CNI International Article

၂၀၂၃ ခုနှစ်၊ မေလ ၇

ယူကရိန်းရှိ ဘတ်မု တိုက်ပွဲအတွင်းမှ ဝဂ်နာစစ်သားများကို ဆွဲထုတ်သွားမည်ဆိုသည့် ဝဂ်နာအဖွဲ့ပိုင်ရှင် ယက်ဗ်ဂျီနီ ပရီဂေါ့ဟင်၏ ပုံမှန်မဟုတ်သော ကြေညာချက်သည် ၎င်းတို့အပေါ် ကျရောက် လာနိုင်ဖွယ်ရှိသည့် အပြစ်တင်မှုများ ရှောင်လွှဲရန် ဆင်ခြေ သို့မဟုတ် နားလည်မှု လွဲခြင်းသာဖြစ်သည်ဟု ရုရှားအရေး ကျွမ်းကျင်သူ များနှင့် စစ်ရေးလေ့လာ သုံးသပ်သူများက ပြောသည်။

သို့သော် ယင်းက ပရီဂေါ့ဟင်နှင့် ရုရှားစစ်တပ် အရာရှိများအကြား တင်းမာမှုများကို ပိုမိုမြင့်တက်လာစေကာ ရှည်ကြာ၍ ထိခိုက် သေဆုံးမှု အများဆုံးဟု သတ်မှတ်နိုင်သော ကိုးလကျော်ကြာ ဘတ်မု တိုက်ပွဲကို အဆုံး မသတ်နိုင်သေးခြင်းအတွက် ရုရှားနိုင်ငံအတွင်း မကျေလည်မှုများ ရှိလာသည် ဆိုခြင်းကိုပါ ဖော်ပြနေသည်။

ပြင်းထန်သော ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ထိခိုက်ဒဏ်ရာများကို ကုစားရန်အတွက် ဝဂ်နာတပ်ဖွဲ့များ သည် မေလ ၁၀ ရက်နေ့တွင် ဘတ်မုစစ်မြေပြင်မှ ထွက်ခွာတော့မည်ဟု ပိုင်ရှင်ဖြစ်သူ ပရီဂေါ့ဟင်က သောကြာနေ့ တွင်ထုတ်ပြန်ကြေညာခဲ့သည်။

မိမိတို့ တပ်ဖွဲ့များအပေါ် ရုရှားစစ်တပ် ဗျူရိုကရက်များ အနေဖြင့် ခဲယမ်းများ ထောက်ပံ့ပေးရန်လည်း ပျက်ကွက် ခဲ့သည်ဟု ၎င်းက စွပ်စွဲသည်။

ဝဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂေါ့ဟင်ကို သေဆုံးနေသော တပ်ဖွဲ့၀င်များ နံဘေးမှာတွေ့ရစဉ်

ပရီဂေါ့ဟင်၏ ပြောစကားသည် ရုရှားသမ္မတ ပူတင်အတွက် ပြင်းထန်သော ရာဇသံ ဖြစ်သော်ငြား ထိုသို့ ပြောဆို ခြင်းသည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

ပရီဂေါ့ဟင်သည် ရုရှားစစ်တပ် အရာရှိများအား မကြာခဏ ဆိုသလို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လေ့ ရှိသူဖြစ်သောကြောင့် ၎င်း၏သောကြာနေ့ပြောစကားသည် စကားလုံးများ သက်သက်သာ ဖြစ်သည်ဟု ယူဆ ချက်များ ရှိသည်။

ယူကရိန်း ဘက်တွင်လည်း ယင်းနှင့်ပတ်သက်၍ အယုံအကြည်ရှိ ပုံမရပေ။

ဝဂ်နာများသည် လာမည့် မေလ ၁၀ ရက် ရုရှား၏ ဒုတိယ ကမ္ဘာစစ်အောင်ပွဲ အခမ်းအနားတွင် ဘတ်မုမြို့ကို အပြီး သတ် သိမ်းပိုက်နိုင်ရေးအတွက် စစ်မျက်နှာပေါင်းစုံမှ တပ်သားများကို စုစည်းလျက်ရှိသည်ဟု ယူကရိန်း ကာကွယ် ရေးဌနာ ဒုတိယဝန်ကြီးက ပြောသည်။

ပရီဂေါ့ဟင်နှင့် ဝဂ်နာတပ်ဖွဲ့ဝင်များသည် ရုရှားစစ်တပ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ခြင်းကြောင့် ၎င်း၏ ပြောစကားကို ယုံကြည်၍မရကြောင်း ရုရှားလုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ကင်ဘာလေ မာတန်က ပြောသည်။

မိမိတို့ စစ်တပ်နှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို ရန်သူများအား ၅ ရက်၊ ၆ ရက်မှ ကြိုတင် အသိပေးသည့် စစ်ဦးစီးမှာ ရူးနေ၍သာ ဖြစ်မည်ဟုလည်း သူမက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ပရီဂေါ့ဟင်သည် ရုရှားကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့အပေါ် မကျေလည်မှုရှိနေ သည်မှာတော့ သေချာသည်။

၎င်းသည် သောကြာနေ့တွင် ဝဂ်နာတပ်သားများဟု ယူဆရသည့် အလောင်းများနံဘေးတွင် ဗွီဒီယိုတစ်ခု ရိုက်ကူးခဲ့ ကာ ယင်း၌ ဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန် ပစ်တင်ခဲ့ပြီး တပ်သားများ ထိခိုက် သေဆုံးမှု အတွက် တာဝန်ရှိသူများ ပြန်လည် ပေးဆပ်ရမည်ဟု ကြုံးဝါးပြောဆို ခဲ့သည်။

သို့သော် ယခုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုများကို ပရီဂေါ့ဟင် အနေဖြင့် ၎င်းလိုချင်သည့် ခဲယမ်းနှင့်တပ်သား အင်အားရရှိရန် ရုရှားစစ်တပ်နှင့်အစိုးရအား အကြပ်ကိုင်မှု ဖြစ်နိုင်သည်ဟု တစ်ချို့က သုံးသပ်သည်။
ဘတ်မုမြို့ကို လွယ်လွယ်နှင့် ဆုံးရှုံးခံမည် မဟုတ်သည့် ရုရှား၏ အခြေအနေကြောင့်လည်း ထိုအချက်မှာ အလုပ် ဖြစ် နိုင်ဖွယ်ရှိသည်။

ဘတ်မုမှ ဝဂ်နာများ အမှန်တကယ် ဆုတ်ခွာခဲ့လျှင် ဘတ်မုမြို့ အပါအဝင် အားလုံးကို ဆုံးရှုံးရလိမ့်မည်ဟု ရုရှား စစ်ရေး ဘလော့ဂါတစ်ဦးက ပြောသည်။

ဝဂ်နာများသည် ရုရှားစစ်တပ်၏ ထိရောက်မှု အရှိဆုံး ခြေလျင်တပ်ဖွဲ့များ ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ လိုအပ် သည်များကို ထောက်ပံ့ပေး ရမည်ဖြစ်ကြောင်းနှင့် ရုရှားအနေဖြင့် အောင်ပွဲများ ရယူလိုလျှင် အတွင်းပိုင်း ဗျူရို ကရက်တစ် ပဋိပက္ခများကို လျှော့ချရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ရုရှားစစ်ဦးစီးအရာရှိကို တွေ့ရစဉ်

ဝဂ်နာများ ဘတ်မုမှ ဆုတ်ခွာမည်ဆိုလျှင် လစ်လပ်သွားမည့် စစ်မြေပြင်နေရာများကို ရုရှားစစ်သားများ အလျင်အမြန် အစားထိုး ဝင်ရောက်ရမည်ဟု သြစတြီးယား ပညာရှင်တစ်ဦးကသုံးသပ်သည်။

ပရီဂေါ့ဟင်၏ ပြောစကားအတိုင်း အမှန်တကယ် ဖြစ်လာလျှင် ယင်းက ရုရှားသမ္မတနှင့် ကာကွယ်ရေးဝန်ကြီးတို့ အတွက် အိမ်မက်ဆိုးကြီး ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

ပရီဂေါ့ဟင်၏ ပြောစကားသည် ဘတ်မု တိုက်ပွဲတွင် အောင်မြင်မှု မရရှိခြင်းနှင့် ပတ်သက်၍ ၎င်းအပေါ် ကျ ရောက် လာနိုင်သည့် အပြစ်တင်မှုကို ရှောင်လွဲရန် ကြိုးပမ်းမှုဖြစ်ပြီး ထိုပြောစကားတွင် ဘတ်မုအားသိမ်းပိုက်ရန် အခက်အခဲများစွာ ရှိနေသည်ကို မြင်တွေ့ရသည်ဟု လန်ဒန်အခြေစိုက် လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ကရင်မလင်၏ ခွင့်ပြုချက် မရှိပါဘဲ ပရီဂေါ့ဟင် အနေဖြင့် ဘတ်မု စစ်မြေပြင်မှ တပ်ဖွဲ့များကို ရုတ်သိမ်းရဲလားဟု ၎င်းက မေးခွန်းထုတ်ခဲ့ပြီး ပူတင်အနေဖြင့် ဝဂ်နာများအား ဘတ်မုတွင် ဆက်ရှိစေလိုလျှင် ဆက်ရှိနေစေရန် နည်း လမ်း မျိုးစုံကို အသုံးပြုသွားလိမ့်မည်ဟု ပြောသည်။

ရုရှားစစ်တပ် အရာရှိများသည် ဝဂ်နာများအား ထိုးကျွေး၍ ရသူများအဖြစ် ဆက်ဆံနေကြောင်း၊ ပရီဂေါ့ဟင် စကား သည် လိမ်ညာမှု သို့မဟုတ် ၎င်းတွင် တပ်ဖွဲ့ဝင်အင်အား သိသိသာသာ နည်းပါးနေမှုကြောင့် ဖြစ်နိုင်သည်ဟု ပင်တဂွန် ထိပ်တန်းအရာရှိ ဟောင်းတစ်ဦးကလည်း သုံးသပ်သည်။

ဝဂ်နာတပ်ဖွဲ့ဝင်များသည် ရုရှားစစ်တပ်၏ ထိရောက်မှုအရှိဆုံး တပ်ဖွဲ့များမှ တစ်ခုဖြစ်သည်ဟု အ နောက်အုပ်စု ထောက်လှမ်းရေးများက သတ်မှတ်ထားသည်။

ဝဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂေါ့ဟင်ကို တွေ့ရစဉ်

ထိခိုက်သေဆုံးမှု ဒဏ်ခံနိုင်မှုနှင့် လူအင်အား အလုံးအရင်းဖြင့် သုံးကာ တိုက်ခိုက်နိုင်မှု စွမ်းရည်တို့ကြောင့် ဖြစ်သည်။

ဝဂ်နာအဖွဲ့ကို စစ်သားဟောင်းများ၊ အထူးတပ်ဖွဲ့ဝင်ဟောင်းများ ပါဝင်သော အင်အား ၁၀၀၀၀ ခန့်ဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့အတွက် သွေးသစ်လောင်းနိုင်မှု အရှိန်မှာ ကျဆင်းလျက်ရှိသည်။
အဖွဲ့၏ လူသစ်စုဆောင်းရေအတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်သော ထောင်ထဲမှ အကျဉ်းသားများအား တပ်သားသစ် အသုံးပြုခြင်းကို ရုရှားကာကွယ်ရေးဌာနက ဖေဖော်ဝါရီလတွင် ရပ်တန့်လိုက်ခြင်းကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် ဝဂ်နာအဖွဲ့အတွင်း၌ တိုက်ပွဲဝင်နေသည့် အကျဉ်းသားအရေအတွက် ၄၀၀၀၀ နီးပါး ရှိသည်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့ကခန့်မှန်းထားသည်။

ဝဂ်နာအဖွဲ့သည် အဖွဲ့ဝင် အင်အားတိုး ချဲ့နိုင်ရေးအတွက် လူသစ် စုဆောင်းရေး စင်တာများဖွင့်ကာ ကြိုးပမ်းလျက် ရှိသလို တစ်ချိန်တည်းမှာပင် ရုရှားစစ်တပ်သည်လည်း စစ်သားသစ်များ စုဆောင်းရေးကို လုပ်ဆောင်လျက်ရှိ သည်။

ဘတ်မု တိုက်ပွဲတွင် ထောင်များမှ ထောင်သားတစ်ဖွဲ့လဲ တပ်ဖွဲ့ဝင်များအပြင် ဝဂ်နာ၏ ကြေးစားစစ်သည်များ ပါဝင်နေ ခြင်းက ပူတင်အတွက် အင်အာားဖြည့် စစ်သားအင်အား စုစည်းခြင်းကို ရှောင်လွဲခွင့်ရစေသည်ဟု မာတန်က ပြောသည်။

ဘတ်မု တိုက်ပွဲနှင့် ပတ်သက်၍ အဖွဲ့၏ ရပ်တည်ချက် မည်သို့ပင် ဖြစ်စေကာမူ ပရီဂေါ့ဟင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့် ထင်ပေါ်ကျော်ကြား လိုမှုများကြောင့် ဝဂ်နာများသည် ရုရှားစစ်တပ်၏ အရေးပါသော အစိတ်အပိုင်းများအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

လက်ရှိတွင် ယူကရိန်း၏ မာရီယူပေါလ် ဒေသအား သိမ်းပိုက်ရေးတွင် လက်သံပြောင်ခဲ့သည့် ရုရှားစစ်တပ်အရာရှိ တစ်ဦးကို ဝဂ်နာအဖွဲ့က တပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်ဟုလည်း စစ်ပွဲလိုလားသည့် ရုရှားဘလော့ဂါများက ပြောသည်။

ထိခိုက်ဆုံးရှုံးမှုများကို ကုစားရဦးမည် ဖြစ်ကြောင်း၊ အမိမြေအနေဖြင့် အန္တရာယ် ကျရောက်လာမည်ဆိုလျှင် ကာကွယ်ရန် အဆင်သင့်ရှိနေကြောင်း၊ ရုရှားပြည်သူများအတွက် ဝဂ်နာအဖွဲ့ အသင့်ရှိနေကြောင်းလည်း ပရီဂေါ့ဟင်က သောကြာနေ့တွင် ပြောခဲ့သည်။

Source: NSN