CNI Sport Article

၂၀၂၃ ခုနှစ်၊ မေလ ၁၄

မြန်မာအမျိုးသမီး အသင်းကတော့ ကမ္ဘောဒီးယားမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာပဲ ထိုင်းအမျိုးသမီးအသင်း ကို ဆီမီးဖိုင်နယ်မှာ အနိုင်ရပြီး ဗိုလ်လုပွဲ တက်လှမ်းသွားခဲ့ပါပြီး။

ထိုင်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေတာကနေ ၄ ဂိုး ပြန်သွင်းပြီး အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ ပြသကာ ပြန်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တကယ်တော့ မြန်မာအမျိုးသမီး အသင်းကို ဒီအဆင့်ထိ ရောက်လာမယ်လို့ကို ဘယ်သူကမှ မျှော်လင့်ထားခြင်း မရှိပါဘူး။ ဒါက အုပ်စုတွင်း မဲခွဲမှုနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲရလဒ်တွေကြောင့် မြန်မာအသင်းဟာ အုပ်စုတွင်းမှာ ဆို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ တစ်အုပ်စုတည်း ကျနေတာကြောင့် အုပ်စုကနေ လှည့် ပြန် လာရမှာပဲလို့ တွေးထင်ခဲ့ကြတာပါ။

ပြီးတော့ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ အိုလံပစ်ခြေစစ်ပွဲမှာ ကိုယ့်ထက် အဆင့်နိမ့်တဲ့ အီရန်အသင်းကို အိမ်ကွင်းမှာ တင် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့် မြန်မာအမျိုးသမီးအသင်းကို ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အိမ်ဖြည့် အဆင့်အနေနဲ့ သတ်မှတ်ခဲ့ကြ တာပါ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အလှည့်အပြောင်း တစ်ခုကို မြန်မြန် ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ရက်ပိုင်း နီးလာတဲ့ အချိန်မှာ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဂျပန် လူမျိုးနည်းပြ တက်ဆူရိုကို ခန့်အပ်လိုက်တာပါ။

မြန်မာနဲ့ထိုင်း ယှဉ်ပြိုင်နေစဉ်

ဂျပန်လူမျိုးနည်းပြဟာ အသင်းကို အချက် ၂ ချက်သာ ပြင်ဆင်ဖို့ အချိန်ရခဲ့တယ်လို့ အုပ်စုပွဲ မတိုင်ခင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါကတော့ အသင်းသားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်ရလာဖို့နဲ့ အသင်းရဲ့ အားသာချက်တွေကို ကောင်းမွန် စွာ အသုံးချနိုင်ဖို့လို့ ပြောခဲ့တာဖြစ်ပြီး ပွဲဦးထွက်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ပွဲမှာတင် သူပြောခဲ့တဲ့ စကားကို အကောင် အထည် ဖော်နိုင်ခဲ့တာပါ။

ကိုယ့်ထက် အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာကြီးမားတဲ့ ဖိလစ်ပိုင်အသင်းကို အကောင်းဆုံး ကစားသွားပြီး ပွဲပြီး ဆုံးချိန်မှာ သွင်းယူတဲ့ ပင်နယ်တီဂိုးနဲ့ အနိုင်ယူပြီး အုပ်စုအဖွင့် လှခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းက မြန်မာ အမျိုးသမီးအသင်းကို မယုံကြည်ခဲ့တဲ့ သူတွေကတောင် အသင်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒုတိယပွဲမှာတော့ ဆီးဂိမ်းစ် လက်ရှိချန်ပီယံ ဗီယက်နမ်ကို အရေးနိမ့်ခဲ့ပါတယ်။

မြန်မာအမျိုးသမီး အသင်းနည်းပြဟာ အားလုံးကို တောင်းပန်ခဲ့ပြီး နောက်ပွဲအတွက် အာရုံစူးစိုက်မှု အပြည့်နဲ့ ပြင်ဆင်ခဲ့တာကြောင့် မလေးရှားအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် မှာ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ထိုင်းအသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအမျိုးသမီး ကစားသမားများကို တွေ့ရစဉ်

မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ တွေ့ဆုံတိုင်း အရေးနိမ့်နေကြဖြစ်တဲ့အတွက် ကြေးတံဆိပ်သာ လုရတော့မယ် လို့ မှတ်ချက်ပေးသူတွေ အများကြီး ရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီး အသင်းနည်းပြကတော့ စကားကို အပိုအလို မပြောဘဲ အကောင်းဆုံး ပြင်ဆင်ပြီး ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းအသင်းဟာ ပွဲအစပိုင်းမှာတင် မြန်မာအသင်းရဲ့ အမှားအယွင်းတွေကို အခွင့်ကောင်းယူပြီး စောစောစီးစီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အားလုံးထင်မှတ်ထားသလို ဖြစ်သွားပြီလားလို့တောင် တွေးခဲ့မိပါတယ်။

ဒါပေမယ့် မြန်မာအသင်းဟာ ဂျပန်နည်းပြ လက်ထက်မှာ ပုံသွင်းထားတဲ့အတိုင်း လုံးဝအရှုံးမပေးဘဲ တိုက်ပွဲဝင် စိတ်ဓါတ် အပြည့်နဲ့ ကစားခဲ့တာကြောင့် ဒုတိယပိုင်းအစ ၁၀ မိနစ်အတွင်းမှာ ထိုင်းအသင်းကို ပြန်ပြီး ဦးဆောင် နိုင်ခဲ့တာပါ။

မြန်မာအသင်း အတွက်တော့ နာကျင်အချိန်ပိုမှာ နောက်ထပ် တစ်ဂိုး သွင်းယူပြီး ထိုင်းအသင်း ပြန်မလာနိုင်အောင် ပါ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲ မစတင်ချိန်မှာ အုပ်စုက လှည့်ပြန်မယ်လို့ အားလုံးက ထင်ထားတဲ့ မြန်မာအမျိုးသမီး အသင်းကတော့ ဆီးဂိမ်းစ် ရွှေတံဆိပ်ဆုကို ရယူနိုင်ဖို့ အနီးဆုံး အနေအထားထိ ရောက်ရှိလာခဲ့တာပါ။

မြန်မာအမျိုးသမီးအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ နောက်ဆုံး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာက ၂၀၀၅ က နောက်ဆုံး ဖြစ်ပြီး ၁၈ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 မြန်မာအမျိုးသမီးအသင်းကိုတွေ့ရစဉ်

ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အမြင့်ဆုံး ငွေတံဆိပ်သာ ရဖူးတဲ့ အမျိုးသမီးအသင်း အတွက်တော့ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆုရနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ အုပ်စုတွင်းမှာ တွေ့ခဲ့တဲ့ ဗီယက်နမ်နဲ့ တွေ့ရတော့မှာပါ။

မြန်မာအသင်း အနေနဲ့ ရွှေတံဆိပ်ဆုကို ရနိုင်မယ်ဆိုရင် ဗီယက်နမ်ကို အနိုင်ရပြီး ရှုံးကြွေးပါ ပြန်ဆပ်နိုင်မယ့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အခွင့်အရေးကို ရယူနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ ဗီယက်နမ်နဲ့ ပွဲမှာ ခြေချော်လက်ချော် ဖြစ်ခဲ့မယ်ဆိုရင်လည်း မြန်မာအသင်းရဲ့ စွမ်းဆောင်ရည်ကို အားလုံးက အသိအမှတ် ပြုနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။

မေလ ၁၅ ရက်မှာ ကစားမယ့် ဗိုလ်လုပွဲမှာ ဗီယက်နမ်ကပဲ လက်ရှိ ဆီးဂိမ်းစ် ချန်ပီယံဘွဲ့ကို ဆက်ထိန်းမှာလား ဒါမှမဟုတ် မြန်မာက ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆု ရယူပြီး အမိမြေကို ပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ရ တော့မှာ ဖြစ်ပါတယ်။