါးဖမ်းသမားများနှင့် ရေလုပ်သား ထောင်ပေါင်းများစွာမှာ လည်း နေ့စဉ်ဝင်ငွေ မရှိတော့ဘဲ စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
သယ်ယူပို့ဆောင်ရေးနှင့် အအေးခန်း သိုလှောင်မှု စရိတ်များပါ မြင့်တက်လာခြင်းကြောင့် ငါးဖမ်းလုပ်ငန်းခွင် တစ်ခုလုံး၏ ထောက်ပံ့ရေးကွင်းဆက်မှာ ကမောက်ကမ ဖြစ်နေသည်။
အကယ်၍ လောင်စာဆီ ဈေးနှုန်းများ ဆက်လက် မြင့်တက်နေပါက ထိုင်းငါးဖမ်းလုပ်ငန်း၏ ရေရှည်တည်တံ့မှုမှာ ကြီးမားသော ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 923
CNI International News
ဘန်ကောက်၊ ဧပြီ ၇
ပြည်ပခရီးသွားများ အနေဖြင့် ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ မတော်တဆထိခိုက်မှု အာမခံ (Accident Insurance) မဖြစ်မနေ ဝယ်ယူထားရှိရန် လိုအပ်မည့် စည်းမျဉ်းသစ်များ ချမှတ်နိုင်ရန် ထိုင်းအစိုးရက တွန်းအားပေး လုပ် ဆောင်နေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ခရီးသွားများ ဆေးကုသစရိတ် မပေးဆောင်နိုင်မှုနှင့် မတော်တဆမှု အန္တရာယ်များ မြင့်တက်လာခြင်းကြောင့် ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခြင်းကို ဖြေရှင်းရန် ယခုကဲ့သို့ စီစဉ်လာခဲ့ခြင်းဖြစ်သည်။
“အာမခံမရှိတဲ့ ပြည်ပနိုင်ငံသား လူနာတွေရဲ့ ဆေးကုသစရိတ်အတွက် ကျနော်တို့ ဆေးရုံက တစ်နှစ်ကို ဘတ် ၁၀ သန်းလောက် အရှုံးခံ စိုက်ထုတ်ပေးနေရပါတယ်”ဟု Vachira Phuket ဆေးရုံ၏ ညွှန်ကြားရေးမှူးက ပြောကြား ခဲ့သည်။
ဆိုင်ကယ်စီး ကျွမ်းကျင်မှု မရှိခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားရ ခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
“ဖူးခက်ကို လာလည်တဲ့ ခရီးသွား အများစုဟာ ဆိုင်ကယ်ကို ပထမဆုံးအကြိမ် စပြီး စီးကြည့်ကြတာဖြစ်လို့ မတော်တဆ ဖြစ်ပွားနိုင်ခြေ အန္တရာယ် ပိုများနေပါတယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံခြားသား လူနာများထံမှ ဆေးကုသစရိတ် မရဘဲ ကျန်ရှိနေသည့် ပမာဏမှာ တစ်နှစ်လျှင် အနည်းဆုံး ဘတ် သန်း ၁၀၀ ခန့်ရှိမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ထိုင်းလေဆိပ်မှာ ခရီးသွားများကို တွေ့ရစဉ်
အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်သည့် ဖူးခက် (Phuket) နှင့် ချင်းမိုင် (Chiang Mai) ကဲ့သို့သော မြို့ကြီးများတွင် အဆိုးရွားဆုံး သက်ရောက်မှု ရှိနေသည်ဟု ဆိုသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျင့်ဝတ်များအရ အရေးပေါ် ကုသမှုများကို အချိန်ရွှေ့ဆိုင်းထား၍ မရ သောကြောင့် ဆေးရုံများ အနေဖြင့် လူနာတွင် ငွေပေးချေနိုင်သည်ဖြစ်စေ၊ မပေးချေနိုင်သည်ဖြစ်စေ ကုသပေးရ လေ့ ရှိသည်။
ထို့ကြောင့် ဆေးရုံများနှင့် ကျန်းမာရေးဌာနများမှာ ထိုကုန်ကျစရိတ်များကို စိုက်ထုတ်ပြီး ကုသပေးနေရသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သီတင်းပတ်နှစ်ပတ်ကြာ နေထိုင်မည့် ခရီးစဉ်အတွက် ခရီးသွား အာမခံကြေးမှာ ဘတ် ၁,၁၀၀ ခန့်သာ ကျသင့်ပြီး ထိုအာမခံတွင် ဆေးကုသမှုအတွက် ဘတ် ၃ ဒသမ ၆ သန်းမှ ၉ သန်း အထိ အာမခံငွေ ပေးထားလေ့ရှိသည်။
သို့သော် အာမခံကြေးမှာ သက်သာသော်လည်း ခရီးသွား အများစုမှာ အာမခံမရှိဘဲ လာရောက်နေကြဆဲ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 897
CNI International News
ဒါကာ၊ ဧပြီ ၇
အီရန်စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်ငန်းများ ကုန်ကျစရိတ် မြင့်တက်လာနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အဆိုပါ စစ်ပွဲကြောင့် အဓိကကျသည့် ဓာတုချည်မျှင်များနှင့် ဓာတုပစ္စည်း ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းနှင့် အထည်ထုပ်ပိုးရာတွင် အသုံးပြုသည့် Polybag အိတ်ဈေးနှုန်းများက ၃ ဆအထိ မြင့်တက်သွားခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းရှင်များမှာ အခက်တွေ့နေကြ သည်။
လက်ရှိ အော်ဒါများအတွက် ဝယ်ယူသူများဘက်မှ ဈေးပိုပေးရန် ငြင်းဆန်နေကြသဖြင့် လုပ်ငန်းအမြတ်ငွေ ရရှိမှုအပေါ် ဖိအားများ သက်ရောက်လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းသည် အမြတ်ငွေ ၄ ရာခိုင်နှုန်း အောက်တွင် လည်ပတ်နေရခြင်းဖြစ်ပြီး ယခု အခါ၌ အော်ဒါအဟောင်းများအတွက် ဝယ်ယူသူများဘက်မှ ဈေးနှုန်း တိုးမပေးခြင်းကြောင့် ကုန်ကြမ်း ဈေးတက် သည့်ဒဏ်ကို စက်ရုံပိုင်ရှင်များကသာ အရှုံးခံပြီး လည်ပတ်နေရခြင်းဖြစ်သည်။
ထို့ပြင် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်သည့် အချိန်မျိုးတွင် ဥရောပနှင့် အမေရိကန်မှ ဝယ်ယူ သူများက အော်ဒါများကို လျှော့ချလာခြင်း သို့မဟုတ် နီးစပ်ရာ နိုင်ငံများတွင်သာ အော်ဒါမှာယူခြင်းမျိုး လုပ်လာ ခဲ့ကြသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်အတွက် အရှေ့အလယ်ပိုင်းကို မှီခိုနေရသဖြင့် စစ်ပွဲကြောင့် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် စက်ရုံများတွင် လျှပ်စစ်မီး မှန်မှန်မရဘဲ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ရပ်တန့်ရမည့် အခြေအနေ မျိုးအထိ သက်ရောက်မှု ရှိနေသည်။
၂၀၂၆ ခုနှစ်၊ မတ်လတွင် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ် ပို့ကုန်သည် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၉ ဒသမ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
အထူးသဖြင့် ဥရောပဈေးကွက်သို့ တင်ပို့မှုမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာပင် ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု နောက်ဆုံးရ သတင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်က ပို့ကုန်ဝင်ငွေ ဒေါ်လာ ၄၈ ဘီလျံကျော် ရရှိခဲ့ပြီး နိုင်ငံ့ပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကျော်ကို ရှာဖွေပေးနေသည့် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍသည် အလုပ်သမားပေါင်း ၄ သန်းခန့်ကို အလုပ် အကိုင် ပေးထားသည်။
Source: Nikkei Asia
- By Nan Shwe Sin Htun
- Category: စီးပွားရေး
- Hits: 1018
CNI International News
နယူးဒေလီ၊ ဧပြီ ၃
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အိန္ဒိယ၏ ဖန်ထည်လုပ်ငန်း ထိခိုက်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ရေး ကြိုးပမ်းမှုအတွက် စိန်ခေါ်မှုဖြစ်လာသည်။
အနှစ် ၄၀၀ ကြာ ဖန်ထည်များ ထုတ်လုပ်မှု အစဉ်အလာကြောင့် ဖန်သားမြို့တော် (Glass City) ဟု လူသိများ သည့် အိန္ဒိယနိုင်ငံ၊ ဖီရိုဇာဘတ် (Firozabad) မြို့၏ ဖန်ထည်လုပ်ငန်းများတွင် အသုံးပြုနေသည့် မီးဖိုကြီးများသည် လောင်စာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ပုံမှန်အားဖြင့် ဖန်ထည်လုပ်ငန်း ထုတ်လုပ်မှု အကောင်းဆုံး ရာသီဖြစ်သည့် ယခုအချိန်မျိုးတွင် ထောင်နှင့်ချီ သော နေ့စား အလုပ်သမားများသည် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် လောင်စာ အများအပြား အသုံးပြုရသည့် ဖန်ထည် လုပ်ငန်းသည် အကြီးအကျယ် ထိခိုက်ပျက်စီး နေရခြင်းဖြစ်သည်။

ဖန်ထည်လုပ်ငန်း တစ်ခုကို တွေ့ရစဉ်
ဖန်ထည်များ ပြုလုပ်ရာတွင် ဖန်ရည်များ ပျစ်ခဲမသွားစေရန်နှင့် အနာအဆာများ မဖြစ်ပေါ်စေရန်အတွက် ဂတ်စ် ဖြင့် လောင်စာပေးရသော အပူပေးခန်းများကို ၁၀၀၀ ဒီဂရီဆဲလ်စီးယပ်စ် အထက်တွင် အမြဲမပြတ် အပူပေးထား ရန် လိုအပ်သည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် လုပ်ငန်းကြီးများ၊ လုပ်ငန်းငယ်များ၊ အိမ်ထောင်စုများ၊ စိုက်ပျိုးရေးနှင့် ပြည်သူ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ သဘာဝဓာတ်ငွေ့ကို အလွန်အမင်း မှီခိုနေရခြင်းကြောင့် အာရှမှာ အီရန်စစ်ပွဲ ၏ ဂယက်ရိုက်ခတ်မှုဒဏ်ကို အိန္ဒိယစက်ရုံများက အဆိုးရွားဆုံး ခံစားနေရသည်။
အိန္ဒိယအစိုးရသည် လောင်စာအတွက် ရေနံကိုသာ အရေးပေါ်အဖြစ် အရန် သိုလှောင်ထားလေ့ ရှိသော်လည်း ဓာတ်ငွေ့ကိုမူ သိုလှောင်ထားခြင်း မရှိပေ။
ထို့ကြောင့် ဓာတ်ငွေ့ရရှိမှု လျော့နည်းလာပါက စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးမှုကို ဦးစွာဖြတ်တောက်လေ့ ရှိသည်။
ထိုကဲ့သို့ ဓာတ်ငွေ့များ ပြတ်လပ်လာမှုကြောင့် ပြီးခဲ့သည့်လအထိ အလုပ်သမား ၅၀၀ ကျော် ခန့်အပ်ထားသည့် ဖန်ထည်လုပ်ငန်းခွင် တစ်ခုတွင် ယခုအခါ အလုပ်သမား ၂၀၀ အောက်သာရှိတော့ကြောင်း ဖန်ထည်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
အသေးစား ဖန်ထည်လက်မှုပညာရှင် အများအပြားမှာလည်း သဘာဝဓာတ်ငွေ့ ပြန်လည်ရရှိမည့် အချိန်နှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေပြီး ၎င်းတို့၏ အရောင်းဆိုင်များကို ပိတ်ထားရသည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 1041
CNI International News
ဘန်ကောက်၊ ဧပြီ ၂
အမေရိကန်-အီရန် စစ်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့် ထိုင်းနိုင်ငံသည် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု ခန့်မှန်းချက်ကို လျှော့ချလိုက်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်း စစ်ပွဲသည် နိုင်ငံတကာ ခရီးသွားကဏ္ဍ၏ စီးပွားရေး အခြေအနေများ ပြောင်းလဲသွားစေခဲ့ပြီး ထိုင်းနိုင်ငံမှာလည်း မရေရာသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ခန့်မှန်းချက်ကို ခရီးသည် ၃၂ ဒသမ ၁၄ သန်းနှင့် ခန့်မှန်းဝင်ငွေ ဘတ် ၁ ဒသမ ၅၂ ထရီလျံအထိ လျှော့ချသတ်မှတ်လိုက်သည်။
နယ်မြေဒေသအသီးသီးရှိ လုပ်ငန်းရှင် ၇၄၀ ကို စစ်တမ်းကောက်ယူ၍ ပြုစုထားသော ၂၀၂၆ ခုနှစ် ပထမသုံးလ ပတ် ကာလအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း (Tourism Confidence Index) တွင် ရမှတ် ၈၁ မှတ်ရှိခဲ့သည်။

ခရီးသွားများကို တွေ့ရစဉ်
ထိုရလဒ်သည် ပြီးခဲ့သည့် သုံးလပတ်က ရရှိခဲ့သော ရမှတ် ၇၂ မှတ်ထက် သိသိသာသာ ပြန်လည်ကောင်းမွန် လာခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့် ရမှတ် ၈၃ မှတ်အောက်တွင်သာ ရှိနေသေးသည်။
ခရီးသွားများ ဝင်ရောက်မှု ခန့်မှန်းချက်ကို လျှော့ချလိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဖေဖော်ဝါရီ ၂၈ ရက် တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားခြင်း ကြောင့် ဖြစ်သည်။
ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၅ ပုံ ၁ ပုံခန့်မှာ အနှောင့်အယှက် ဖြစ်သွားခဲ့သဖြင့် Brent Crude) ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ကျော်လွန်ရောက်ရှိသွားခဲ့သည်။
ထိုင်းနိုင်ငံ၏ ပြည်တွင်း ဒီဇယ်ဈေးနှုန်းမှာလည်း မတ်လကုန်ပိုင်းတွင် တစ်လီတာလျှင် ၆ ဘတ်ခန့် မြင့်တက် သွားခဲ့ပြီး ဆီဆိုင်များရှိ အရောင်းဈေးမှာ တစ်လီတာလျှင် ၄၀ ဘတ် နီးပါးအထိ ထိုးတက်သွားခဲ့သည်။
လက်ရှိ အခြေအနေများကို လေ့လာဆန်းစစ်မှုများအရ လောင်စာဆီ ဈေးနှုန်းမှာ တစ်လီတာလျှင် ဘတ် ၄၀ မှ ၄၅ ဘတ်အထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုးရွားဆုံး အခြေအနေတွင်မူ ဘတ် ၅၀ မှ ဘတ် ၆၀ အထိ မြင့်တက်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။
ထိုသို့ ဖြစ်လာပါက ခရီးသွားလုပ်ငန်း ကွင်းဆက်တစ်ခုလုံးရှိ ကဏ္ဍအသီးသီး၏ လုပ်ငန်းလည်ပတ်မှု ကုန်ကျ စရိတ်များကို တစ်ပြိုင်နက်တည်း မြင့်တက်သွားမည့် အလားအလာ ရှိနေသည်။
Source: The Nation
