CNI Sport Article

၂၀၂၃ ခုနှစ်၊ မေလ ၂၈

ပြီးခဲ့တဲ့ ရက်ပိုင်းက ရီးရယ်လ်ကစားသမား ဗီနီစီးယက်စ်ဟာ ဗလင်စီယာအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပြိုင်ပွဲမှာ ပြိုင်ဘက် ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပါတယ်။

အဲဒီ ဖြစ်ရပ်ဟာ အားကစားသတင်းတွေရဲ့ ခေါင်းကြီးပိုင်း သတင်းတွေအဖြစ် နေရာယူထားခဲ့ပါတယ်။ လာလီဂါလို့ လူသိများတဲ့ စပိန်ထိပ်တန်း ဘောလုံးလိဂ်မှာ လူမျိုးရေးခွဲခြားမှုက ပထမဆုံးဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ဒီအဖြစ်အပျက်တွေကနေ ဆိုးရွားတဲ့ အမှတ်တရတွေကို ပြန်ပြီး သတိရ သွားစေခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ ကစားသမားတွေ၊ အသားအရောင် မည်းတဲ့သူတွေနဲ့ အာဖရိက ကစားသမား တွေဟာ ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ခံခဲ့ရတာပါ။

ကင်မရွန်းနိုင်ငံက ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အန်ကိုနိုဟာ ၁၉၈၂ က အက်စပန်ညိုကို ရောက်ရှိလာတဲ့ အချိန် ဘာစီလိုနာအသင်းနဲ့ နူးကမ့်ပ်ကွင်းကြီးထဲမှာ ကစားချိန် လူမျိုးရေး ခွဲခြားမှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်အချို့က လူမျိုးရေးခွဲခြားတဲ့ သီချင်းတွေကို သီဆိုခဲ့ကြသလို ငှက်ပျောသီးတွေကို ကွင်းထဲ ပစ်ချတာတွေ လည်း ရှိခဲ့ပါတယ်။

အန်ကိုနိုနဲ့ ကင်မရွန်း နိုင်ငံသားချင်းတူညီခဲ့တဲ့ ကာမီနီကလည်း အက်စ်ပန်ညိုအသင်းမှာ ကစားချိန် ၂၀၀၄ တုန်း က ဇာရာဂိုဇာအသင်း ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားတဲ့ သီဆိုမှုတွေကို ခံစားခဲ့ရပါတယ်။

လူမျိုးရေးခွဲခြားလို့ ပွဲမကစားပဲ ထွက်ဖို့လုပ်နေတဲ့ အီတူးကို ဖျောင်းဖျနေကြစဉ်

ကာမီနီက “ကျနော်တို့ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရနေတဲ့ အချိန်မှာ သူတို့တွေက ကျနော့်ကို နာမည်တွေပေးခဲ့ကြတာပါ။ ဒိုင်လူကြီးကတော့ ကျနော့်ကို ဆက်ကစားဖို့ လုံလောက်တယ်လို့ ခံစားရလားဆိုပြီး မေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဆက်ကစားနိုင်ဖို့အတွက် ခွန်အားတွေကို ရှာတွေ့ခဲ့ပါတယ်”လို့ ကာဒီနာဆား ရေဒီယိုကို ၂၀၁၇ က ပြောခဲ့ပါတယ်။

၂၀၀၅ က ကစားခဲ့တဲ့ ပွဲစဉ်တစ်ပွဲမှာ ကာမီနီအပေါ် မာလာဂါရှိ ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန် တာကြောင့် အယ်လ်ဖွန်ဆိုပီရတ်ဇ် ဆိုတဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ ပွဲကို ရပ်တန့်ခဲ့ပါတယ်။

ကာမီနီဟာ ငှက်ပျောသီးတွေနဲ့ ပစ်ပေါက်တာတွေလည်း ခံခဲ့ရဖူးပါတယ်။ လူတစ်ယောက် အနေနဲ့ ဒီလိုမျိုး ကြုံတွေ့ရပြီး အိမ်ပြန်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားနိုင်တယ်လို့ သူ့ရဲ့ ခံစားချက်ကို ထုတ်ပြော ခဲ့ပါတယ်။

နာမည်ကြီး ဘောလုံးသမား အီတူးဆိုရင်လည်း ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ ၂၀၀၄ ကနေ ၂၀၀၉ အထိ ၅ နှစ် တာ ကာလအတွင်းမှာ လူမျိုးရေး ခွဲခြားမှုတွေ အများအပြား ခံခဲ့ရပါတယ်။

အဖြစ်အပျက် တစ်ခုမှာဆိုရင် အီတူးဟာ ပွဲကြည့်စင်က မျောက်အော်သံတွေကြောင့် ဂီတာဖေးအသင်း ပရိသတ် တွေကို ဘောလုံးနဲ့ ကန်ခဲ့တဲ့အထိ ပေါက်ကွဲခဲ့ဖူးပါတယ်။

အဲဒါကြောင့် အီတူးဟာ အဝါကတ် ပြသခံခဲ့ရပါတယ်။ အီတူးဟာ အဲဒီနောက်ပိုင်း ပွဲစဉ်တွေမှာလည်း လူမျိုးရေး ခွဲခြားမှုတွေ ထပ်ပြီး ခံခဲ့ရပါတယ်။

ဘီလ်ဘာအိုအသင်း တိုက်စစ်မှူး အင်ယာကီဝီလျံ လူမျိုးရေးခွဲခြားခံရတဲ့ သတင်းကိုဖော်ပြထားစဉ်

အီတူးက “လူတစ်ဦးက ကျနော့်ကို မျောက်အော်သံ ပြုလုပ်ချင်လို့ လက်မှတ်ဖိုး ပေးပြီးဝယ်ရင် ကျနော်ကလည်း မျောက်တစ်ကောင်လိုပဲ ပြုမူသွားပါလိမ့်မယ်”လို့ ပြောပါတယ်။

အီတူးဟာ ၂၀၀၆ ခုနှစ်က ဇာရာဂိုဇာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ် လူမျိုးရေး ခွဲခြားခံခဲ့ရပြီး ဒီတစ်ကြိမ်မှာ တော့ ကင်မရွန်းကစားသမားဟာ ကွင်းထဲကနေ ထွက်ခွာဖို့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အသင်းဖော်တွေ၊ ဇာရာဂိုဇာ ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေက သူ့ကို အသင်းမှာ ဆက်နေအောင် စည်းရုံးဖို့ ကြိုးစားခဲ့ကြပါတယ်။

အီတူးဟာ ဒါကို မကျေမနပ် ဖြစ်ခဲ့ပေမယ့် ပွဲကို ဆက်ကစားခဲ့ ပါတယ်။ ရက်အနည်းငယ် အကြာမှာ စပိန်ဘောလုံး အဖွဲ့ချုပ်က ဇာရာဂိုဇာအသင်းကို ယူရို ၉,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

၂၀၂၀ မှာတော့ ဘီလ်ဘာအိုအသင်း တိုက်စစ်မှူး အင်ယာကီဝီလျံဟာ လူစားလဲ ခံရချိန်မှာ လူမျိုးရေး ခွဲခြားခံခဲ့ရ တာဖြစ်ပြီး ဂါနာလက်ရွေးစင် ကစားသမားဟာ ၂၀၁၆ က ဂီဂျွန်အသင်းမှာ ကစားခဲ့တုန်းကလည်း လူမျိုးရေး ခွဲခြားမှု ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် ဒိုင်လူကြီးဟာ ပွဲကို မိနစ်အနည်းငယ်ကြာ ရပ်နားခဲ့ရပါတယ်။ စပိန်ဝန်ကြီးချုပ် ကိုယ်တိုင်က လူမျိုးရေး ခွဲခြားမှုကို ရှုတ်ချခဲ့ပြီး နိုင်ငံရဲ့ သတင်းစာဖြစ်တဲ့ မာကာမှာ ခေါင်းကြီးပိုင်းအဖြစ် ဖော်ပြဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒန်နီအဲလ်ဗတ်စ် ငှက်ပျောသီးကို ကောက်စားနေစဉ်

ခေါင်းကြီးပိုင်းမှာ “ကျနော်တို့ အားလုံးဟာ ဝီလျံတွေ ဖြစ်ကြပါတယ်၊ လူမျိုးရေးခွဲခြားမှုက လုံလောက်ပါပြီ”လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ဆိုရင် ပရိသတ်တွေက သူ့ကို လူမျိုးရေး ခွဲခြားတဲ့အနေနဲ့ ကွင်းထဲ ကို ငှက်ပျောသီး ပစ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒန်နီအဲလ်ဗတ်စ်က ပစ်ချခဲ့တဲ့ ငှက်ပျောသီးကို ကောက်ယူကာ စားခဲ့ ပါတယ်။

နီကိုဝီလျံ၊ ဒီယာခီဘီ၊ ကိုနာတေး၊ ယာယာတိုရေးနဲ့ အခြားအာဖရိက ကစားသမား အများအပြားလည်း လူမျိုးရေး ခွဲခြားမှုတွေ အများကြီး ခံခဲ့ရပါတယ်။

လာလီဂါကတော့ လက်ရှိအချိန်မှာ လူမျိုးရေး ခွဲခြားမှု ဖြစ်ရပ်တွေကို လာမယ့် ၆ လ ဒါမှမဟုတ် ၇ လအတွင်းမှာ လျှော့ချနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လာလီဂါအကြီးအကဲ တီဘတ်စ်က ထုတ်ပြောထားပါတယ်။

လက်ရှိအချိန်မှာ အသင်းသားတွေနဲ့ တာဝန်ရှိသူတွေကလည်း လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ ပွဲမစခင်မှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ စာတန်းတွေ ကိုင်ဆောင်ကာ ဖော်ထုတ်ခဲ့ကြပါတယ်။

Source: Africa News