- By CNI
- Category: စီးပွားရေး
- Hits: 2023
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၉
တရုတ်၏ ပြည်တွင်းစီးပွားရေးကို လာမည့်နှစ်တွင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်မိ စေရန် လုပ်ဆောင်ပေးမည်ဟု တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုက ကတိပြုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
စီးပွားရေးသည် အရည်အသွေးအရ တိုးတက်ကောင်းမွန်သင့်ပြီး ထိရောက်၍ ယုတ္တိကျသည့် ဖွံ့ဖြိုးတိုးတက်မှု ရှိအောင်လည်း လုပ်ဆောင်ရန် ပေါ်လစ်ဗျူရိုက တိုက်တွန်းခဲ့သည်။
ဒီဇင်ဘာ ၈ ရက်တွင် အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရိုက အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် လာမည့်နှစ် စီးပွားရေး လုပ်ငန်းများ၌ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး တိုးတက်မှုများကို ရှာဖွေရန် ပြောကြားခဲ့သည်။
ထို့ပြင် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေး မူဝါဒတို့အပေါ် အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်၍ အားထုတ်ကြိုးပမ်းကြရန် ပေါ်လစ်ဗျူရိုက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်
မိမိတို့ အနေဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး အခြေအနေတို့ဖြင့် ပိုမို ကောင်းမွန်စွာ ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ဖို့ လိုအပ်သလို ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးတို့ကိုလည်း မြှင့်တင်ရန် လိုအပ်ကြောင်း ပေါ်လစ်ဗျူရိုက ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီမှ ဖော်ပြခဲ့ သည်။
ပြည်တွင်း ဝယ်လိုအားကို အဓိက မောင်းနှင်အား တစ်ခုအဖြစ် ထိန်းသိမ်းထားရန် လိုအပ်ပြီး နိုင်ငံ့နယ်နိမိတ် အတွင်း ခိုင်မာသည့် ဈေးကွက်တစ်ခု ထူထောင်ရန်၊ ဆန်းသစ် တီထွင်မှုများကို အားပေးရန်၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မောင်းနှင်အား အသစ်များအား ရှာဖွေချဲ့ထွင်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
အစဉ်အလာအားဖြင့် ပေါ်လစ်ဗျူရို၏ ဒီဇင်ဘာလ အစည်းအဝေးအပြီးတွင် နှစ်စဉ် ကျင်းပနေကျ ဗဟိုစီးပွားရေး လုပ်ငန်းစဉ်ညီလာခံ ကျင်းပလေ့ရှိသည်။ ထိုညီလာခံတွင် လာမည့်နှစ်အတွက် မူဝါဒများကို ချမှတ်လေ့ရှိသည်။
လာမည့်နှစ် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးသည် ရုန်းကန်ရဖွယ်ရှိပြီး နိုင်ငံခြား ကုန်သွယ်ရေးကို တည်ငြိမ်အောင် လုပ်ဆောင်ရန်၊ အထူးသဖြင့် အမေရိကန်နှင့် ကုန်သွယ်မှု ဆက်ဆံရေးကို ထိန်းသိမ်းရေးသည် ကွန်မြူနစ်ပါတီ၏ ဦးစားပေး ကိစ္စများထဲတွင် ပါဝင်ကြောင်း တရုတ်၏ Economist Intelligence Unit ကုမ္ပဏီ၏ စီးပွားရေးပညာရှင် ဆူယွီ (Su Yue) က ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: စီးပွားရေး
- Hits: 582
CNI International News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆
အိန္ဒိယဗဟိုဘဏ်သည် စီးပွားရေးကို မြှင့်တင်ရန်အတွက် ဒီဇင်ဘာ ၅ ရက်က အတိုနှုန်းကို ၂ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ အတိုးနှုန်းလျှော့ချမှုကို ငွေကြေးမူဝါဒ ကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကော်မတီဝင်အားလုံးက သဘောတူခဲ့သည်။
ငွေကြေးဖောင်းပွမှု၊ ဂျီဒီပီနှင့် အလုပ်လက်မဲ့နှုန်းကဲ့သို့ အရေးကြီးသည့် စီးပွားရေး ညွှန်းကိန်းအချို့တွင် အားနည်း နေသော်လည်း ဇူလိုင်လမှ စက်တင်ဘာလကြား စီးပွားရေး တိုးတက်မှုနှုန်းသည် ၈ ဒမသ ၂ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။
ထိုနှုန်းထားသည် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဆန်ဂျေး မယ်လ်ဟိုထရာ (Sanjay Malhotra) က ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အခြေအနေသည် ခက်ခံနေသည့်တိုင် အိန္ဒိယ၏ စီးပွားရေးသည် ခိုင်မာနေဆဲဖြစ်ပြီး ငွေကြေး ဖောင်းပွမှုကိုလည်း ထိန်းချုပ်နိုင်ကြောင်း မယ်လ်ဟိုထရာက ပြောသည်။

အိန္ဒိယဗဟိုဘဏ်ကို တွေ့ရစဉ်
ငွေကြေးဖောင်းပွမှုနှုန်း နိမ့်နေခြင်းကြောင့် ဗဟိုဘဏ်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးရန် အခွင့်အလမ်းများ ပိုရှိလာခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
"စီးပွားရေးအတွက် အကျိုးရှိတဲ့ လိုအပ်ချက်တွေကို ကျနော်တို့ ဆက်လက် ထောက်ပံပေးသွားမှာပါ" ဟု မယ်လ်ဟိုထရာက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယဗဟိုဘဏ်သည် ငွေကြေးစနစ်ကို အထောက်အကူ ဖြစ်နေသည့် အစီအစဉ်ကိုလည်း ကြေညာခဲ့ပြီး စျေးကွက်အတွင်း ရူပီး ၁ ထရီလျံ (ဒေါ်လာ ၁၁ ဘီလျံ) တန်ဖိုးရှိ အစိုးရငွေချေးစာချုပ်များ ဝယ်ယူသွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယဗဟိုဘဏ်သည် ယခုလအတွင်း ဒေါ်လာ ၅ ဘီလျံ တန်ဖိုးရှိ အမေရိကန်ဒေါ်လာနှင့် အိန္ဒိယရူပီးငွေ အရောင်းအဝယ်ကို ၃ နှစ် စီမံကိန်းဖြင့် လုပ်ဆောင်သွားမည်ဟုလည်း မယ်လ်ဟိုထရာက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယရူပီး ငွေကြေးသည် တန်ဖိုးလျော့ကျခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ရူပီး ၉၀ ရှိခဲ့ကာ နောက်ပိုင်းတွင် တန်ဖိုးအနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 2064
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်းများပေါ်မှ ပြည်ပခရီးသွားများအတွက် လေဆိပ်အခွန် (Airport Tax) ဟု လူသိများသည့် လေဆိပ်များ၌ ခရီးသည်များအတွက် ဝန်ဆောင်မှုကောက်ခံသည့် အခကြေးငွေကို ၅၃ ရာခိုင်နှုန်း တိုးမြှင့်ရန် ထိုင်းပြည်သူ့လေကြောင်းဘုတ်အဖွဲ့က အတည်ပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
နိုင်ငံတကာ လေကြောင်းလိုင်းများအတွက် လေဆိပ်အခွန် ကောက်ခံမှုကို ဘတ် ၇၃၀ မှ ဘတ် ၁၁၂၀ အထိ တိုးမြှင့်ရေးအတွက် ထိုင်းလေဆိပ်များကုမ္ပဏီ (AOT) ၏ လျှောက်ထားမှုကို ဘုတ်အဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကန်က ပြောကြားခဲ့သည်။
ခရီးသည် ဝန်ဆောင်မှု အခကြေးငွေ (လေဆိပ်အခွန်) ကို လေယာဉ် လက်မှတ် ဝယ်ယူချိန်ကတည်းက တစ်ပါ တည်း ထည့်သွင်း ကောက်ခံထားခြင်း ဖြစ်သည်။
ထိုလေဆိပ်အခွန် တိုးမြှင့်မှုသည် လာမည့်နှစ် အစောပိုင်းတွင် စတင် အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

ထိုင်းလေဆိပ်ကိုတွေ့ရစဉ်
ပြည်တွင်း လေကြောင်းလိုင်းများအတွက် လေဆိပ်အခွန်ကိုမူ လက်ရှိ ကောက်ခံနေသည့် ဘတ် ၁၃၀ မှ အပြောင်းအလဲရှိမည် မဟုတ်ပေ။
AOT ကုမ္ပဏီသည် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက်၊ ချင်းမိုင်၊ ဟတ်ယိုင်နှင့် ချင်းရိုင်လေဆိပ်များကို စီမံ ကိုင်တွယ် နေသည့် ကုမ္ပဏီဖြစ်သည်။
ယခုကဲ့သို့ လေဆိပ်အခွန် တိုးမြှင့်မှုအတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီးထံမှ အတည်ပြုချက် တောင်းခံရန် အတွက် အချက်အလက်များကို စုစည်း တင်ပြသွားမည်ဖြစ်သည်။
ထိုလေဆိပ်အခွန် တိုးမြှင့်မှုကို မပြဋ္ဌာန်းမီ လေးလအတွင်း နှုန်းထားအသစ်ကို လူသိရှင်ကြား ကြေညာပေးသွား မည်ဟု ဆိုသည်။
အထက်ဖော်ပြပါ လေဆိပ် ၆ ခုသို့ နှစ်စဉ် ဝင်ရောက်သည့် နိုင်ငံတကာ ခရီးသွား အရေအတွက်သည် ၃၅ သန်း ရှိသဖြင့် လေဆိပ်အခွန် တိုးမြှင့်မှုကြောင့် နှစ်စဉ် ဝင်ငွေသည် ၁၀ ဘီလျံခန့် မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း AOT က ပြောကြားခဲ့သည်။
လေဆိပ်အခွန် တိုးမြှင့်မှုကြောင့် လေဆိပ်၏ ဝန်ဆောင်မှုများ ပိုမို ကောင်းမွန်လာမည်ဖြစ်ပြီး ပိုမိုရရှိလာသည့် ဝင်ငွေများကို လေဆိပ်များတွင် ခရီးသည်များအတွက် အဆင်ပြေ ချောမွေ့စေမည့် လုပ်ငန်းစဉ်၌ ပြန်လည် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မြို့ပြလေကြောင်းဘုတ်အဖွဲ့က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 2302
CNI International News
တိုကျို၊ နိုဝင်ဘာ ၂၂
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ အစိုးရအဖွဲ့သည် ယန်း ၂၁ ဒသမ ၃ ထရီလျံ (ဒေါ်လာ ၁၃၅ ဒသမ ၄၀ ဘီလျံ) တန်ဖိုးရှိ စီးပွားရေးလှုံဆော်မှု အစီအစဉ်ကို နိုဝင်ဘာ ၂၁ ရက်က အတည်ပြု ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအတည်ပြုချက်အရ ဘဏ္ဍာရေး အစီအမံများကို တိုးမြှင့်မည်ဟု ကတိပြုထားသည့် တာအာအီချီ၏ ပထမဆုံး မူဝါဒ အစီအစဉ်တစ်ခု ဖြစ်သည်။
စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်အရ အထွေထွေ အသုံးစရိတ် ယန်း ၁၇ ဒသမ ၇ ထရီလျံ ပါဝင်သည်။
ထိုပမာဏသည် လွန်ခဲ့သည့်နှစ်က အထွေထွေ အသုံးစရိတ် ယန်း ၁၃ ဒသမ ၉ ထရီလျံထက် ပိုမိုများပြားခဲ့သည်။
ထို့ပြင် ယခုစီးပွားရေး လှုံ့ဆော်မှု အစီအစဉ်သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း အကြီးမားဆုံး စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်ဖြစ်ပြီး ယန်း ၂ ဒသမ ၇ ထရီလျံ အခွန်လျှော့ချမှုလည်း ပါဝင်သည်။

ဂျပန်နိုင်ငံသားတွေကို တွေ့ရစဉ်
အများစုကမူ ဂျပန်၏ ဆိုးရွားနေသည့် ဘဏ္ဍာရေး အခြေအနေကို စိုးရိမ်နေကြပြီး တာအာအီချီ၏ များပြားသည့် ဘတ်ဂျက် အစီအစဉ်သည် အခြေအနေကို ပိုဆိုးလာစေနိုင်ကြောင်း ပြောကြားခဲ့သည်။
တာကာအီချီကမူ ၎င်း၏ အစီအစဉ်သည် ဂျပန်၏ ရေရှည် ဘဏ္ဍာရေး ခိုင်မာမှုကို ထည့်သွင်းစဉ်းစား ပေးမည် ဖြစ်ပြီး အစိုးရအဖွဲ့သည် အခွန်မှရရှိသည့် ဝင်ငွေများကို ပိုမို အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘတ်ဂျက်အတွက် လုံလောက်မှုရှိစေရန် အစိုးရက ငွေတိုက်စာချုပ်များ ရောင်းချသွားမည်ဟုလည်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂျပန်အစိုးရအဖွဲ့သည် ကနဦး ဘတ်ဂျက်ကို ထိန်းညှိရန်အတွက် နောက်တိုး ဘတ်ဂျက် (supplementary budget) နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုရန် စီစဉ်ထားပြီး ထိုဘတ်ဂျက်ကို ယခုနှစ် ကုန်ပိုင်း၌ လွှတ်တော်၏ အတည်ပြုချက်ရရှိရန် မျှော်လင့်ထားသည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 740
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၂
ထိုင်းနိုင်ငံတွင် လုပ်ငန်းများဖွင့်လှစ်ထားသည့် တရုတ်ကားကုမ္ပဏီများက လျှပ်စစ်ကား ဘက်ထရီဆဲလ်များ ဝယ်ယူ အသုံးပြုမှုနှင့်ပတ်သက်ပြီး စည်းကမ်းများ ဖြေလျှော့ပေးမှုကို သက်တမ်းတိုးပေးရန် ထိုင်း၏ အမျိုးသား လျှပ်စစ်ကားဘုတ်အဖွဲ့သို့ အဆိုပြုနေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
တရုတ်ကားကုမ္ပဏီများသည် ထုတ်လုပ်ရေး ကုန်ကျစရိတ်များကို ထိန်းချုပ်ရေးနှင့် ထိုင်းနိုင်ငံလုပ် အစိတ်အပိုင်း များအပေါ် မှီခိုမှုကို လျှော့ချရန်အတွက် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်သည်။
တရုတ်ကားကုမ္ပဏီများသည် ထိုင်းနိုင်ငံလုပ် ကုန်ကြမ်းပစ္စည်းများ၏ ၄၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုမည်ဟု ကတိပြုခဲ့ပြီး ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် ထောက်ပံ့ရေး ကွင်းဆက်ကို အထောက်အကူ ဖြစ်စေသလို ပြည်တွင်း အလုပ်အကိုင်များကို တိုးမြှင့်ပေးမည့် အစီအစဉ်များကို ချပြနေသည့်တိုင် မြေပြင် အခြေအနေတွင် ကွဲလွဲမှုများ ရှိနေကြောင်း ထိုင်းလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
တရုတ်ကားကုမ္ပဏီများသည် ထိုင်းပြည်တွင်းဖြစ် အစိတ်ပိုင်းများကို အသုံးပြုရာတွင် ဂျပန်ကားကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက သိသာစွာ နည်းပါးနေဆဲဖြစ်ကြောင်း ထိုင်း၏ စီးပွားရေးလုပ်ငန်း အလွှာစုံမှာ လုပ်ငန်းရှင်များက အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီများက တရုတ်ကားကုမ္ပဏီများကို ပြည်တွင်းလုပ် ပစ္စည်းများအား ပိုမိုအသုံးပြုစေချင် နေကြသည်ဟုလည်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ်(FTI) က ဖော်ပြခဲ့သည်။

လျှပ်စစ်ကား ဘက်ထရီထည့်သွင်းမှုကို ပြသထားစဉ်
ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ အနည်းငယ် မြင့်တက်နေသည့်တိုင် ပြည်တွင်းဖြစ် မော်တော်ယာဉ် အစိတ်အပိုင်းများကို အားပေးခြင်းသည် ပြည်တွင်း လုပ်ငန်းရှင်များနှင့် လူထု၏ ယုံကြည်မှုကို မြင့်တက်စေလိမ့် မည်ဖြစ်ကြောင်း FTI ၏ ဒုဥက္ကဋ္ဌ နာဝါ ချန်တနာဆူရာကွန် (Nawa Chantanasurakon) က ပြောကြားခဲ့သည်။
ပြည်ပမှ သွင်းကုန်များအပေါ် မှီခိုအားထားမှု မြင့်တက်လာသည်နှင့်အမျှ ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် လုပ်ငန်းနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကဏ္ဍများတွင် လုပ်သား အရေအတွက်သည် ၆၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ လျော့ကျခဲ့သည်ဟု ဆိုသည်။
လက်ရှိ စည်းကမ်းများအရ တရုတ်လျှပ်စစ်ကား ကုမ္ပဏီများသည် ပြည်ပမှ ဘက်ထရီဆဲလ်များကို ဝယ်ယူ တင်သွင်းခွင့် ရရှိနေသော်လည်း ထိုစည်းကမ်းသည် ယခုနှစ်ကုန်ပိုင်း၌ သက်တမ်းကုန်မည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် တရုတ်ကား ကုမ္ပဏီများသည် ထိုင်း၏ ပြည်တွင်းဖြစ် အစိတ်ပိုင်းများကို ပိုမိုဝယ်ယူ အသုံးပြုရမည်ဖြစ်သဖြင့် ထုတ်လုပ်ရေးပိုင်း၌ ကုန်ကျစရိတ်များ မြင့်တက်လာဖွယ်ရှိနေသည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 667
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၃
အမေရိကန်သည် ၂၀၂၀ ပြည့်နှစ်အတွင်းက တရုတ်၏ LuBian အမည်ရှိ Bitcoin ထုတ်လုပ်သည့် ကွန်ရက်ထံမှ ဒေါ်လာ ၁၃ ဘီလျံ တန်ဖိုးရှိ Bitcoin ၁၂၇,၂၇၂ ခုကို ခိုးယူသည့် ဟက်ကာတိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့ကြောင်း တရုတ်က စွပ်စွဲခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထို LuBian ကွန်ရက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အငြင်းပွားဖွယ် စီးပွားရေးလုပ်ငန်းရှင် ချန်းကျီ (Chen Zhi) နှင့် ဆက်နွှယ်မှုရှိပြီး တရုတ်အစိုးရကမူ အမေရိကန်အစိုးရ၏ ထောက်ခံမှု ရရှိခဲ့သည့် ဟက်ကာများ၏ ဆိုက်ဘာ တိုက်ခိုက်မှုသည် "သူခိုးလက်မှ သူဝှက်လု" ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
Bloomberg ၊ Global Times သတင်းစာများနှင့် တရုတ်၏ အမျိုးသား ကွန်ပျူတာဗိုင်းရပ်စ် အရေးပေါ် တုန့်ပြန် ရေးစင်တာ (CVERC) တို့၏ ထုတ်ပြန်ချက်များတွင်မူ ထိုဆိုက်ဘာ တိုက်ခိုက်မှုတွင် အစိုးရတစ်ရပ်၏ ပါဝင် ပတ်သက်မှုရှိကြောင်း ထင်ရှားသည့် လက္ခဏာများကို တွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ခိုးယူရရှိခဲ့သည့် Bitcoin များကို လျှို့ဝှက်စွာနှင့် ဖြည်းညှင်းစွာ နေရာရွှေ့ပြောင်းမှုသည် ပုံမှန် ဆိုက်ဘာ ရာဇဝတ်သမားများ လုပ်လေ့လုပ်ထရှိသည့် အမူအကျင့်မျိုး မဟုတ်ကြောင်း ထုတ်ပြန်ချက်များ တွင် ဖော်ပြခဲ့သည်။
ထို Bitcoin မည်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လက ဒစ်ဂျစ်တယ် ငွေကြေးများ လက်ခံသည့် အကောင့်သစ်များထဲသို့ မလွှဲပြောင်းခင် အချိန်အထိ ဟက်ကာများ၏ လက်ထဲတွင် ခြေရာလက်ရာ မပျက်ရှိခဲ့သည်ဟုလည်း စုံစမ်း စစ်ဆေးသူများက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင်မူ အမေရိကန်တရားရေးဝန်ကြီးဌာန(DOJ)က ကမ္ဘောဒီးယား၏ Prince Group စီးပွားရေးလုပ်ငန်းစုဥက္ကဋ္ဌ ချန်းကျီကို ငွေကြေးခဝါချမှု၊ အွန်လိုင်းပေါ်မှ လိမ်လည်မှုများဖြင့် ပြစ်မှုဆိုင်ရာ စွဲချက်များ တင်ခဲ့သည်။

ချန်းကျီနဲ့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ကို တွေ့ရစဉ်
ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် Bitcoin ၁၂၇,၀၀၀ ခုသည် ချန်းနှင့် ဆက်နွှယ်မှုရှိကြောင်း ယူဆရသည်ဟု DOJ က ကြေညာခဲ့သော်လည်း ထို Bitcoin များကို မည်သို့ သိမ်းဆည်း ရမိခဲ့သည် ဆိုခြင်းကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
တရုတ်ဆိုက်ဘာလုံခြုံရေး အာဏာပိုင်အဖွဲ့ကမူ အမေရိကန်သည် ၂၀၂၀ ပြည့်နှစ်က ချန်း၏ လုပ်ငန်းစုကို ဟက်ကာများဖြင့် ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး ထိုလုပ်ရပ်သည် တရားမျှတမှု အသွင်ဆောင်ထားသည့် နိုင်ငံတော် ကြံရာပါ ခိုးယူမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဖွား ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းရှင်ဖြစ်သည့် ချန်း၏ အမှုကို ကိုင်တွယ်နေသည့် အမေရိကန် ဖက်ဒရယ်ရှေ့နေများကလည်း အမေရိကန်သမိုင်းတွင် အများဆုံး ဒစ်ဂျစ်တယ်ငွေကြေး သိမ်းဆည်းရမိမှုဖြစ်သည့် ထို Bitcoin များကို မည်ကဲ့သို့ ရရှိခဲ့သည်ဆိုခြင်းကိုမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 1957
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၂
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်နေသည့် ကမ္ဘောဒီးယားလုပ်သား ၉၀,၀၀၀ နေရာအတွက် အစားထိုးဖို့ အလုပ်သမားအသစ်များ ခေါ်ယူရန် ပြင်ဆင်နေကြောင်း အလုပ်သမားရေးဝန်ကြီး ထရီနွတ်ချ် သီယန်သွန်း (Trinuch Thienthong) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လက ယာယီဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ၏ အစိုးရ လက်ထက်တွင် အတည်ပြုပေးခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံသားများအား ပါမစ်သက်တမ်းထက် ကျော်လွန်နေထိုင် ခွင့်ကို ဆိုင်းငံ့ရန် ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ထရီနွတ်ချ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက နယ်စပ်ဒေသတွင် တင်းမာမှုများ မြင့်တက်ခဲ့ပြီး မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ထိုင်း စစ်သား တချို့ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကို တုန့်ပြန်သည့် အနေဖြင့် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေး ကြေညာချက်အား ဆိုင်းငံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပါမစ် သက်တမ်း ကုန်နေသည့် ကမ္ဘောဒီးယား နိုင်ငံသားများအား နေထိုင်ခွင့် ဆိုင်းငံ့မှုကြောင့် ကမ္ဘောဒီးယား လုပ်သားများကို မှီခိုအားထားနေရသည့် လုပ်ငန်းများ၊ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အလုပ် များ ရပ်တန့်မှုဖြစ်နိုင်ကြောင်း ထရီနွတ်ချ်က ပြောသည်။

ကမ္ဘောဒီးယား အလုပ်သမားတွေကို တွေ့ရစဉ်
“ထိုင်းနိုင်ငံက မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက လုပ်သားတွေနဲ့ အစားထိုးဖို့အတွက် လုပ်ဆောင်ထားပါ တယ်။ ဒီအကြောင်းအရာကို အတည်ပြုဖို့နဲ့ ညွှန်ကြားချက်တွေ ရရှိဖို့အတွက် အစိုးရအဖွဲ့ကို တင်ပြသွားမှာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကမ္ဘောဒီးယားလုပ်သား ၁၀၀,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၉၀,၀၀၀ ခန့်သည် ပါမစ် သက်တမ်း ကုန်နေသည့် တရားဝင် လုပ်သားများဖြစ်ကာ နယ်စပ်များ ပိတ်ဆို့ထားမှုကြောင့် နေရပ်သို့ မပြန်နိုင်ဘဲ ထိုင်းတွင် သောင်တင်နေခြင်းဖြစ်သည်။
ပါမစ်သက်တမ်း ကုန်နေသည့် လုပ်သားများကို နေရပ်သို့ ပြန်ပို့မည် ဟုတ်/မဟုတ် သတင်းထောက်များက မေးမြန်းချိန်တွင် ထရီနွတ်ချ်က ထိုကိစ္စသည် လုံခြုံရေးတပ်ဖွဲ့များ အပါအဝင် အေဂျင်စီ အများအပြား ပါဝင် ရလိမ့်မည်ဖြစ်ပြီး အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဆွေးနွေးသွားမည်ဟု ဖြေကြားခဲ့သည်။

အလုပ်သမားရေးဝန်ကြီး ထရီနွတ်ချ် သီယန်သွန်းကို တွေ့ရစဉ်
“ထိုင်းနိုင်ငံအနေနဲ့ လုပ်သားအင်အား ပြတ်လပ်မှုကို ပိုမိုဆိုးရွားသွားတာမျိုး အဖြစ်မခံနိုင်ပါဘူး။ ထိုင်းနိုင်ငံရဲ့ အဓိက ပြည်ပလုပ်သား အင်အားစုထဲမှာ ပါဝင်နေတဲ့ ဗီယက်နမ်၊ လာအိုနဲ့ မြန်မာနိုင်ငံတွေက လုပ်သားတွေ အတွက် ပါမစ်တွေ သက်တမ်း ထပ်တိုးပေးဖို့ ပြင်ဆင်ထားပါတယ်”ဟု ထရီနွတ်ချ်က ပြောသည်။
လုပ်သားအင်အား အစားထိုးရေးနှင့် ပတ်သက်ပြီး ဒုက္ခသည် စခန်းများမှ လုပ်သားအင်အား ၄၀,၀၀၀ ကျော်ကို စုဆောင်းရန် အပါအဝင် မြန်မာနှင့်ဗီယက်နမ် လုပ်သားများအတွက် ပါမစ်သက်တမ်းတိုးရေး အစီအစဉ်များကို အလျင်အမြန် လုပ်ဆောင်သွားမည်ဟုလည်း ထရီနွတ်ချ်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 1333
CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၅
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာ (Kerala) ပြည်နယ်သည် အလွန်အမင်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်တွင် ကြေညာခဲ့သဖြင့် အိန္ဒိယ၌ အလွန်အမင်း ဆင်းရဲမွဲတေမှု ကင်းစင်သွားသည့် ပထမဆုံးပြည်နယ် ဖြစ်လာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ကီရာလာပြည်နယ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက်အရ ဒေသခံ အာဏာပိုင် အဖွဲ့အစည်း များက ဦးဆောင်သည့် ၄ နှစ်ကြာ စီမံကိန်းအပြီး၌ ကီရာလာပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဗီဂျာယန် (Pinarayi Vijayan) က ထိုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ လူတစ်ဦးသည် တစ်ရက်လျှင် ၃ ဒေါ်လာအောက်သာ ရရှိပါက အလွန်အမင်း ဆဲရဲမွဲတေစွာ နေထိုင်နေရကြောင်း ဖော်ပြထားသည်။

ကီရာလာပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဗီဂျာယန်ကို တွေ့ရစဉ်
ထိုသတ်မှတ်ချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လူပေါင်း သန်း ၈၃၀ ကျော်သည် အလွန်အမင်း ဆင်းရဲ မွဲတေမှု သတ်မှတ်ချက်ထဲ၌ အကျူံးဝင်နေသည်။
ကီရာလာပြည်နယ်တွင် အလွန်အမင်း ဆင်းရဲမွဲတေသည့် သတ်မှတ်ချက်ထဲ၌ ပါဝင်နေသော မိသားစုဝင်ပေါင်း ၆၄,၀၀၀ ကျော်ရှိကြောင်း ၂၀၂၁ ခုနှစ်က စစ်တမ်းကောက်ယူခဲ့ပြီးနောက် ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကီရာလာပြည်နယ် အာဏာပိုင်များသည် ဝင်ငွေ တစ်ခုတည်းကိုသာ အာရုံစိုက်ချင်းထက် ပုံမှန်ဝင်ငွေမရှိမှု၊ အိုးအိမ်၊ အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အားလုံးကို အကဲဖြတ် ချင့်တွက်ပြီး စီမံကိန်းအား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကီရာလာပြည်နယ် လူထုရဲ့ လူနေမှုဘဝကို တွေ့ရစဉ်
“လူမှုသက်သာ ချောင်ချိရေး အစီအစဉ်တွေနဲ့ မကြုံဖူးတဲ့ မိသားစုတွေ ရှိနေပါတယ်။ အလွန်အမင်း ဆင်းရဲမွဲတေမှု ဆိုတဲ့ သတ်မှတ်ချက်ထဲမှာ ပါဝင်နေတဲ့ မိသားစုတွေဟာ ပြည်နယ်အစိုးရရဲ့ ထောက်ပံ့မှုကို မရဘဲ ရှင်သန်ခဲ့ရ ပါတယ်”ဟု ဒေသန္တရအစိုးရ၊ ယစ်မျိုးခွန်နှင့် လွှတ်တော်ရေးရာ ပြည်နယ်ဝန်ကြီး အမ်ဘီ ရာဂျက်ရှ် (MB Rajesh) က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် လေးနှစ်ကျော်က အစိုးရဌာန အများအပြားသည် ထိုမိသားစုများကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အစားအစာ၊ နေစရာနေရာ၊ ဆေးဝါးနှင့် ကလေးများအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးခဲ့သည်။
ထို့ပြင် အိန္ဒိယတွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချရာ၌ တိုးတက် မှုများ ရရှိခဲ့သည်။
အိန္ဒိယတွင် လွန်ခဲ့သည့် ဆယ်စုနှစ်က အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်း ၁၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်း ၂ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
Source: CAN
- By CNI
- Category: စီးပွားရေး
- Hits: 628
CNI International News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁
တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ အစည်းအဝေးအပြီး၌ ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာစျေးကွက်များ အနည်းငယ် ကျဆင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်နှင့်ရှီတို့၏ အစည်းအဝေး အပြီးတွင် ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးသည် သေချာရေရာမှု မရှိသေးဘဲ ရင်းနှီးမြှုပ်နှံသူများကလည်း အခြေအနေကို လေ့လာစောင့်ကြည့်နေသည်။
ထရမ့်သည် ရှီနှင့် ၂ နာရီနီးပါးကြာ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် တရုတ်၏ သွင်းကုန်များအပေါ် ကုန်သွယ် ခွန်များ လျှော့ချပေးမည်ဟု သဘောတူခဲ့ပြီး အပြန်အလှန် အနေဖြင့် တရုတ်က အမေရိကန်ထံမှ ပဲပိစပ်များကို ပြန်လည်ဝယ်ယူခြင်း၊ မြေရှားသတ္တု တင်ပို့ရောင်းချမှုအား ဆက်လက် ဖွင့်ပေးထားခြင်းနှင့် ဖန်တနိုင်းလ် မူးယစ် ဆေးများ မှောင်ခိုကူးမှုကို တိုက်ဖျက်ရေးတို့ ပြုလုပ်ပေးမည်ဟု သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
ရှီကလည်း အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် ကုန်သည်များက အမေရိကန်နှင့်တရုတ်ကြား ရှင်းလင်းတိကျသည့် ပူးပေါင်းဆောင်ရွက်မှု လက္ခဏာများ ကို လေ့လာသုံးသပ်နေချိန်တွင် စတော့ရှယ်ယာ စျေးကွက်သည်လည်း အပြောင်းအလဲ မြန်နေဆဲဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ထိုအချိန်အတွင်း အမေရိကန်၏ အကြီးဆုံး နည်းပညာကုမ္ပဏီ ၂ ခုဖြစ်သည့် Microsoft နှင့် Meta ကုမ္ပဏီတို့၏ ဝင်ငွေများ ထုတ်ပြန်မှုသည် ရင်းနှီးမြှုပ်နှံသူများကို စိတ်ပျက်စေခဲ့ပြီး Microsoft ၏ ရှယ်ယာသည် ၃ ရာခိုင်နှုန်းနှင့် Meta ၏ ရှယ်ယာစျေးသည် ၇ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်။
ဥရောပ စတော့အိတ်ချိန်းဖြစ်သည့် STOXX 600 တွင်လည်း ရှယ်ယာစျေး ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဒေါ်လာစျေးသည်လည်း အောက်တိုဘာ ၃၀ ရက်က ဂျပန်နိုင်ငံသုံး ယန်းငွေမှလွဲပြီး ကျန်ငွေကြေးများနှင့် နှိုင်းယှဉ် ပါက တန်ဖိုးအနည်းငယ် လျော့ကျသွားခဲ့ပြီး ယန်းငွေနှင့် ငွေလဲနှုန်းတွင် ငွေတန်ဖိုး အပြောင်းအလဲ သိပ်မရှိခဲ့ပေ။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 757
CNI International News
ရှန်ကျန်း၊ အောက်တိုဘာ ၃၁
ပြီးခဲ့သည့်လအတွင်း တရုတ်၏ လျှပ်စစ်ကားကုမ္ပဏီဖြစ်သည့် BYD ကုမ္ပဏီသည် ဥရောပတွင် လျှပ်စစ်ကားများ စံချိန်တင် ရောင်းအားမြင့်တက်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
BYD သည် ၎င်း၏ လျှပ်စစ်ကားများကို မော်ဒယ်အမျိုးမျိးဖြင့် အများအပြား ထုတ်လုပ်ခဲ့ပြီး ၎င်း၏ အရောင်း ကွန်ရက်ကို ချဲ့ထွင်ခဲ့သဖြင့် လျှပ်စစ်ကား စျေးကွက်တွင် လွှမ်းမိုးထားသည့် Tesla ကုမ္ပဏီနှင့် ရောင်းအား ကွာခြားမှုကို ကျဉ်းမြောင်းစေခဲ့သည်။
ရှန်ကျန်း(Shenzhen)မြို့ အခြေစိုက် BYD ကုမ္ပဏီသည် စက်တင်ဘာလအတွင်း ဥရောပတွင် လျှပ်စစ်ကား အစီး ရေ ၂၄,၉၆၃ စီး ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူက ရောင်းချနိုင်ခဲ့သည့် ကားအစီးရေ ၅၀၁၃ စီးနှင့် နှိုင်းယှဉ်ပါက ရောင်းအား ၅ ဆနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဥရောပမော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း (ACEA) ၏ မှတ်တမ်းများအရ သိရသည်။
ACEA သည် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အိုက်စလန်၊ လက်ချက်စတိန်း၊ နော်ဝေ၊ ဆွစ်ဇာလန်နိုင်ငံများတွင် မော်တော်ယာဉ် ရောင်းချမှုများကို စာရင်းကောက်ခံသည့် အဖွဲ့ဖြစ်သည်။

တရုတ်ထုတ် လျှပ်စစ်ကားများကို တွေ့ရစဉ်
ယခုနှစ် စက်တင်ဘာလက အမေရိကန်၏ Tesla ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဥရောပတွင် မော်တော်ယာဉ် ရောင်းချမှုပမာဏနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ကားအစီးရေ ၃၉,၈၃၇ စီး ရောင်းချနိုင်ခဲ့သည်။
“ကိန်းဂဏန်းတွေအရ BYD ရဲ့ နိုင်ငံတကာ မဟာဗျူဟာက တော်တော် အလုပ်ဖြစ်တယ်ဆိုတာ သက်သေပြနေ ပါတယ်”ဟု ရှန်ဟိုင်းမြို့ရှိ တစ်သီးပုဂ္ဂလ လေ့လာသူဖြစ်သည့် ကော်ရှန်း (Gao Shen) က ပြောကြားခဲ့သည်။
“ကမ္ဘာ့အကြီးဆုံး EV ကုမ္ပဏီအဖြစ် BYD အနေနဲ့ ၎င်းရဲ့ ဒီဇိုင်းနှင့် ကုန်ထုတ်စွမ်းရည်တွေကို ပြသဖို့ တရုတ်နိုင်ငံ အပြင်ဘက်မှာ ရောင်းအားကို ဆက်လက် မြှင့်တင်ဖို့ လိုအပ်နေဆဲဖြစ်တယ်”၎င်းက ဆိုသည်။
BYD ကုမ္ပဏီသည် ၂၀၂၆ ခုနှစ်တွင် ဥရောပ၌ ၎င်း၏ ကားအရောင်းပြခန်းများကို လက်ရှိထက် ၂ ဆ ပိုမို ဖွင့်လှစ် ရန် စီစဉ်ထားကြောင်း BYD ကုမ္ပဏီ၏ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ စတယ်လာ လီ (Stella Li) က ပြီးခဲ့သည့်လ အတွင်းက မြူးနစ်မြို့တွင် ပြုလုပ်သည့် IAA Mobility ညီလာခံမှာ ပြောကြားခဲ့သည်။
ဥရောပတွင် BYD ကုမ္ပဏီ၏ ကားမော်ဒယ် ၁၃ မျိုးကို ရောင်းချနေပြီး ၂၀၂၈ ခုနှစ်၌ ဥရောပတွင် ရောင်းချမည့် ကားများအားလုံးကို ပြည်တွင်းမှာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: South China Morning Post
