CNI International Article

၂၀၂၃ ခုနှစ်၊ မေလ ၁၄

ပါကစ္စတန် တာဝန်ရှိသူများက ယခုသီတင်းပတ် အစောပိုင်းတွင် အကျင့်ပျက် ခြစားမှု စွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းအား ဖမ်းဆီးထိန်းသိမ်း လိုက်သည်။

ထိုထိန်းသိမ်းမှုပြီးနောက် ပါကစ္စတန်နိုင်ငံ တစ်ဝန်းတွင် လမ်းပေါ်ထွက် အကြမ်းဖက် ဆန္ဒပြမှုများစွာ ပေါ်ပေါက်ခဲ့ ပြီး ထိုဖြစ်ရပ်များက အခြေအနေတစ်ခု၌ ခမ်းအား ထောက်ခံသူများ အနေဖြင့် အင်အားကြီးမားသော လူစုလူဝေး တစ်ခု ဖြစ်ပေါ်လာစေရန် မည်သို့စုစည်း ဆောင်ရွက်နိုင်သည်ကို ဖော်ပြနေသည်။

ဝန်ကြီးချုပ်အား ထိန်းသိမ်းပြီး နာရီပိုင်း အကြာတွင်ပင် ၎င်းအား ထောက်ခံသူများသည် မော်တော်ယာဉ်များ၊ အဆောက်အဦများကို မီးရှို့ခြင်း၊ ရဲတပ်ဖွဲ့နှင့် စစ်တပ် အဆောက်အဦများကို တိုက်ခိုက်ခြင်းတို့ဖြင့် အသက် ၇၀ အရွယ် ဝန်ကြီးချုပ်ဟောင်းအပေါ် တာဝန်ရှိသူများ၏ ဆက်ဆံပုံနှင့် ပတ်သက်သည့် ၎င်းတို့၏ ဒေါသကို ဖော်ပြ ခဲ့ကြသည်။

ခမ်းအား ထောက်ခံသူများသည် ကြီးမားသော အင်အားတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ကာ အစိုးရနှင့် စစ်တပ် အာဏာပိုင်များအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့သည်။

ထို့အပြင် ၎င်းတို့သည် ဖိအားပေးခြင်းဖြင့် နိုင်ငံရေး အခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသည် ဆိုခြင်းကိုလည်း ပြသခဲ့ကြသည်။

အီမရန်ခမ်း ဖမ်းခံရလို့ ထောက်ခံသူများက အကြမ်းဖက် ဆန္ဒပြကြစဉ်

လက်ရှိ အချိန်တွင် ခမ်းအား ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့ပြီ ဖြစ်သော်လည်း ခမ်းအား ထောက်ခံသူများ အနေဖြင့် လမ်းမများပေါ်တွင် ဆက်ရှိကာ အစိုးရကို ကန့်ကွက်မှုများ ဆက်လုပ် နေဦးမည် ဆိုသည်မှာလည်း သေချာနေသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် မည်သူများ ဖြစ်သည်နှင့် မည်သည့် အရာက ၎င်းတို့အား အားကောင်း၍ စိန်ခေါ်နိုင် စွမ်းရှိသော အင်အားတစ်ရပ် ဖြစ်စေသည်ဆိုခြင်းက စိတ်ဝင်စားဖွယ် ကောင်းနေသည်။

ခမ်းသည် ပါကစ္စတန်နိုင်ငံအတွက် စူပါစတားတစ်ဦး ဖြစ်သည်။ အားကစားသမားတစ်ဦး အနေဖြင့် ၎င်းသည် ပါကစ္စတန်အား ၁၉၉၂ ခုနှစ် ခရစ်ကတ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်ပွဲရရှိစေရန် ဦးဆောင်မှု ပေးခဲ့သူ ဖြစ်သည်။

ခရစ်ကတ်သည် ပါကစ္စတန်တွင် လူကြီးလူငယ်မရွေး ကြိုက်ကြသည့် အားကစားနည်း တစ်မျိုးဖြစ်သောကြောင့် ကမ္ဘာ့ဖလား အောင်မြင်မှုသည် ခမ်းအတွက် နိုင်ငံရေးလောကအတွင်းသို့ မဝင်ရောက်ခင်ကပင် လူသန်းပေါင်းများ စွာအတွက် သူရဲကောင်းအဖြစ် ရှိနေစေခဲ့သည်။

ခမ်းသည် ပါကစ္စတန်၏ ပထမဆုံးသော ကင်ဆာဆေးရုံကို တည်ထောင်ခဲ့ကာ သူ၏ အမေနာမည်အား အစွဲပြုစေခဲ့သည်။

၎င်းသည် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ခြင်းအတွက်လည်း အထူးထင်ရှားသည်။ အကျင့်ပျက် ခြစားမှုများဖြင့် ကာလရှည် ရင်ဆိုင်ခဲ့ရသော ပါကစ္စတန်ပြည်သူများအတွက် ခမ်း၏ အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေး သဘော ထားမှာ သည်းခြေကြိုက် ဖြစ်စေခဲ့သည်။

ခမ်းအား ပြည်သူများအပေါ် ယုံကြည်ကိုးစားမှုသည် ၎င်း၏ အနောက်နိုင်ငံများအပေါ် ထားရှိသည့် သဘောထား နှင့်လည်း သက်ဆိုင်နေသည်။ ခမ်းက ၎င်းသည်သာလျှင် အနောက်အုပ်စုကို ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

အမေရိကန်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ပြည်တွင်းရေး အကြောင်းအရာများတွင် နိုင်ငံခြားမှ ကြားဝင်စွက်ဖက်မှု များပြားရာ ပါကစ္စတန်တွင် ခမ်း၏ ပြောစကားသည် အထူးလူကြိုက်များသည့် အကြောင်းအရာ တစ်ခုလည်း ဖြစ်သည်။

ထိုအကြောင်းအရာများကြောင့် ခမ်းသည် လူတန်းစား အလွှာအသီးသီးကို လွှမ်းမိုးထားနိုင်သူ ဖြစ်သည်။

အီမရန်ခမ်း ခရစ်ကတ် ကစားသမားဖြစ်ခဲ့စဉ်က ဆုဖလားရအောင်လုပ်ပေးခဲ့စဉ်

၎င်းအား ထောက်ခံသူများတွင် ပါကစ္စတန်၏ ပင်မနိုင်ငံရေး အင်အားစုနှစ်ခုဖြစ်သော ရှရစ်ဖ်၊ ဘူတို စသည်တို့နှင့် လုံးဝ ပတ်သက်မှုမရှိသော ပညာတတ် ပါကစ္စတန် လူငယ်များလည်း ပါဝင်သည်။

ထိုမျှမက ခမ်း၏ လွှမ်းမိုးမှုသည် လူမှုကွန်ယက် သို့မဟုတ် အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသည့် ကျေးလက် ဒေသများမှ ပညာမတတ်သူများနှင့် ရွှေ့ပြောင်း နေထိုင်သူများ အပေါ်တွင်လည်း လွှမ်းခြုံမှု ရှိသည်။

နိုင်ငံတွင်းရှိ အထက်တန်းလွှာများနှင့် မထူးမခြားနား အခြေအနေအပေါ် စိန်ခေါ်သည့် ခမ်း၏ ပြောစကားများက ထိုလူတန်းစားများကို ညီညွတ်စေခဲ့သည်။

၎င်းသည် ထောက်ခံသူများ၏ စိတ်ကိုလည်း လှုံ့ဆော်မှု ပေးနိုင်ခဲ့သူဖြစ်ကာ ခမ်း၏ လူထုစုဝေးပွဲတိုင်းကို ကျား/မ၊ လူကြီး၊ လူငယ်မရွေးတို့က မိုင်ချီသွားရောက်ရလျှင်ပင် တက်ရောက်လေ့ ရှိကြသည်။

အသက် ၂၀ နှင့် ၃၀ အရွယ် လူငယ်များက ၎င်းအပေါ် ထောက်ခံခြင်းသည် ခမ်း၏ PTI ပါတီ လူမှုကွန်ယက် အပေါ် လွှမ်းမိုးမှုကြောင့် ဖြစ်သည်။ အထူးသဖြင့် တွစ်တာတွင် ဖြစ်သည်။ အီမရန်ခမ်း၏ ထောက်ခံသူ အများစုမှာ ပန်ဂျပ် နှင့် ခါဘာပတ်ရှ်တွန်ခွာ ပြည်နယ်များမှ ဖြစ်သည်။

ခမ်းအား ဖမ်းဆီးမှုကြောင့် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန္ဒပြမှုများတွင် ပါကစ္စတန် အာဏာပိုင်များက တက်ကြွ လှုပ်ရှားသူများစွာနှင့် ခမ်း၏ PTI ပါတီတို့မှ ခေါင်းဆောင်များစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုသို့ ဖမ်းဆီး ထိန်းသိမ်းမှုများရှိသည့် တိုင်ယင်းက ခမ်းအား ထောက်ခံသူများအတွက် အဟန့်အတား မဖြစ်ခဲ့ပေ။

၎င်းတို့အနေဖြင့် ပါတီခေါင်းဆောင် ခမ်းအား ထိခိုက်စေမည့် အရာများကို ခွင့်မပြုကြောင်းပြောကာ ၎င်းအား ဖမ်း ဆီးသည့် ကိစ္စတွင် ၎င်းတို့ သတ်မှတ်ထားသည့် နောက်ဆုံးစည်းကို ကျော်လွန်သည့် မည်သူ့ကိုမဆို လက်တုံ့ပြန် သွားမည်ဟု ကြိမ်းဝါးထားသည်။

ယခုသီတင်းပတ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက် ဆန္ဒပြမှုများသည် ၂၀၀၇ ခုနှစ် နောက်ပိုင်း ပထမဆုံးဖြစ်သည်။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ အီမရန်ခမ်းကိုတွေ့ရစဉ်

၂၀၀၇ ခုနှစ် ထိုစဉ်က ဝန်ကြီးချုပ် ဘနာဇီယာဘူတို လုပ်ကြံ သတ်ဖြတ် ခံခဲ့ရပြီးနောက် သူမကို ထောက်ခံသူများ က ယခုကဲ့သို့ အကြမ်းဖက်မှုများကို ရက်အတန်ကြာ လုပ်ဆောင်ခဲ့သည်။

လက်ရှိအချိန်တွင် လူမှုကွန်ယက်နှင့် မိုဘိုင်း အင်တာနက် အသုံးပြုမှုတို့ကို ပါကစ္စတန် အာဏာပိုင်များဘက်က ကန့်သတ်ထားသော်လည်း ယင်းက ခမ်းအား ထောက်ခံသူများ အချိန်တိုအတွင်း ရာထောင်ချီ စုစည်းနိုင်မှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။

ခမ်းအား ဖမ်းဆီးရာမှ စတင်ခဲ့သည့် နိုင်ငံရေး မတင်မကျ အခြေသည် ပါကစ္စတန်အစိုးရကို သာမက လုံခြုံရေး တပ်ဖွဲ့များနှင့် တရားစီရင်ရေ စနစ်တို့ကိုပါ ခက်ခဲသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

လက်ရှိအချိန်ထိ ခမ်းအား ထောက်ခံသူများက ပါကစ္စတန်အား ရပ်တန့်သွားသည်အထိ လုပ်ဆောင်ခြင်း မရှိသေး သော်လည်း ၎င်းတို့က နေ့စဉ်ဘဝများကို ထိခိုက်စေလျက်ရှိသည်။

ပညာရေး အဖွဲ့အစည်းများ ယာယီ ပိတ်ထားရခြင်းနှင့် အပြင်မထွက်ရခြင်းကြောင့် စားသုံးသူများ၏ သုံးစွဲမှုများ လည်း ကျဆင်းလာသည်။

အုပ်ချုပ်ရေးသည်လည်း ရပ်တန့်သွားခဲ့ကာ စက်မှုလုပ်ငန်းများ နှေးကွေးလာခြင်းအပြင် မိုဘိုင်း အင်တာနက်များ ကို ပိတ်ထားရခြင်းကြောင့် အစားအစာ ပို့ဆောင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဲပလီကေးရှင်းများ အတွက် အကျိုးသက်ရောက်မှုများစွာ ဖြစ်စေခဲ့သည်။

ခမ်းအား ဖမ်းဆီးခြင်းနှင့် ၎င်းအပေါ် အစိုးရဘက်က နှိပ်ကွပ်ရန် ကြံစည်ခြင်းတို့က ဝန်ကြီးချုပ်ဟောင်းအား ထောက်ခံ သူများကို ဆွပေးသကဲ့သို့ ဖြစ်စေကာ ၎င်းတို့အနေဖြင့် ခမ်းအား ကာကွယ်ရန်အတွက် ဘာမဆို လုပ်ဆောင်သွားရန် အသင့်ပြင်ဆင်ထားသည်ဟု ကြွေးကြော်ထားသည်။

Source: AP